တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ရန် ကြိုးစားနေသည့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် စစ်ကောင်စီလေတပ်က ဆေးရုံ၊ ဆေးခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဧပြီ ၂၈) မွန်းလွဲပိုင်းတွင် ကန်ပက်လက်မြို့နယ် လွန်ဒုံရွာ ဆေးပေးခန်းကို တိုက်ခိုက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် မြို့နယ်ချင်းကပ်လျက် မင်းတပ်မြို့နယ်မှ ဝမ္မသူးဆေးရုံကိုလည်း တိုက်ခိုက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။
“ကျွန်မတို့ကတော့ တမင်ခြိမ်းခြောက်တယ်လို့ပဲ ယူဆပါတယ်။ မနေ့က ၁ နာရီ ၃၀ မှာ လွန်ဒုံကျေးရွာကို Air strike လုပ်ပြီး ၁ နာရီ ၃၃ မှာပဲ ဝမ္မသူးကို ထပ်မံကြဲတာဆိုတော့ ဆေးခန်းတွေကို ဦးတည်မှန်းတော့ သိသာပါတယ်” ဟု ကန်ပက်လက်မြို့နယ် ပအဖအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဝမ္မသူးတိုက်နယ်ဆေးရုံသည် ဧပြီ ၂၅ ရက် ညပိုင်းကလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့ရသဖြင့် လူနာ ၄ ဦးနှင့် လူနာစောင့် ၁ ဦး သေဆုံးခဲ့သည်။
လွန်ဒုံရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃ ဦးအနက် အသက် ၆၈ နှစ်အရွယ် အမျိုးသားမှာ ညနေတွင် သေဆုံးသွားကြောင်း ကန်ပက်လက်ပအဖထံမှ သိရသည်။
အိမ်ခြေ ၃၀ ခန့်ရှိ လွန်ဒုံရွာတွင်ရှိသော ဆေးခန်းမှာ ကျေးလက်ဆေးပေးခန်းအဆင့်ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် လည်ပတ်နိုင်ခြင်းမရှိဟု ကန်ပက်လက်ပအဖအဖွဲ့က ဆိုသည်။
ကျင်ဒွေးမြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ ချင်းဒေသကာကွယ်ရေးအဖွဲ့များနှင့် PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စခန်းရလုနီးချိန်တွင် စစ်တပ်က လေကြောင်းမှ အင်အားဖြည့်တင်းလိုက်နိုင်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ထို့နောက် မတ်လဆန်းမှစတင်ကာ ကျင်ဒွေးမြို့သိမ်းနိုင်ရေးအတွက် ချင်းညီနောင်အဖွဲ့က အာရက္ခတပ်တော်၏ အကူညီဖြင့် ကြိုးပမ်းနေကြောင်း သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့က မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံကို ထပ်မံလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း ဆေးရုံအဆောက်အအုံများ ထပ်မံပျက်စီးခဲ့ကြောင်း သိရသည်။
မင်းတပ်မြို့၊ မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ ဝမ္မသူးတိုက်နယ်ဆေးရုံကို ဧပြီ ၂၅ ရက် ညပိုင်းတွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် သုံးရက်အကြာတွင်ပင် ထပ်မံတိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် သေဆုံးမှုမရှိသော်လည်း တောင်ယာတဲနှင့် လူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
“ဆေးရုံမှာက ဘယ်သူမှ မရှိတော့ဘူး။ ဘာမှလည်း ရစရာမရှိတော့ဘူး။ အဲ့ဒါကိုပဲ ထပ်ကြဲသွားတာ။ ဆေးရုံရဲ့ မုခ်ဦးရှေ့က အလံတိုင်စိုက်ထားတဲ့ အုတ်မြစ်လေးရှိတယ်။ အဲ့ဒီအုတ်မြစ်က အမြစ်ကနေ ကျွတ်ထွက်သွားပြီး တွင်းကြီး ဖြစ်သွားတယ်၊ ၄၊ ၅ ပေလောက် နက်မယ်ထင်တယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။
ဧပြီ ၂၅ ရက် ထိုတိုက်ခိုက်မှုတွင် အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး နောက်တစ်ရက်တွင် ဒဏ်ရာပြင်းထန်သူ ၁ ဦး သေဆုံးခဲ့သဖြင့် လက်ရှိအချိန်ထိ သေဆုံးသူ ၅ ဦးထိရှိသည်ဟု ဆလိုင်းယောမန်က ပြောသည်။
သေဆုံးသူများမှာ အသက် ၂၀ နှင့် ၃၀ ကြား လူငယ်များဖြစ်ပြီး လူနာ ၄ ဦးနှင့် လူနာစောင့် ၁ ဦးတို့ဖြစ်သည်။ သေဆုံးသူများအနက် ၂ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ပြီး ပြင်းထန်ဒဏ်ရာရသူများအနက် ၃ ဦး သေဆုံးခဲ့ရာ သေဆုံးသူ ထပ်တိုးလာခြင်းဖြစ်သည်။
“ခြေထောက်တစ်စုံ ခုတင်ပေါ်မှာ တွေ့တယ်။ မ.. လိုက်တော့ ခြေထောက်တစ်ဖက်ကပဲ ခုတင်ပေါ်မှာ ရှိနေတာ။ ကိုယ်တစ်ခြမ်းက အကုန်လုံးက အောက်ကပြိုတဲ့ အုတ်ခဲတွေဖိလို့ ခေါင်းက ပွင့်ထွက်နေပြီ။ ပွဲချင်းပြီးသေသွားတာပဲ။ သူ့ကို မ..ပြီး ဆေးရုံပြတင်းပေါက်ကနေ သူ့ကို သယ်သွားတဲ့အချိန်မှာပဲ ခေါင်းထဲက ဦးနှောက်ခဲကြီးတစ်ခုလုံးက ထွက်ကျလာရော။ အဲ့ဒီဦးနှောက်ခဲကို စောင်ထဲ ထည့်ပြီး သယ်သွားတာ” ဟု ထိုနေ့က အဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ဆလိုင်းယောမန်က ပြောသည်။
“နောက်တစ်လောင်းကလည်း ခုတင်အောက်မှာ။ လည်ပင်းတွေရော ရင်ဘတ်တွေရော ပေါင်တွေရော အကုန်လုံး အပေါက်လိုက်ဖြစ်ပြီး သေသွားတာ”
ပထမနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးဝါးပစ္စည်းများ၊ ဆေးရုံလည်ပတ်နိုင်ရန် သိုလှောင်ထားသည့် စက်သုံးဆီများ စုဆောင်းထားရာ အဆောင်နှင့် လူနာဆောင်တို့ ပျက်စီး ပြိုကျသွားပြီး ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
“၈ လက်မ၊ ၁၀ လက်မလောက်ထူတဲ့ အုတ်နံရံက အကုန်လုံးကို အပေါက်တွေဖြစ်တာနဲ့ ပြိုလဲနေတာနဲ့ ဖြစ်တယ်။ ခေါင်မိုးက ဘာမှရစရာမရှိတော့ဘူး။ မျက်နှာကြက်တွေ၊ သံဖရိန်တွေ၊ သွပ်တွေရော အကုန်လုံးက အောက်ကို ပြုတ်ကျနေတာ။ အဲ့ဒီထဲကနေ လူနာတွေသယ်၊ တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်ရတာ” ဟု ဆလိုင်းယောမန်က ပြောသည်။
ဆေးရုံဆေးခန်းများ တည်ရှိသည့်နေရာကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသလို ကန်ပက်လက်မြို့နယ်အတွင်း အခြေအနေကိုလည်း စစ်တပ်၏ အင်တာနက်စာမျက်နှာတွင် ပြီးခဲ့သည့် ရက် ၃၀ အတွင်း ဖော်ပြထားခြင်း မရှိသေးပေ။
ဝမ္မသူးဆေးရုံအတိတ်နှင့် အနာဂတ်
ဝမ္မသူးတိုက်နယ်ဆေးရုံသည် နှစ် ၃၀ ကျော် သက်တမ်းရှိ ဆေးရုံတစ်ခုလည်းဖြစ်သည်။ အာဏာမသိမ်းမီက စစ်ဆရာဝန်တစ်ဦးသာ ထိုင်ခဲ့သည့် ဆေးရုံဖြစ်ခဲ့သည်။ စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုရရှိလာပြီးချိန်တွင် CDM ဆရာဝန် ၃ ဦး၊ သူနာပြု ၆ ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်းများဖြင့် ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ဆေးရုံဖြစ်သည်။
မင်းတပ်မြို့နယ်သာမက ကန်ပက်လက်၊ မတူပီ၊ မကွေးတိုင်း ယောနယ်မှသည် စစ်ကိုင်းတိုင်းမှ ပြည်သူများအထိ အားထားရသည့် ဆေးရုံဖြစ်ပြီး ဦးနှောက်ခွဲစိတ်မှုမှအပ ခွဲစိတ်မှုအကြီးစားများ လုပ်ဆောင်နိုင်သည့် ဆေးရုံဖြစ်သည်ဟုလည်း သိရသည်။
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်း မင်းတပ်မြို့နယ်တွင်း စစ်တပ်က မြေပြင်စစ်ကြောင်းထိုးနိုင်စဉ် ဝမ္မသူးဆေးရုံကို ဖျက်ဆီးမှုများရှိခဲ့သည်။ မင်းတပ်မြို့ပေါ်ရှိ အမှတ် (၂၇၄) တပ်ရင်းစခန်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုအကြိမ် ၅၀ ခန့်ရှိကြောင်း သိရသည်။
ဆေးရုံကို တိုက်ခိုက်မှုကြောင့် ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု ထိခိုက်ရသည်ဟု ကိုယောမန်က ဆိုသည်။
“တစ်ပတ်၊ နှစ်ပတ်အတွင်းမှာကို အခက်အခဲဖြစ်နေတယ်။ အချိန်ကြာလာတာနဲ့အမျှ အခက်အခဲကြီးမားသထက် ကြီးမားလာပြီး အကုန်လုံး ဒုက္ခရောက်မယ့်အခြေအနေမျိုးဖြစ်မှာပဲ”
ခွဲစိတ်ခန်းနှင့် လူနာဆောင်များ ပြန်လည်ဆောက်လုပ်ကာ ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံးစတင်နိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ဆလိုင်းယောမန်က ပြောသည်။
“ခွဲစိတ်ခန်းအသေးလေးတွေ နှစ်ခုလောက် ဆောက်မယ်။ လူနာဆောင်အသစ်ကိုလည်း တခြားနေရာအသစ် လုံခြုံ လျှို့ဝှက်တဲ့နေရာမှာ ဆောက်မယ်။ ဆရာဝန်တွေက လှည့်ပြီးသွားနေမယ်။ တစ်နေရာတည်းမှာ အတည်တကျ မနေတော့ဘူး”
အသစ်မှ ပြန်စရမည်ဖြစ်ခြင်းကြောင့် လူနာတင်ယာဉ်၊ ဆိုင်ကယ်၊ ခုတင်၊ ဆေးဝါးပစ္စည်း၊ ဆေးရုံဆောင်၊ ခွဲစိတ်ပစ္စည်း၊ မီးစက်နှင့် စက်ကိရိယာများ လိုအပ်နေပြီး ထိုပစ္စည်းများ ဝယ်ယူနိုင်ရန် ကျပ်သိန်း ၁,၅၀၀ ခန့် ကုန်ကျနိုင်သည်ဟုလည်း သိရသည်။
အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်အတွင်း ပြည်သူ့ဆေးရုံ၊ ဆေးခန်း ၃၄၀ ကျော်ကို စစ်တပ်က ဖျက်ဆီးခဲ့သည်။ ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦးကို သတ်ဖြတ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက် လပိုင်းအကြာတွင် မင်းတပ်မြို့နယ်ဒေသခံတို့က တူမီးကိုင်ကာ စစ်တပ်ကို စတင်ခုခံခဲ့သည်။ ၃ နှစ် ကျော်အကြာတွင် မင်းတပ်မြို့နယ်၏ ၈၀ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။
မင်းတပ်မြို့နယ်တွင် စစ်ကြောင်းမထိုးနိုင်သည့် စစ်တပ်က လေကြောင်းပစ်ခတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကို ပိုမို အားပြုနေသည်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းမှ ၄ လနီးပါး ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။