သတင်း

ချင်းတပ်များ ကျင်‌ဒွေးမြို့ကို သိမ်းရန် AA အကူအညီဖြင့် ကြိုးစားနေဟုဆို

ကန်ပက်လက်မြို့နယ်ရှိ မြို့ငယ်တစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ကြိုးစားနေသည်ဟု AA နှင့် ရင်းနှီးသည့် ချင်းတော်လှန်ရေးအင်အားစုက ထုတ်ပြန်လိုက်သည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် (AA) ၏ အကူအညီနှင့် ဖော်ဆောင်နေကြောင်း ချင်းတော်လှန်ရေးအင်အားစုများဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်အဖွဲ့က ယမန်နေ့က ထုတ်ပြန်လိုက်သည်။

ကျင်ဒွေးမြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ချင်းဒေသကာကွယ်ရေးအဖွဲ့များနှင့် PDF တို့ ပူးပေါင်းပြီး စတင်တိုက်ခိုက်ခဲ့ရာ စခန်းရလုနီးပါးအချိန်တွင် စစ်တပ်က လေကြောင်းမှ အင်အားဖြည့်တင်း ကာကွယ်သဖြင့် ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။

ထို့နောက် မတ်လဆန်းမှစတင်ကာ ကျင်ဒွေးမြို့ကို သိမ်းရန် ချင်းညီနောင်အဖွဲ့က တစ်ကျော့ပြန် တိုက်ခိုက်နေခြင်းဖြစ်သည်။

ချင်းညီနောင်အဖွဲ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ((MTC/ MDF) နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ (၁) တို့ စုဖွဲ့ထားသည်။

ချင်းညီနောင်အဖွဲ့မှာ AA နှင့် ရင်းနှီးပြီး ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် AA အကူအညီနှင့် တိုက်ခိုက်နေခြင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကျင်ဒွေးမြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီက လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ပြီး စစ်အင်အားများကိုလည်း လေကြောင်းမှတစ်ဆင့် ဖြည့်တင်းပေးနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၂၃ ရက်နေ့တွင် စစ်ကူအင်အား ၁၀၀ ကျော် ထပ်မံဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကျင်ဒွေး – ကန်ပက်လက်လမ်းနှင့် ကျင်ဒွေး – လောင်းရှည်လမ်းဆုံတို့တွင် တစ်ပတ်နီးပါး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိုစစ်ကူများ နောက်ဆုတ်ပြီး လောင်းရှည် (ကပစ) ထဲသို့ ပြန်ဝင်သွားကြောင်း ယမန်နေ့က ချင်းညီနောင်ထုတ်ပြန်ချက်အရ သိရသည်။

တစ်လနီးပါးအကြာ ဧပြီ ၂၀ ရက်နေ့တွင် ကျင်ဒွေးမြို့ အနောက်တောင်ဘက်တွင် လေကြောင်းမှတစ်ဆင့် အင်အား ၁၆၀ ကျော် ထပ်မံဖြည့်တင်းလာသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း ချင်းညီနောင်အဖွဲ့က ဆိုသည်။

 ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) အဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ – CDF Kanpetlet)

လေတပ် အကြိမ်ကြိမ်ဗုံးကြဲမှုကြောင့် မြို့တွင်း နေအိမ်အများအပြား ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

ကျင်ဒွေးမြို့သည် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းတို့ ဆုံတွေ့သည့်နေရာတွင် တည်ရှိသည်။

နယ်နိမိတ်ချင်း ထိစပ်နေသည့် မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့တွင် အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ခေါ် စစ်တပ်၏ လက်နက်စက်ရုံရှိသည်။

ကျင်ဒွေးမြို့ရှိ စစ်စခန်းမှာ AA ၏ လှုပ်ရှားမှုကို တန်ပြန်ရန် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဗိုလ်ကြီးကောင်းသူဝင်းက သုံးသပ်သည်။

“ကျင်ဒွေးကလည်း အရင်ကတည်းက စစ်ဗျူဟာအရ အရေးကြီးတဲ့၊ ရခိုင်ဘက်ကို ဖြတ်ဝင်တဲ့ လက်နက်ခဲယမ်းတွေကို ပိတ်ဖို့ဆိုပြီးတော့ တပ်ကို တည်ထားတာ၊ တပ်စခန်းသွားဆောက်ထားတာပေါ့။ ၂၀၁၉ လောက်ကပေါ့။ အစတုန်းက အဲ့ဒီဘက်တွေမှာ တပ်တောင် မရှိတဲ့အနေအထားမျိုးတွေ။ အဓိကကတော့ အရင်တုန်းက AA အတွက် ရည်ရွယ်ပြီး ပိတ်ထားတဲ့နေရာပေါ့” ဟု အာဏာဖီဆန်ပြီး စစ်တန်းလျားကို ကျောခိုင်းထားသူ ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးကောင်းသူဝင်းသည် မတူပီမြို့၊ စစ်ဗျူဟာအခြေချအဖွဲ့မှ စစ်ရေးအရာရှိ၊ တတိယတန်းစစ်ထောက်ဖြစ်ပြီး ၂၀၂၁ ဒီဇင်ဘာလကုန်ပိုင်းတွင် ကာကွယ်ရေးအဖွဲ့များထံ ပူးပေါင်းလာသူဖြစ်သည်။

စစ်တပ်က အင်အားကြီး AA ကို ပြန်လည် ထိုးစစ်ဆင်သည့်အခါ ကျင်ဒွေးဒေသသည် အဓိကကျလာမည့်နေရာဖြစ်သောကြောင့် စစ်တပ်က အပြင်းအထန် ခုခံတုံ့ပြန်နေရခြင်းဖြစ်သည်ဟု ကန်ပက်လက်ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

“အဓိကကတော့ ရခိုင်မြောက်ပိုင်းမှာ AA ကနေ သိမ်းပိုက်ထားတဲ့မြို့တွေကို သူ့အနေနဲ့ ထိုးစစ်ပြန်ဆင်ဖို့ဆိုရင် ဒီစခန်းတွေက အဓိက သူတို့ရဲ့ ဒေါက်တိုင်စခန်းကြီးတွေ ဖြစ်လာနိုင်တယ်။ ဒီဟာတွေသာ ကျသွားတယ်ဆိုရင် ဟိုဘက်ကဟာတွေက လုံးလုံးလျားလျား လက်လွှတ်ရနိုင်တယ်” ဟု အဆိုပါ ဒေသခံက သုံးသပ်သည်။

“ရခိုင်မြောက်ပိုင်းကမြို့တွေက လုံးလုံးလျားလျား လက်လွှတ်ရပြီးတော့ သူတို့ရဲ့ထိုးစစ်က ချင်းပြည်အတွင်းမှာပဲ တန့်သွားနိုင်မယ်။ ဒီလိုအနေအထားတွေကြောင့် သူတို့က လက်မလွှတ်ချင်တဲ့အနေအထား”

စစ်ကောင်စီကမူ ထိုမြို့ရှိ တိုက်ပွဲအကြောင်း သတင်းထုတ်ပြန်ခြင်း မပြုပေ။ တိုက်ပွဲသတင်းတချို့ကို ရံဖန်ရံခါ အနည်းငယ်ဖော်ပြသည့် စစ်တပ်၏ အင်တာနက်စာမျက်နှာတွင် ချင်းပြည်နယ်အကြောင်းကို ပြီးခဲ့သည့် ရက် ၃၀ အတွင်း ဖော်ပြခဲ့ခြင်း မရှိပေ။

 ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) အဖွဲ့ဝင်များကိုတွေ့ရစဉ် (ဓာတ်ပုံ – CDF Kanpetlet)

စစ်တပ်အာဏာမသိမ်းမီက ကျင်ဒွေးမြို့တွင် စစ်တပ်နှင့် ရဲအင်အား တပ်ဖွဲ့ဝင် ၅၀ နီးပါးဖြင့် တပ်စွဲထားသော်လည်း နောက်ပိုင်းတွင် မြို့ထဲမှ လူငယ်များကို ပျူစောထီး ခေါ် ပြည်သူ့စစ်သင်တန်းများပေးပြီး လက်နက်တပ်ဆင်ပေးခြင်း၊ စစ်အင်အားဖြည့်တင်းထားခြင်းတို့ကြောင့် ယခုအခါ လက်နက်ကိုင်အင်အား ၁၀၀ ကျော်ရှိနေကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့ကို AA က ယခုနှစ် ဖေဖော်ဝါရီလတွင် သိမ်းပိုက်ထားပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အခြေချဗျူဟာကုန်းများအပါအဝင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ကူညီပေးနေသည့် AA ကို အထူးကျေးဇူးတင်သည်၊ မြို့ကို သိမ်းပိုက်ရရှိသည်အထိ အရှိန်မြှင့်ဆက်လက်တိုက်ခိုက်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၁ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံလိုသူအများအပြား AA ထိန်းချုပ်နယ်မြေတွင် စစ်ပညာသင်ယူကြရာ ထိုသူများထဲတွင် ချင်းလူငယ်များလည်း အများအပြားပါဝင်သည်။

ချင်းပြည်နယ်တွင် သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင် ချင်းအမျိုးသားတပ်ဦး (CNF)၊ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် မျိုးနွယ်စု၊ ဒေသအလိုက် စုဖွဲ့ထားသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးမှု ပိုမိုကျယ်ပြန့်လာချိန်တွင် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ချင်းတော်လှန်ရေးအုပ်စုများကြား သဘောထားကွဲလွဲနေသဖြင့် စစ်တပ်ကို တိုက်ခိုက်သည့်လှုပ်ရှားမှုများ အားနည်းသွားမည်ကို ဒေသခံတချို့က စိုးရိမ်နေသည်။

ချင်းအမျိုးသားတပ်ဦး ဦးဆောင်ပြီး “ချင်းပြည်ကောင်စီ” ကို ဖွဲ့စည်းထားကာ ချင်းညီနောင်အဖွဲ့မှာမူ “ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ” နှင့် ပူးတွဲဆောင်ရွက်လျက်ရှိသည်။

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သော PDF (Zoland) လှုပ်ရှားရာ တီးတိန်မြို့ပေါ်တွင် ချင်းအမျိုးသားတပ်ဦးအနေဖြင့် တိုက်ပွဲမဖော်ဆောင်ရန် အကြောင်းကြား ပေးပို့သည့် စာတစ်စောင် ပြီးခဲ့သည့်ရက်ပိုင်းက အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွင် ပေါက်ကြားလာကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Zalen က ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ချင်းပြည်နယ် ရိခေါရ်ဒါမြို့၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပြီး စစ်တပ် စခန်းစွန့်ခွာသွားသည့် မကွီအိမ်နူး၊ နှာရိန်၊ ဝေဘူလနှင့် ဆူခွာတို့ကိုလည်း တော်လှန်ရေးအင်အားစုများက နယ်မြေထိန်းချုပ်ထားသည်။

Show More

Related Articles

Back to top button