မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၂၉) နေ့လယ်က ပျက်ကျသွားခဲ့သည့် တိုက်လေယာဉ်ပေါ်မှ လေထီးဖြင့် ခုန်ချသွားသည့် လေယာဉ်မှူး ၂ ဦးကို စစ်တပ်က ရှာဖွေကယ်ဆယ်သွားကြောင်း ဒေသခံများနှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အမျိုးအစားအတည်မပြုနိုင်သေးသည့် တိုက်လေယာဉ်သည် စလင်းမြို့မှ ၅ မိုင်ခန့်အကွာ ပွင့်ဖြူမြို့၊ တောဆိပ်တိုက်နယ်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံက ပြောသည်။
“ကြိုဝန်းရွာအနောက်တောင်ဘက် လယ်ကွင်းထဲမှာ ပျက်ကျတာ။ စလင်းမှာက ၂၅၃၊ ၂၅၄၊ ၂၅၅ ရှိတာ။ ပျက်ကျတဲ့နေရာက ခြေလျင်တပ်ရင်းတွေနဲ့ အရမ်းနီးသွားပြီ။ ပျက်ကျတာက တော်လှန်ရေးနယ်မြေဘက်တော့ မဟုတ်ဘူး” ဟု သူက ဆိုသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စလင်းမြို့နယ်သည် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ ခြေလျင်တပ်ရင်းများဖြစ်သည့် ၂၅၃၊ ၂၅၄၊ ၂၅၅ တို့ အခြေစိုက်ထားသည့်မြို့နယ်ဖြစ်ပြီး စစ်ကောင်စီလေတပ်ဌာနချုပ်ရှိရာ မကွေးမြို့နှင့် မိုင် ၅၀ ခန့်သာ ကွာဝေးသည်။
စစ်ကောင်စီတပ်သား အများအပြားသည် လေယာဉ်ပျက်ကျသည့်နေရာသို့ မိနစ်အနည်းငယ်အတွင်း ရောက်ရှိလာပြီး လေယာဉ်မှူးများကို လိုက်လံရှာဖွေခဲ့သည်ဟု မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောသည်။
“နှစ်ယောက်ကတော့ ပျက်ကျတဲ့အချိန်မှာ လေထီးနဲ့ ခုန်ချပြီး လွတ်မြောက်သွားတယ်။ ပျက် (ကျ) တဲ့နေရာက စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာပါ။ လေယာဉ်ပျက်ကျပြီးတဲ့နောက်မှာ MI 17 နဲ့ လာပြီးတော့ ဝဲပေးပြီး လေယာဉ်မှူးနှစ်ဦးကို ခေါ်တယ်။ မြေပြင်ကနေ ရဲတို့၊ စစ်သားတို့က လုံခြုံရေးယူပေးထားတဲ့ အနေအထားတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
၁၅ မိနစ်ခန့်ကြာ ရှာဖွေခဲ့ပြီးနောက် လေယာဉ်မှူး ၂ ဦးကို စစ်တပ်က ရှာဖွေတွေ့ရှိခဲ့ပြီး ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း၊ မြေပြင်သတင်းများအရ လေယာဉ်မှူး ၂ ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ဟုလည်း သိရကြောင်း ၎င်းက ဆက်ပြောသည်။
လေယာဉ်မှူးများကို ကယ်ဆယ်ရေးမှာ စစ်ကောင်စီအတွက် အရေးကြီးလုပ်ငန်းတစ်ခုဖြစ်သည်။
စစ်လေယာဉ်များက အရပ်ဘက်ပစ်မှတ်များကိုပါ မကြာခဏ တိုက်ခိုက်နေသဖြင့် ထိုလေယာဉ်မှူးများ အကာအကွယ်မရှိပါက အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သလို တော်လှန်ရေးအဖွဲ့၏ ဖမ်းဆီးမှုနှင့်လည်း ကြုံရနိုင်သည်။
ပျက်ကျလေယာဉ်၏ အသေးစိတ်အခြေအနေများ မသိရသေးသော်လည်း ရုရှားထုတ် MIG 29 (သို့မဟုတ်) တရုတ်ထုတ် တိုက်လေယာဉ်ဖြစ်နိုင်ကြောင်း မြေပြင်တော်လှန်ရေးတပ်များထံမှ သိရသည်။ စစ်ကောင်စီ၏ တိုက်လေယာဉ် မောင်းနှင်သူများမှာ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်အရာရှိများဖြစ်ကြသည်။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အကြာ နိုင်ငံအနှံ့ ခုခံတော်လှန်မှုနှင့်ရင်ဆိုင်နေရသည့် စစ်တပ်သည် တော်လှန်သူများနှင့် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသည်။
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီ၏ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို တော်လှန်ရေးတပ်ဖွဲ့များက မြေပြင်မှ ပစ်ချမှုများ ပြုလုပ်နိုင်ခဲ့သည်။
အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ကောင်စီ၏ ရဟတ်ယာဉ် ၂ စီးနှင့် လေယာဉ် ၁ စီး၊ ကရင်နီတော်လှန်ရေးအင်အားစုက လေယာဉ် ၁ စီး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) က ရဟတ်ယာဉ် ၁ စီးတို့ကို ပစ်ချခဲ့သည်။
ကရင်နီဒေသကို တိုက်ခိုက်စဉ် ပျက်ကျသည့် လေယာဉ်မှ လေယာဉ်မှူး ၂ ဦးအနက် ၁ ဦးမှာ ထိုဒေသတွင် ဖမ်းဆီးခံထားရပြီး ကျန်တစ်ဦး၏သတင်း ပျောက်ဆုံးနေသည်။