သတင်း

အမ်းဒေသနှင့် မကွေးတွင် စစ်ပွဲအရှိန်တက်လာ

စစ်ကောင်စီ၏ ရခိုင်ဒေသ တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်၊ ကပ်လျက် တည်ရှိသည့် ငဖဲမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်၊ နယ်နိမိတ်ချင်း ထိစပ်နေသည့် မကွေးတိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အမ်းမြို့နယ်တွင် တိုက်ပွဲမှာ မတ် ၂၄ ရက်နေ့က စတင်ခဲ့ပြီး AA ရှိနေသည့်နေရာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။

မတ် ၂၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း အမ်းမြို့နယ်၊ လုံးကျေးရွာ အနောက်ဘက်တွင် တောင်ကုတ်အခြေစိုက် စကခ (၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၃၄၆) ပါဝင်သည့် တပ်နှင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒရုန်း၊ လေကြောင်းပစ်ကူနှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့လင့်ကစား စစ်တပ်ဘက်တွင် ၁၅ ဦးခန့် သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရကြောင်း၊ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရရာကြောင်း AA က ယမန်နေ့ညတွင် ထုတ်ပြန်သည်။

ထိခိုက်သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း အထိနာသည့် တိုက်ပွဲများအကြောင်း သတင်းအမှောင်ချထားသည်။

ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ် ရှိသည့်အနက် ၈ မြို့နယ်ကို သိမ်းထားသည့် AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းတွင် ထိုးစစ်အသစ် စတင်လိုက်ခြင်းဖြစ်သည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။

ယမန်နေ့ (မတ် ၂၈) တွင် အမ်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း တစ်ဖက်သတ် ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

“ကုန်ခဲ့တဲ့ရက်တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တောင်တန်းတွေကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်တာတွေ ရှိခဲ့တယ်။ ပြီးတော့ အမ်းမြို့အနီးကို တစ်မိုင်ကုန်းကနေ လက်နက်ကြီးနဲ့ပစ်တာလည်း ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်စခန်းများတည်နေရာပြမြေပုံ

မတ် ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ လီသွန်ကျေးရွာ၏ အရှေ့မြောက်ဘက် တောင်ကြောတစ်ခုပေါ်တွင်   အမှတ် (၃) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ၊ ခမရ (၅၆၃) တပ်ရင်းနှင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုးစစ်ဆင်နေသော မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို အပြီးသတ်သိမ်းယူနိုင်ရေး တိုက်ခိုက်နေသည်ဟု AA ဘက်က ဆိုသည်။

မတ် ၂၆ တွင် ထောက်ပို့တပ်ရင်းတစ်ခုနှင့် ခြေမြန်တပ်ရင်းတစ်ခုတို့မှာ ဌာနချုပ်သို့ ဆုတ်ခွာသွားသည်ဟု မြေပြင်အခြေအနေကို သိသည့် အထက်ပါ အမျိုးသားက ပြောသည်။

“အမ်းမြို့ကို သိမ်းဖို့ခက်ခဲမယ် မထင်ဘူး။ ဒီတိုက်ပွဲဟာ ရမ်းဗြဲတိုက်ပွဲလောက်တောင် ကြန့်ကြာမယ် မထင်ဘူး။ ပြီးတော့ တပ်နှစ်ခု ဆုတ်လိုက်ရတယ် ဆိုကတည်းက တိုက်ဖို့အတွက် လူအင်အားနည်းတယ်လို့ ယူဆလို့ ရတယ်” ဟု ၎င်းက ဆိုသည်။

“ပြီးတော့ အမ်းမှာရှိတဲ့ အခြေစိုက်တပ်တွေဟာ ရမ်းဗြဲကိုလည်း စစ်ကူသွားတဲ့အခါလည်း သေဆုံးတာ၊ ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေ များစွာရှိတယ်။ ပြီးတော့ မြောက်ပိုင်းကိုလည်း အမ်းအခြေစိုက်တပ်တွေ စစ်ကူသွားတဲ့အခါ သေဆုံးတာ၊ ဒဏ်ရာရတာ တောက်လျှောက်ရှိတော့ အမ်းမှာ စစ်သားအင်အား လျော့နည်းနေပြီလို့ တွက်လို့ရတယ်”

လက်ရှိတွင် လုံး၊ စခန်းမော်၊ ပြောင်းခြောက် စသည့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများသည် စစ်ရေးပြင်းထန်လာမှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

အမ်းမြို့နယ်ရှိ ကျေးရွာအများအပြားကို ဖြတ်သန်းကာ မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းထားရာ လေကြောင်း၊ လက်နက်ကြီးတို့ကြောင့် ပိုက်လိုင်းပေါက်ကွဲမည်ကိုလည်း ဒေသခံများ စိတ်ပူနေကြသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် မြေပုံမြို့နယ်၊ ကျွန်းသာယာရွာအနီး နောင်တော်မြစ်တွင် စစ်ကောင်စီတပ်၏ သင်္ဘောတစ်စီးရောက်နေသည်၊ တိုက်ပွဲပြင်းထန်လာသည့် အမ်းမြို့နယ်သို့ လက်နက်ကြီးပစ်ကူပေးရန် ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟု   ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

“ကဇုကိုင်းတိုက်ပွဲ၊ အမ်းတိုက်ပွဲအတွက် ပစ်ကူပေးဖို့အတွက် လာတာလို့ ထင်တယ်။ အမ်းမြို့နယ်တိုက်ပွဲတွေကို ပစ်ကူပေးဖို့ အဆင်သင့်စောင့်နေပုံရတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ယနေ့ မတ် ၂၉၊ မွန်းလွဲ ၁၁ နာရီခန့်က အမ်းမြို့နယ်၊ တောင်ဟိန်းတောင်တွင် တပ်စွဲထားသည့် စစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံး မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး လူငယ် ၅ ဦးဒဏ်ရာရသွားကာ မိန်းကလေးတစ်ဦးနှင့် ယောကျ်ားလေးတစ်ဦး ခြေလက်ပြတ်သည်အထိ ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု သိရသည်။

အမ်းမြို့နယ်၊ တပ်တောင်မြို့ရှိ စစ်သားနှင့် ရဲများ ဖေဖော်ဝါရီလ ပထမပတ်ကပင် လက်နက်အပြည့်အစုံဖြင့် ဆုတ်ခွာသွားခဲ့ကြကာ ထိုမြို့ကို မတ် ၂ ရက်နေ့တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့သည်ဟု သိရသည်။

မကွေးတိုင်းအတွင်း တိုက်ပွဲများ

မတ် ၂၆ နှင့် ၂၈ တို့တွင် ရခိုင်နှင့် ကပ်လျက်တည်ရှိသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်၊ ငဖဲမြို့နယ်တွင် စစ်တပ်လှုပ်ရှားမှု ပိုမိုများပြားလာသည်ဟု မကွေးဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

အမ်းမြို့နယ်နှင့် နယ်မြေထိစပ်နေသည့် ငဖဲတွင် မတ်ဒုတိယပတ်မှစတင်ပြီး စစ်ကောင်စီတပ်က စစ်သားစုဆောင်းရန် ကျေးရွာများသို့ စည်းရုံးရေးဆင်းနေကြောင်း ထိုဒေသတွင် အခြေစိုက်သည့် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) ထံမှ သိရသည်။

“စစ်မှုထမ်းဥပဒေပေါ်လာပြီးနောက် သူတို့ရွာတွေကို ဝင်တယ်။အရွယ်ရောက်ပြီးသားလူတွေ စစ်မှုထမ်းရမယ်။ အဲ့လိုမျိုးတွေ တစ်ရွာဝင်တစ်ရွာထွက် လိုက်ပြောတာ၊ စည်းရုံးတာတွေရှိတယ်။ အဲ့ဒါက မတ် ၁၄ ရက်က စပြီး ဝင်ထွက်သွားလာတာတွေလုပ်တာ။ အဲ့ဒါကတော့ ပဒါန်းအပေါ်ရောက်တာနဲ့ တောင်ပေါ် ၁၀ အုပ်စုဖြစ်ပြီးတော့ အရှိုချင်းတွေပဲ နေတဲ့နေရာတွေ” ဟု ACDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

 ပြီးခဲ့သည့်လပိုင်းကစပြီး စစ်ကောင်စီတပ်က ငဖဲမြို့နယ်အတွင်း စက်သုံးဆီနှင့် ရိက္ခာသယ်ယူခွင့်ကို တင်းကျပ်ထားကြောင်း ACDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်သားများ စုဆောင်းရန် တောင်ပေါ်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ငဖဲမြို့နယ်၊ မထုံးရွာနှင့် ဂုတ်စီးရိုးရွာလမ်းပိုင်းတွင် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် People’s Revolution Alliance (Magway) က မတ် ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ် ၂၆ ရက်က အမ်းမြို့နယ်အရှေ့ဘက် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက်တွင် စစ်သား အင်အား ၄၀ ခန့်နှင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၈ ဦးခန့် ဒဏ်ရာရကြောင်း AA ဘက်က ဆိုသည်။

အလားတူ မတ် ၂၈ နံနက်တွင် ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက်တွင် စစ်သားအင်အား ၅၀ ခန့်နှင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းတချို့ ရရှိခဲ့ကြောင်း AA က ထိုနေ့တွင် သတင်းထုတ်ပြန်သည်။

Show More

Related Articles

Back to top button