ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ မြေနီခပ်ပြန့်ပြန့်ပေါ် တည်ဆောက်ထားသော စစ်ဘေးရှောင်စခန်းမှ ကလေးငါးဦးသည် စခန်းအနီး တောင်ကုန်းခပ်မတ်မတ်ပေါ်သို့ ဦးတည်နေကြသည်။
“ဒီကမ္ဘာမှာ စစ် စစ် စစ်မဖြစ်ရာမြေ၊ တစ်နေရာ ရှိ ရှိ ရှိရမယ်လေ” ဟူသော စိုင်းခမ်းလိတ်၏ နာမည်ကျော် “သဘာဝရဲ့ရင်သွေးငယ်တွေ“ သီချင်းကို သီဆိုရင်း လမ်းလျှောက်လာကြသည်။
မှောင်စပျိုးချိန် အုပ်စုလိုက် ပျော်ပျော်ရွှင်ရွှင် သီချင်းသံပြိုင်ဆိုကြရင်း ခပ်သွက်သွက် လျှောက်လာကြသော ၆ နှစ်မှ ၁၃ နှစ်ကြား ထိုကလေးငယ်များ နောက်ကနေ အမီလိုက်ရသည်။
စစ်ရှောင်စခန်းမှ ၁၅ မိနစ်ခန့် လမ်းလျှောက်ထွက်လာပြီးနောက် ၎င်းတို့ဦးတည်သည့် တောင်ကုန်းထက်ရှိ ဂူထဲသို့ ရောက်လာကြသည်။
ထိုနေရာသည် လေယာဉ်ဗုံးကြဲမှုဒဏ်ကို ကာကွယ်ရန် အလုံခြုံဆုံးနေရာဟု မိဘများက သတ်မှတ်ထားကြသဖြင့် ကလေးများ ညစဉ် ဝင်အိပ်ရသည့်နေရာ ဖြစ်လာသည်။
တစ်နိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်နေသည့် စစ်ကောင်စီတပ်သည် ကရင်နီဒေသတွင်လည်း ရှေ့တန်းစစ်မျက်နှာပြင်သာမက စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံနှင့် စာသင်ကျောင်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
လေကြောင်းမှ ဗုံးကြဲမှုကို ရွာအပြင် တောစပ်ထဲတွင် တိမ်းရှောင်ခိုလှုံနေသည့် စစ်ဘေးရှောင်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တတ်သလောက်၊ မှတ်သလောက် ကာကွယ်ကြရသည်။
နေရပ်စွန့်ခွာလာရသူတို့သည် ယခင်က မျှော်လင့်မထားခဲ့ဖူးသည့် လေကြောင်းရန် ကာကွယ်ရေးအလုပ်ကိုပါ ထိတွေ့လာရသည်ဟု အထက်ပါ ကလေးငါးဦးထဲမှ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်နန်းကျဲက ပြောသည်။
“နေ့ခင်းဘက်ကျတော့ လေယာဉ် ဘယ်ဘက်ဝဲလဲဆို ကိုယ် ပိုမြင်ရသေးတယ်။ နောက် သတင်းမြန်မြန်လာပို့တဲ့သူလည်း ရှိတယ်။ ညဘက်ကျတော့ ကိုယ် အိပ်မောကျတဲ့အချိန်ကျတော့ ပိုစိုးရိမ်ရတာပေါ့” ဟု သူက ပြောသည်။
လေယာဉ်လာချိန်တွင် ကလေးငယ်များကို နှိုးပြီး ဗုံးခိုကျင်းထဲ ဆင်းပြေးဖို့က မည်သို့မျှ အလျဉ်မမီနိုင်ပေ။
လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ဖြစ်လာသောကြောင့် ကလေးတချို့ကို စခန်းနှင့် ခပ်ဝေးဝေး ဂူထဲတွင် ညသိပ်ရသည်။ လူကြီးများကတော့ စစ်ဘေးရှောင်စခန်းရှိ ဗုံးခိုကျင်းတွင် အိပ်ကြရသည်။
“ကလေးငယ် တစ်ယောက်နှစ်ယောက်ပဲ ရှိရင် တော်သေးတယ်၊ တချို့ကျတော့ ဆယ်နှစ်အောက်ကလေး သုံးလေးယောက်ရှိရင် တကယ်ကို အဆင်မပြေတာ” ဟု ဒေါ်နန်းကျဲက ဆိုသည်။
ကရင်နီစစ်ရှောင်များ လေယာဉ်ကို အဘယ်ကြောင့် ဤမျှအထိ ကြောက်ကြသနည်း။ ၎င်းတို့တွင် လုံလောက်သော အကြောင်းတရားများ ရှိသည်။
ဧပြီ ၂၇ ညပိုင်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက် ၁၁ မိုင်ကုန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချပြီး အထိုင်စခန်းများကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဒီးမော့ဆို အခြေစိုက် ၂၁ နှစ်အရွယ် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။
ဧပြီ ၂၉ နံနက်တွင် ထိုနေရာအနီးတစ်ဝိုက်ကိုပင် နှစ်နာရီကျော်ကြာအတွင်း ဗုံး ၁၁ လုံး ကြဲကာ ထွက်ပြေးသူများကို လေတပ်က လိုက်လံပစ်ခတ်သည်၊ မြေပြင်တပ်များကလည်း လက်နက်ကြီးဖြင့် ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သေးသည်။
ထိုတိုက်ခိုက်မှုတွင် စစ်တပ်က တိုက်လေယာဉ်နှစ်စီး ပြိုင်တူသုံးခဲ့သည်။
စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာကို အငြိုးတကြီး ပစ်ခတ်မှုကြောင့် ဆိုင်ခန်းများ၊ နေအိမ်နှင့် ကားဝပ်ရှော့ရှိ ကားအများအပြား ပျက်စီးခဲ့ရသည်။ ပစ်ခတ်ချိန်အတွင်း ထိုနေရာရှိ ပြည်သူများမှာ အကာအကွယ်ယူ အချိန်မီ ပုန်းခိုလိုက်သဖြင့် ဒဏ်ရာရသူ သုံးဦးသာ ရှိခဲ့သည်။
ထိုနေ့က ဒေါ်နန်းကျဲမှာ ရွာတစ်ရွာသို့ ပစ္စည်းသွားသယ်နေစဉ် ဗုံးပေါက်ကွဲသံ ကြားလိုက်ရသည်။ တစ်ဆက်တည်းမှာပင် စက်သေနတ်သံကိုပါ ကြားလိုက်ရချိန်တွင် အခြေအနေမဟန်မှန်း သိပြီး သမီးဖြစ်သူအတွက် စိုးရိမ်စိတ်ဖြင့် ဆိုင်ကယ်ကို အရှိန်တင်မောင်းလာခဲ့သည်။
၁၁ မိုင်ကုန်းနှင့် တစ်မိုင်ခန့် အကွာအဝေးရှိသည့် စစ်ဘေးရှောင်စခန်းသို့ ပြန်လာခဲ့သည်။
“လေယာဉ်က ဒီဘက် ထိုးလာတယ်။ ဆိုင်ကယ်ကလည်း လေယာဉ်နဲ့ အပြိုင်ပဲ။ အဓိကတော့ ကိုယ့်ကလေးနားမှာ အတူရှိနေရင် လုံခြုံမှုပိုရှိအောင် မိဘတစ်ယောက်အနေနဲ့ အရောက်ပြန်လာတယ်” ဟု ဒေါ်နန်းကျဲက ဆိုသည်။
စခန်းထဲရောက်မှ ဗုံးခိုကျင်းအတွင်း အခြားသူများနှင့်အတူ ရှိနေသည့် သမီးဖြစ်သူကို တွေ့ရတော့မှ ဒေါ်နန်းကျဲ သက်ပြင်းချနိုင်တော့သည်။
ထို့နောက် မေလ ၂ နှင့် ၃ ရက်တို့တွင် ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ ဒေါ်နန်းကျဲတို့ စစ်ဘေးရှောင်စခန်း အနီးဝန်းကျင်တွင် လက်နက်ကြီးများ နှစ်ရက်ဆက်တိုက် ကျရောက် ပေါက်ကွဲခဲ့သည်။ ကင်းထောက်လေယာဉ်များလည်း တစ်နေ့လျှင် သုံးလေးကြိမ်ထက်မနည်း နေ့စဉ် ပျံဝဲနေသည်။
ထိုရက်နောက်ပိုင်းတွင် ဒေါ်နန်းကျဲတို့က သားသမီးများအတွက် အလုံခြုံဆုံးနေရာကို ရွေးချယ် ရှာဖွေကာ ဂူထဲတွင် အိပ်ခိုင်းရတော့သည်။ သာမန်ဗုံးခိုကျင်းတွင် လုံလောက်သည့် လုံခြုံမှုမရှိဟု ၎င်းတို့ ယူဆလာသည်။
“ဘာဖြစ်လို့လဲဆိုတော့ အခုလက်နက်တွေက ပြင်းအားက မြင့်မြင့်လာတော့ လုံခြုံတယ်လို့ မခံစားရဘူး” ဟု ဒေါ်နန်းကျဲက ဆိုသည်။
ပေါင် ၅၀၀ ဗုံးတစ်လုံးသည် မည်မျှဖျက်အားပြင်းသည်ကို လေယာဉ်ဗုံး၊ အမြောက်ဆန် ကျရောက် ပေါက်ကွဲမှုများအကြား အသက်ရှင်နေထိုင်နေရသူတို့ ကောင်းစွာ သိသည်။ လေယာဉ်သံကို အမြဲနားစွင့်ကာ သတိဖြင့် နေထိုင်ကြရသည်။
“ဘယ်လောက်ထိ နားစွင့်ရလဲဆိုတော့ ထမင်းကျက်ပြီဆိုတာနဲ့ အိုးတွေခွက်တွေ မပြီးတော့မှ တောင်ခြေမှာ ရှိတဲ့ သူများရဲ့ကွပ်ပျစ်မှာ ကလေးတွေ ခေါ်စုပြီးတော့မှ စားခိုင်းတာ” ဟု ဒေါ်နန်းကျဲက ပြောသည်။
ဒေါ်နန်းကျဲတို့က လေကြောင်းဒဏ်ကို တတ်နိုင်သမျှ ကာကွယ်နေချိန်တွင် တစ်မိုင်ခန့်အကွာ ဧပြီ ၂၉ ရက်က လေကြောင်းတိုက်ခိုက်ခံရသည့် ၁၁ မိုင်ကုန်းရှိ စစ်ဘေးရှောင်စခန်းနေသူများကမူ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
စစ်ကောင်စီတပ်၏ ရန်မှ အကာအကွယ်ပေးနိုင်မည့်သူများကို လိုအပ်နေကြောင်း ဦးနိုင်နိုင်ဟု သူ့ကိုယ်သူ မိတ်ဆက်သည့် အသက် ၄၀ အရွယ် စစ်ဘေးရှောင်အမျိုးသားက ပြောသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံက စစ်ရှောင်စခန်းထဲကလူတွေကို ဘယ်သူ တာဝန်ယူပေးနိုင်တော့မှာလဲ။ ကျွန်တော်တို့ ဘယ်မှာ သွားနေရတော့မလဲ၊ ဘယ်မှာ သွားလုပ်ကိုင်စားသောက်ရတော့မလဲ” ဟု စိတ်ဆိုးဒေါသထွက်နေသည့် ဦးနိုင်နိုင်က ပြောသည်။
စစ်မြေပြင်အတိဖြစ်ခဲ့သည့် ၎င်းတို့ ဇာတိရပ်ရွာမှ စွန့်ခွာကာ လုံခြုံမှုရှိမည်ထင်သည့် ၁၁ မိုင်ကုန်းသို့ ရောက်ရှိလာသည်မှာ တစ်နှစ်ခွဲရှိပြီ။
သို့သော် တိုက်လေယာဉ်များ၊ စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် နှစ်နာရီကျော် တိုက်ခိုက်ခံရသည့် ဧပြီ ၂၉ ဖြစ်ရပ်အပြီး ထိုနေရာတွင် မည်သို့မျှ ဆက်လက်နေထိုင်ရန် မဖြစ်တော့ပေ။
ထိုနေ့ကတော့ ဘုရားသိကြားမသည်၊ ပထမအကြိမ် လေယာဉ်ဗုံးကြဲပြီးနောက် အသက်သေဆုံးသူ ထိခိုက်သူ မရှိခဲ့သလို လေယာဉ် ထပ်မလာခင် ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုအချို့ကို ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ခဲ့သည်ဟု ဆိုသည်၊။
ကလေး လေးဦးနှင့် လူကြီးသုံးဦး ပါဝင်သည့် ဦးနိုင်နိုင်တို့ မိသားစုမှာ ဝါးတိုင်၊ ဝါးခင်းတို့ဖြင့် တည်ဆောက်ထားသည့်၊ တာလပတ်ကာ တာလပတ်မိုးသည့် တဲထဲတွင် နေထိုင်သည်။
ထိုနေ့က အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသည့် ၎င်း၏ ၇ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးနှစ်ဦးမှာ ညအိပ်ချိန် ဝါးခင်းကြမ်းပြင်ပေါ် ခြေနင်းသံကြားလျှင်ပင် ကတုန်ကယင်ဖြင့် လန့်နိုးသည်အထိ စိတ်ဒဏ်ရာ ရခဲ့သည်ဟု ဆိုသည်။
“သဘာဝအန္တရာယ်က ကျွန်တော်တို့ ရဲရဲကြီး ရင်ဆိုင်ရဲသေးတယ်။ ဒီခြေလက်တွေ ရှိနေသရွေ့တော့ ကိုယ့်သားသမီးအတွက် ဟင်းစားစရာ သွားရှာမယ်။ အသီးအရွက်တွေရှိတယ်။ ကျွန်တော်တို့ ကြိုးစားပမ်းစား ရှာပေးလို့ရသေးတယ်။ ဒါပေမဲ့ ဘေးအန္တရာယ် လက်နက်တွေ ကျရောက်တော့ ကျွန်တော်တို့ ဘယ်လိုမှ လှုပ်ရှားလို့ မရတော့ဘူးပေါ့” ဟု ဦးနိုင်နိုင်က ပြောသည်။
အိမ်ကနေ ခြေတစ်လှမ်းခွာလျှင်ပင် မည်သည့်အရပ်မျက်နှာက လာမည်မသိသော စစ်လေယာဉ် အချိန်မရွေး ပေါ်လာနိုင်သည်ကို သူတို့အားလုံး နားလည်ထားသည်။ သို့သော်လည်း ကင်းထောက်၊ ခရီးသည်တင်၊ ရိက္ခာတင် မည်သည့်လေယာဉ်ပင် ဖြစ်စေကာမူ အသံကြားလျှင် စိတ်ချောက်ချားရသည်။ ပြေးပေါက်ရှာရသည်။
“စစ်ရှောင်စခန်းတွေအားလုံးကို ဒီလိုတိုက်ပွဲပုံစံနဲ့ လာမလုပ်မိဖို့ရယ်၊ မလုပ်ပါစေနဲ့လို့ တောင်းဆိုချင်တာ” ဟု ဦးနိုင်နိုင်က ပြောသည်။
စစ်ကောင်စီကမူ ရွေးကောက်ပွဲမဲစာရင်း မှားယွင်းသောကြောင့် ၂၀၂၁ တွင် အာဏာသိမ်းရကြောင်း၊ ပြည်သူလူထုကို အကာအကွယ်ပေးနေကြောင်း ပြီးခဲ့သည့် ၂ နှစ်အတွင်း မကြာခဏ ပြောကြားလေ့ရှိသည်။
လက်တွေ့တွင်မူ အရပ်သားများမှာ ပစ်မှတ်ဖြစ်နေသည်။
၂၀၂၂ ဇန်နဝါရီ ၁၇ တွင် ဖရူဆိုမြို့နယ် ရီးခီးဘူးစစ်ဘေးရှောင်စခန်းကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ ကလေးနှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ထိုရက်မတိုင်မီ ဗုံးကြဲစဉ်ကလည်း ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင် ပရဟိတလူငယ်သုံးဦး သေဆုံးခဲ့သည်။
ယခုနှစ် မတ်လအတွင်း ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးဆေးရုံ၊ ဧပြီလတွင် ဖယ်ခုံမြို့နယ် ဆောင်းဖွေးဆေးရုံကို ဗုံးကြဲခဲ့သည်။
ဆေးရုံ၊ ဆေးခန်းကဲ့သို့ နေရာများကို ရန်သူရှိနေလျှင်ပင် မတိုက်ခိုက်ရဟု ဂျနီဗာကွန်ဗင်းရှင်းက သတ်မှတ်ထားသော်လည်း စစ်တပ်က လိုက်နာလေ့မရှိဟု MI 35 လေသူရဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဗိုလ်ကြီးဇေသူအောင်က ပြောသည်။
ခြေလျင်တိုက်ပွဲများတွင် အရေးနိမ့်လျက်ရှိသည့် စစ်ကောင်စီတပ်တွင် လူအရင်းအမြစ် နည်းပါးလျက်ရှိပြီး တိုက်ခိုက်ရေးနှင့် မသက်ဆိုင်သည့် လေကြောင်းရန်ကာကွယ်ရေး၊ အင်ဂျင်နီယာ၊ ဆေး၊ ထောက်ပို့တပ်များကိုပါ အသုံးပြုလာရချိန်တွင် လေတပ်ကို ပိုမိုအားကိုးနေသည်ဟု ဗိုလ်ကြီးဇေသူအောင်က ဆိုသည်။
“လေကြောင်းတိုက်ခိုက်မှုကို သုံးပြီဆိုကတည်းက ရန်သူကို စိတ်ကယောက်ကယက်ဖြစ်အောင်၊ ရန်သူနဲ့ ပတ်သက်တဲ့ အရာမှန်သမျှ အားလုံးကို လေကြောင်းကနေ ဖျက်ဆီးဖို့အတွက် ဖြစ်တယ်။ လူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ ခံစားချက်ဖြစ်အောင်၊ လေတပ်လာတယ် ဆိုလို့ရှိရင် ကြောက်နေအောင် အဲဒီလိုမျိုးပေါ့” ဟု သူက ပြောသည်။
စစ်ပွဲဒေသရှိ ပြည်သူများ နေအိမ်နှင့် အနီးဆုံးတွင် ဗုံးခိုကျင်းတူးပြီး လေကြောင်းရန်ကို ကာကွယ်ခြင်းက အသက်ရှင်ရန် ၉၀ ရာခိုင်နှုန်းအထိ သေချာစေသည်ဟု ၎င်းက အကြံပြုသည်။
စစ်အာဏာရှင်စနစ် မပျက်သုဉ်းသရွေ့ ပြည်သူများမှာ စစ်ဘေးရှောင်ရသည့်ဒုက္ခ၊ သတ်ဖြတ်ခံရသည့်ဒုက္ခနှင့် စီးပွားရေးကျပ်တည်းသည့် ဒုက္ခများကို နှစ်ပေါင်းများစွာ ခါးစည်းခံရမည်ဖြစ်သဖြင့် စစ်ကောင်စီတပ်၏ အမြင့်ဆုံးတိုက်ခိုက်မှုဖြစ်သည့် လေကြောင်းရန်ကို ကြံ့ကြံ့ခံ ကာကွယ်သင့်သည်ဟု ဗိုလ်ကြီးဇေသူအောင်က ဆိုသည်။
“ဒီတစ်ကြိမ်မှာ တောင့်ခံထားနိုင်လို့ရှိရင် နောင်တစ်ချိန်မှာ ကျနော်တို့ အနာဂတ်မှာရှိတဲ့ လူကြီးလူငယ်အားလုံး အေးချမ်းတဲ့ဘဝကို ရလိမ့်မယ်လို့ ကျွန်တော်က ပြောချင်ပါတယ်”
ဒေသတွင်းသတင်းများ ဖော်ပြနေသည့် Karenni’s Voice သတင်းဌာနက ဧပြီတစ်လလုံးတွင် ကယားပြည်နယ်အပါအဝင် နယ်နိမိတ် ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၄၆ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Karenni’s Voice က ဆိုသည်။
KNDF ၏ ထုတ်ပြန်ချက်အရ ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ၁၀၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး အရပ်သား ၁ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ထိုလအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူနေအိမ် ၂၀ ကျော် ပျက်စီးခဲ့ပြီး ပြည်သူ့ဆေးရုံနှင့် ကိုယ်ထူကိုယ်ထဆေးရုံ ၂ ရုံ၊ ကျေးရွာဆေးပေးခန်း ၂ ခန်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်သည်။
အလားတူ ဧပြီ ၇ ရက်က ဖယ်ခုံမြို့နယ်အရှေ့ဘက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးတပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု မြေပြင်တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
ဧပြီ ၂၅ ဖယ်ခုံမြို့နယ် ဆောင်းဖွေးဆေးရုံ ဗုံးကြဲခံရပြီး မွေးလူနာနှင့် လူနာစောင့်တို့ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရခဲ့သည်။
ဆောင်းဖွေးဆေးရုံရှေ့ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ဦးထွန်းနှင့် မပွင့် ဇနီးမောင်နှံမှာမူ ထိုနေ့က ဗုံးကြဲခံရသည့်အနီးတွင် ရှိခဲ့သော်လည်း မပြောင်းရွှေ့ဘဲ ကျန်ရစ်ခဲ့ကြသည်။
အသက် ၂၁ နှစ်အရွယ် မပွင့်မှာ ဆေးရုံ ဗုံးကြဲခံရသည့် နေ့က သူမွေးရမည့်နေ့ ဖြစ်နေရာ အများသူငါလို မထွက်ပြေးနိုင်ပေ။ ၎င်းတို့ထံတွင် ပြေးစရာ နေရာလည်း မရှိ၊ စီးနင်းစရာ ယာဉ်လည်း မရှိကြောင်း ဦးထွန်းက ဘီးပေါက်နေသော ဆိုင်ကယ်ကို လက်ညှိုးထိုးပြပြီး ပြောသည်။
ကိုယ်ဝန်အတွက် ပုံမှန်စစ်ဆေးပေးခဲ့သည့် ဆရာဝန်များ၊ သူနာပြုများသည်လည်း ဆေးရုံ ဗုံးကြဲခံရပြီးနောက် ရွှေ့ပြောင်းကုန်သဖြင့် လူနာများ အားကိုးရာမဲ့သွားပြီး သူတို့လည်း ကလေးမွေးရန် အိမ်ပြန်ကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
“မပြေးနိုင်ဘူးဆိုတော့ အိမ်ထဲမှာပဲ နေမယ်လို့ စိတ်ထဲမှာ ထားထားတယ်” ဟု မပွင့်က ပြောသည်။
မြေပြန့်၍ မြင်ကွင်းရှင်းသည့် ဆေးရုံပေါ်သို့ တိုက်လေယာဉ် ပျံဝဲလာပုံ၊ ဗုံးကြဲချပြီး ပျံတက်သွားပုံ၊ နောက်ထပ်တိုက်လေယာဉ်တစ်စီးက ထွက်ပြေးရန် ကြိုးစားသည့် ကားတစ်စီးကို လိုက်လံပစ်ခတ်ပုံ စသည်တို့ကို ဦးထွန်းက အိမ်မှ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
စစ်ရှောင်စခန်းတစ်ခုလုံး ၎င်းတို့တစ်အိမ်တည်းသာ ကျန်ခဲ့သဖြင့် တိတ်ဆိတ်ခြောက်ကပ်လျက်ရှိသည်။ ထိုနေရာကို တိုက်ခိုက်ရန် စစ်ကောင်စီက ဗုံးကြဲလေယာဉ် ထပ်မံစေလွှတ်ပါက တန်မည်မဟုတ်ကြောင်း ဦးထွန်းက ပြောရင်း ရယ်လေသည်။
ထို့နောက် “သေလည်း ဒီမှာပဲ သေမယ်” ဟု ဦးထွန်းက ဆိုလေသည်။
ဗိုလ်ချုပ်ကြီးများက ၎င်းတို့ ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်စွာ တည်ရှိသည့် ကရင်နီဒေသကို အဆက်မပြတ် ထိုးစစ်ဆင်နေခြင်းနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် လေကြောင်းရန် ကြောက်ရသကဲ့သို့ ခရစ်ယာန်ဘာသာအများဆုံး ကိုးကွယ်သည့် ကယားပြည်နယ် ဒီးမော့ဆိုအနောက်ဘက်တွင် တနင်္ဂနွေပုံမှန် ဘုရားကျောင်းတက်ခြင်းကို စစ်ဘေးရှောင်နှင့် ဒေသခံများ ရပ်ဆိုင်းထားကြသည်။ လူစုလူဝေး ပါဝင်သည့် မည်သည့်ပွဲအခမ်းအနားမျှလည်း မပြုလုပ်ရဲကြပေ။
မကြာသေးမီ ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် လူစုလူဝေး ရှိနေစဉ် စစ်ကောင်စီ လေတပ်၏ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး၊ လူကြီး အပါအဝင် ၁၅၅ ဦး သေဆုံးခဲ့ရသည်။
မေလ ၆ ရက်နေ့တွင် ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့သဖြင့် ၁၀ နှစ်ကျော် ကလေးတစ်ဦး အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်။ ဘုရားကျောင်းနှင့် နေအိမ်အချို့လည်း ထိခိုက် ပျက်စီးခဲ့သည်။
အလားတူ မေလလယ်မှ စတင်ပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး စစ်လေယာဉ်များကလည်း အဆက်မပြတ် ဗုံးကြဲခဲ့သည်။
မကြာသေးခင်ရက်ပိုင်း မေ ၂၇ ရက်ကလည်း လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကရင်နီဆေးတပ်သား ၄ ဦး သေဆုံးခဲ့ရသည်။
အရေးပေါ် လိုအပ်နေသော လေကြောင်းရန်ကာကွယ်ရေးအတွက်လည်း PROJECT “ကရင်နီပွိုင့်5” အမည်ဖြင့် အွန်လိုင်းမှ အလှူငွေ ကောက်ခံနေသည်။
လူဦးရေ ၃ သိန်းကျော် နေထိုင်သော ကရင်နီဒေသတွင် လူဦးရေ ထက်ဝက်နီးပါးက စစ်အာဏာရှင်ကို လက်နက်ကိုင် တွန်းလှန်နေကြသလို လူနှစ်သိန်းခွဲ ထွက်ပြေးတိမ်းရှောင်နေကြရာ ယခုနောက်ပိုင်း စစ်ကောင်စီက လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေသည်။
ယမန်နှစ် မတ်လအတွင်းကလည်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကြဲချခဲ့သည့်ဗုံးမှာ FAB အမျိုးအစား ဖျက်အားပြင်းဗုံးများ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ဗိုလ်ချုပ်ကြီးများ စေလွှတ်လိုက်သော ကြောက်မက်ဖွယ် စစ်လေယာဉ်များရန်မှ ရှောင်တိမ်းရန် ရွှေ့ပြောင်းကြသူများရှိသလို ဦးထွန်းတို့ လင်မယားကဲ့သို့ အသက်သေချင်လည်း သေပါစေဟုဆိုကာ နေအိမ်တွင်ပင် ဆက်လက် ရင်ဆိုင်ကြသူများရှိသည်။ ထို့ပြင် ဒေါ်နန်းကျဲတို့ကဲ့သို့ တတ်စွမ်းသမျှ ကာကွယ်တောင့်ခံနေသူများလည်း ရှိသည်။
မှောင်ရီပျိုးစပြုလျှင် ဘက်ထရီအိုးဖြင့် ထွန်းလင်းသည့် မီးသီး၊ အနွေးထည်နှင့် သောက်ရေဘူးလေးများ ယူဆောင်ကာ ကလေးများကို ဘေးကင်းလုံခြုံရာ ဂူထဲသို့ မိဘများက နေ့တိုင်း သွားပို့ကြသည်။
ဂူလေးထဲတွင် ဖျာခင်း၍ အိပ်စက်ကြသည်။ ကလေးများ ပျင်းလျှင် သီချင်းဆိုကြသည်၊ အချင်းချင်း စကားပြောကြသည်။
နောက်တန်းတွင် နေသည့် စစ်ဘေးရှောင်များ၊ ပြည်သူများ ညီညီညွတ်ညွတ် တောင့်ခံမှသာ ရှေ့တန်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စိတ်အေးလက်အေး တိုက်ခိုက်နိုင်ပြီး တော်လှန်ရေး အောင်မြင်မည်ဟု ဒေါ်နန်းကျဲက ခံယူထားသည်။
“နေသားကျအောင်နဲ့ တောင့်ခံနိုင်အောင် အတတ်နိုင်ဆုံး နေရမှာပေါ့။ ပြင်ဆင်ရမယ်။ ပိုလုံခြုံတဲ့နေရာ ရှာထားရမယ်” ဟု ဒေါ်နန်းကျဲက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)