အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်တပ်က ဝေဟင်မြေပြင် ဆက်တိုက် ထိုးစစ်ဆင်နေ

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို မေလလယ်မှ စတင်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည်၊ စစ်လေယာဉ်များဖြင့်လည်း အဆက်မပြတ် ဗုံးကြဲနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒေသအခြေစိုက်တပ်ဖွဲ့များထံမှ သိရသည်။

မေလ ၁၄ မှ စတင်၍ မြို့အရှေ့ဘက် ၈ မိုင်ခန့်အကွာ တနီးလာလဲကျေးရွာအနီး ကန်ခုနှစ်ဆင့်ဘက်တွင် အင်အား ၂၀၀ ကျော်ဖြင့် စစ်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ဒီးမော့ဆို-PDF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တိုက်ပွဲကတော့ ရက်တိုင်း ဖြစ်တယ်၊ ထိတွေ့တိုက်ပွဲရော တိုက်ပွဲကြီးရော၊ လေယာဉ်ကတော့ နေ့တိုင်းလိုလို ဗုံးကြဲတာပဲ၊ အဲဒါမျိုးရှိတယ်။ စစ်ကြောင်းကတော့ လူအင်အား တော်တော်များတယ်။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးနေတာ နှစ်ကြောင်းသုံးကြောင်းလောက် ရှိတယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မေ ၁၇ တွင် လေယာဉ်နှစ်စီးက တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာများကို သုံးကြိမ် ဗုံးကြဲသည့်အတွက် စာသင်ကျောင်းနှင့် လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးသည်၊ မေ ၁၇ ဗုံးကြဲတိုက်ခိုက်မှုတွင်လည်း စစ်ရှောင်စခန်းတစ်ခု ထိမှန်ခဲ့သည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လေကြောင်းမှ တိုက်ခိုက်ရာတွင် ပေါင် ၅၀၀ ဖျက်အားပြင်းဗုံးများကိုပါ အသုံးပြုခဲ့သည်ဟု ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ကန္တာရဝတီတိုင်း(မ်) သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

တိုက်ပွဲများသည် မေ ၂၁ အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က သေဆုံးမှုများသလို မေ ၁၉ တနီးလာလဲရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲဘော် နှစ်ဦးလည်း သေဆုံးသည်။

KNDF အမှတ် (၇) တပ်ရင်းမှ ရဲဘော် ဘဲနဒစ် (အောင်အောင်)၊ KNDF B01 တပ်ရင်းမှ ရဲဘော် နေဝင်းတို့ သေဆုံးခဲ့သည်ဟု သက်ဆိုင်ရာတပ်ရင်းများက ယနေ့ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်တစ်လုံး။ (ဓာတ်ပုံ-Mi Rez Htwe Fac)

ယမန်နေ့ကအထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ယနေ့တိုက်ပွဲအခြေအနေ မသိရသေးကြောင်း၊ လေတပ်မှ လေယာဉ်များ ဝဲနေကြောင်း ဒီးမော့ဆို-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်အရှေ့ဘက် ကျေးရွာများကို ပြီးခဲ့သည့် နှစ်လခန့်မှ စတင်ကာ စစ်ကြောင်း စတင်ထိုးခဲ့ပြီး ပြီးခဲ့သည့် တစ်ပတ်ခန့်မှ စတင်၍ လေကြောင်းရော မြေပြင်ထိုးစစ်များပါ ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ ထိုးစစ်ဆင်လာခြင်းမှာ ဒီးမော့ဆိုမြို့နယ်မှတစ်ဆင့် အရှေ့ဘက်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများသို့ ဆက်သွယ်ရေးအတွက် လမ်းကြောင်းရှင်းနေခြင်းဖြစ်နိုင်သည်ဟု ဒီးမော့ဆို-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အရှေ့ဘက်မှာရှိတဲ့ ဘောလခဲတို့ မယ်စဲ့တို့ ဖားဆောင်းတို့ ဒေသတွေအတွက် ရိက္ခာပို့မယ့်လမ်းကြောင်း ရအောင် ဖောက်မဲ့ သဘောမှာ ရှိတယ်၊ အဲဒါကြောင့် အဲဘက်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိပ်တိုက်တွေ့တာ များတယ်။ အဲဒီလမ်းကြောင်းကို စိုးမိုးပြီး ရိက္ခာပို့ချင်တဲ့သဘော ရှိတယ်” ဟု သူက ပြောသည်။

မေလ ၁၇ ရက်နေ့က ဘောလခဲမြို့နယ်ရှိ စောလုံကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သည်။

လတ်တလောတွင် ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေဆဲဖြစ်သည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးဒေသများတွင် ကရင်နီပြည်နယ်သည် တိုက်ပွဲများ အပြင်းထန်ဆုံးဒေသဟုပင် ဆိုနိုင်သည်။

စစ်ကောင်စီတပ်ကို ရင်ဆိုင်ရာတွင် ကရင်နီပြည်နယ်မှ တော်လှန်ရေးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ တော်လှန်ရေးအဖွဲ့များ၏ အားသာချက်များထဲတွင် နယ်မြေကျွမ်းကျင်ခြင်း၊ လူထုထောက်ခံမှု ရနေခြင်း၊ စိတ်ဓာတ်တက်ကြွဆဲဖြစ်ခြင်းတို့ ပါဝင်သည်။

စစ်ကောင်စီတပ်၏ အားသာချက်များတွင် လက်နက်အင်အား တောင့်ခြင်း၊ လက်နက်ကြီးပစ်ကူ ပေါများစွာ ပစ်ခတ်နိုင်ခြင်း၊ လေယာဉ်လွှတ်ပြီး ဗုံးကြဲနိုင်ခြင်းတို့ ပါဝင်သည်။

ဒီးမောဆိုမြို့အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာအနီး မေလ ၁၉ ရက်က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် သေဆုံးခဲ့သော ရဲဘော် နေဝင်း နှင့် ရဲဘော် အောင်အောင်။ (ဓာတ်ပုံ- KNDF)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button