အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မတည်ငြိမ်သေးသည့် လွိုင်ကော်တွင်  တက္ကသိုလ်ပြန်ဖွင့်နိုင်ရန် ပြင်ဆင်နေ

ရွေးကောက်ပွဲကျင်းပလိုသည့် စစ်တပ်က လွိုင်ကော်တွင် ပုံမှန်အခြေအနေပြန်ရောက်ပြီဖြစ်ကြောင်း ပြသရန် ကြိုးပမ်းနေသော်လည်း စစ်သားသစ်စုဆောင်းမည့်အန္တရာယ်လည်း ရှိနေသည်။

ပြည်နယ်တစ်ခုလုံး နီးပါး လက်လွှတ်ထားရသည့် စစ်ကော်မရှင်တပ်သည် ကရင်နီဒေသ (ကယားပြည်နယ်) လွိုင်ကော်တွင် တက္ကသိုလ်ပြန်ဖွင့်နိုင်ရန် ကြိုးပမ်းနေပြီး အဝေးသင် တက္ကသိုလ် ကျောင်းသားများ ကျောင်းတက်ကြရန် ဖိအားပေးနေသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။ 

 အာဏသိမ်းစစ်တပ်၏ ဝါဒဖြန့် သတင်းစာကလည်း  လွိုင်ကော်တက္ကသိုလ် ပြန်ဖွင့်ပြီဖြစ်ကြောင်း  ယမန်နေ့ (အောက်တိုဘာ ၁၃) တွင်  ရေးသားဖော်ပြထားသည်။ 

၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ကျောင်းအပ် နှံထားသည့် လွိုင်ကော်တက္ကသိုလ် အဝေးသင် သင်တန်းမှ ကျောင်းသားများ လွိုင်ကော်တွင်သာ စာမေးပွဲ ပြန်လည် ဖြေဆိုရမည်ဟု ထိုထုတ်ပြန်ချက်တွင်ပါရှိသည်။ 

အောက်တိုဘာ ၁၃ တွင်  စစ်ကော်မရှင်ခန့် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ကျောင်းသို့လာရောက် စစ်ဆေးခဲ့​​သည်၊ ကျောင်းထဲတွင်လည်း  လက်နက်ကိုင်တပ်သားများ ရှိနေသည်ဟု အဝေးသင် တက္ကသိုလ် တက်နေသည့် ကျောင်းသားတစ်ဦးက Myanmar Now ကို အတည်ပြုသည်။  

“လွိုင်ကော်မှာ အိမ်မရှိတဲ့ သူတွေကို ကျောင်းက အဆောင် အခမဲ့ စီစဉ်ပေးနေတယ်။ ရေချိုးခန်း အိမ်သာပါပြီးသား တယောက်ခန်း အသစ်တွေ။ တောင်ကြီးက အဆောင်တွေထက်တောင် ပိုကောင်းသေးတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ တက္ကသိုလ် ပြန်ဖွင့်နိုင်ရန်  အစွမ်းကုန် ပြင်ဆင်နေသော်လည်း စစ်သည်အင်အား အကြီးအကျယ်လိုအပ်နေသည့် စစ်တပ်က  စစ်မှုထမ်း ဥပဒေအကြောင်းပြပြီး စစ်သားသစ် အဓမ္မ စုဆောင်းခြင်း၊   ဒေသ မတည်ငြိမ်သေးခြင်းတို့ကြောင့် ကျောင်းလာတက်သည့် ကျောင်းသား၊ ကျောင်းသူ အနည်းငယ်သာ ရှိသည်ဟု လွိုင်ကော် မြို့ခံ တစ်ဦးက ပြောသည်။ 

“ကျောင်းပြန်ဖွင့်တာကတော့ လွယ်ပါတယ်။  ဒါပေမယ့် တက်မယ်သူကတော့ ရှိမှာမဟုတ်ဘူး။ သင်္ကြန်မှာတုန်းကလဲ ပွဲတွေလုပ်နိုင်ပြီ၊ မီးပုံပျံတွေ လွှတ်နိုင်ပြီဆိုတဲ့ ပုံစံမျိုးတွေ လုပ်လာ တာရှိတယ်။ အခုလဲ ရွေးကောက်ပွဲ အတွက် လူပြန်စည်နေပြီဆိုတဲ့ ပုံစံမျိုး လုပ်ချင်တာပါ” ဟု သူက ဆက်ပြောသည်။ 

ဒီဇင်ဘာ ၂၈ တွင် ကျင်းပမည့် ရွေးကောက်ပွဲ အမှီ လွိုင်ကော်မြို့ လူစည်ကားစေရန် စစ်ကော်မရှင် တပ်က ရည်ရွယ်ပြီး ဒေသခံများကို စစ်သား စုဆောင်းခြင်း မပြုလုပ်ဟု သတင်းလွှင့်ထားသော်လည်း အဝေးသင် သင်တန်းလာတက်မည့် လူငယ်များကို စစ်တပ်တွင် အသုံးပြုရန်အတွက် ဖမ်းဆီးမည်ကို စိုးရိမ်ရသည်ဟု  လွိုင်ကော်မြို့ခံ တစ်ဦးက ပြောသည်။ 

“လူငယ်တွေ အနေနဲ့က သူတို့ရဲ့ ဝါဒဖြန့်တဲ့ အထဲမှာ မပါသွားဖို့ပဲလိုတာ။ ကယားပြည်နယ်က လူမှ မရှိတာ။ စစ်မှုထမ်းမခေါ်ဘူးဆိုတဲ့ အရေးအသားမျိုးတော့ တွေ့ရတယ် သူတို့က လိုချင်တဲ့ ပမာဏ မရမချင်းတော့ သူတို့က မဖမ်းသေးဘူး။ လွိုင်ကော်က တော်​တော်လေး စစ်ဒဏ် ခံရပြီးသား ဆိုတော့ စောင့်ကြည့်နေတာ”ဟု ၎င်းက ပြောသည်။ 

ထို့ပြင် လွိုင်ကော်မြို့ပေါ်တွင် အင်္ကျီအပြာရောင် ဝတ်ဆင်ထားသည့် ပြည်သူ့စစ်များက လက်ပစ်ဗုံးနှင့် ဓားများကို ကိုင်ဆောင်ထားပြီး စစ်မှုထမ်းရန် လူငယ်များကို စည်းရုံးနေသည်၊  တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပါက ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းသို့ ပို့ဖွယ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ယောက်ျားလေး ကုန်သွားရင် မိန်းကလေး ဖမ်းမှာပဲ။ မိန်းကလေး ကုန်သွားရင် သက်ကြီး ရွယ်အိုတွေအထိ ဖမ်းဖို့ကို သူတို့က လုပ်မှာပဲ။ သူတို့ အာဏာ မပြုတ်ကျရေး အတွက်တော့ အစွမ်းကုန်လုပ်မှာပဲ။ ပေါ်တာကို ကယားပြည်နယ် တခုတည်း လွတ်ပြီးတော့ စွဲမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။ 

ပါမောက္ခချုပ် ဖမ်းဆီးခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်

၂၀၂၃ နိုဝင်ဘာ ၁၁ တွင်  ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များသည်   ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒ.က.စ) ကို ဦးတည် တိုက်ခိုက်ခဲ့ပြီး စစ်တပ်တပ်စွဲထားသည့် လွိုင်ကော် တက္ကသိုလ်ကိုပါ ဝင်ရောက်စီးနင်းခဲ့သည်။ 

ထို့နောက် လွိုင်ကော်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့်   ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်းနှင့် မိသားစုဝင် ၂၀၀ ခန့်ကို ၎င်းတို့ထိန်းချုပ်နယ်မြေသို့ ခေါ်ဆောင်ခဲ့သည်။ 

လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ် နှင့် ကထိက ၄ ဦးကို မတရားအသင်း ဆက်သွယ်သည့် ဥပဒေ ၁၇(၁) ဖြင့် ထောင်ဒဏ် ချမှတ်ခဲ့ပြီး ကျန်ရှိ ဝန်ထမ်း ၁၉၃ ဦးကိုမူ စစ်ကောင်စီ၏ ယန္တယားမှန် သမျှတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုဘဲ ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်ရန် ခံဝန် ရေးထိုးစေပြီး ပြည်နှင်ဒဏ်ပေးခဲ့သည်။ 

လွိုင်ကော်တက္ကသိုလ်တွင်တပ်စွဲထားသည့်  ခမရ (၄၂၅) နှင့် ခမရ (၆) တပ်ရင်းနှစ်ခုလည်း တိုက်ပွဲတွင် အထိနာခဲ့သည်။   ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု တပ်ရင်းမှူး အပါအဝင် တပ်ရင်း တစ်ရင်းလုံး သေဆုံးခဲ့ပြီး ခလရ (၆) တပ်ရင်းလည်း ထက်ဝက်ခန့်သေဆုံးခဲ့သည်။ 

ထို့နောက် လွိုင်ကော်မြို့ တစ်မြို့လုံး နီးပါး လက်လွှတ်လိုက်ရသည့် စစ်ကော်မရှင်တပ်သည် လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ 

ထိုသို့ လွိုင်ကော် တက္ကသိုလ် နှင့် လွိုင်ကော်မြို့ပေါ် ဒေသတော်တော်များများ သိမ်းပိုက် ခံရပြီးနောက် ၂ နှစ်ကျော် ပိတ်ထားခဲ့ရသည့် လွိုင်ကော် တက္ကသိုလ်ကို စစ်ကော်မရှင်တပ်က ပြန်လည် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

တိုက်ပွဲ ပြန်ဖြစ်နိုင်သည့် လွိုင်ကော်

၂၀၂၅ ဇူလိုင်တွင် ကရင်နီဒေသ၏ အဓိက ဝင်ပေါက်ဖြစ်သည့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ လက်လွှတ်ခဲ့ရပြီးနောက် လွိုင်ကော် နှင့် ရှမ်းပြည်နယ်၏ အဓိက လမ်းမကြီးများကို စစ်ကော်မရှင်တပ်က ထိန်းချုပ်နိုင်ခဲ့သည်။ 

ထို့နောက် ၂၀၂၅ ဩဂုတ်တွင် လွိုင်ကော်မြို့နှင့် ၁၀ မိုင်အကွာရှိ ဒီးမော့ဆို မြို့ကိုပါ ထိန်းချုပ် နိုင်ခဲ့သည်ဟု စစ်တပ်သတင်းစာတွင် ဖော်ပြခဲ့သည်။ 

သို့သော်လည်း စစ်ကော်မရှင်က ဒီမော်ဆို တစ်မြို့လုံးကို ထိန်းချုပ်နိုင်ခြင်း မဟုတ်ဘဲ လွိုင်ကော်-ဒီမော်ဆို Main လမ်းမဘေးရှိ  တပ်စခန်းများကိုသာ ပြန်ရသွားခြင်းဖြစ်သည်ဟု ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။ 

မဲစာရင်းမှားယွင်းမှုအကြောင်းပြအာဏာသိမ်းထားသည့် စစ်တပ်က လာမည့် ဒီဇင်ဘာ ၂၈ တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပနိုင်ရန် ကြိုးပမ်းနေရာ ကရင်နီပြည်နယ်၏ အဓိက လမ်းမ တလျှောက် စစ်ကြောင်းထိုးဝင်ရောက်နေခြင်းသာ ဖြစ်ပြီး ဒီးမော့ဆို တစ်မြို့လုံးကို မသိမ်းပိုက်နိုင်သေးဟု ဒီးမော့ဆိုမြို့တွင် နေထိုင်ပြီး စစ်ရှောင်အရေး ကူညီပေးနေသူ တစ်ဦးက ပြောသည်။ 

“ဒီးမော့ဆိုကနေ ဖရူဆို သွားတဲ့ မိန်းလမ်း (ပင်မလမ်း) တောက်လျှောက်ကိုတော့ သူတို့ ထိန်းထားတာပေါ့။ သူတို့က ဘော်လခဲ သွားချင်တာကို။ မိန်းလမ်းရဲ့ ဟိုဘက်မှာလည်း ကျွန်တော်တို့ ထိန်းချုပ် နယ်မြေရှိတယ်။ မိန်းလမ်းရဲ့ ဒီဘက်မှာလည်း ကျွန်တော်တို့ ထိန်းချုပ်နယ်မြေရှိတယ်” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ဒီးမော့ဆိုနှင့် လွိုင်ကော်မှာ ၁၀ မိုင်ကျော်သာ ကွာဝေး၍ အချိန်မရွေး တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာနိုင်သည်၊ ရှေ့တန်းတွင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအများစုမှာလည်း စစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားသူများဖြစ်၍  လွိုင်ကော်တွင် ကျောင်းလာတက်မည့် ကျောင်းသား များအတွက် စိုးရိမ်ရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်တို့ခဏခဏ ကြုံဖူးတာကတော့ သူတို့က အသားကျသွားပြီ မေ့သွားပြီဆိုရင် လူများလာအောင်လုပ်မယ်။ လုံလောက်ပြီဆိုတဲ့ အရေအတွက်ရောက်တော့မှ ဖမ်းမှာပဲ။ တကယ်တန်း ကျောင်းပြန်ဖွင့်ရင်လည်း ကျောင်းသားတွေကို သူတို့ အချိန်မရွေးဖမ်းနိုင်တယ်” ဟု ၎င်းက ပြောသည်။ 

Related Articles

Back to top button