
ရှမ်းပြည်နယ်တောင်ပိုင်း ကယားပြည်နယ်(ကရင်နီပြည်နယ်) နယ်စပ်အနီးရှိ မိုးဗြဲဆည် ရေလျှံမှုကြောင့် ပြည်နယ်အတွင်းရှိ မြို့နယ် လေးခုတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ စစ်ဘေးရှောင် ၄၀,၀၀၀ ရေဘေးသင့်ပြီး အကူအညီများလိုနေသည်ဟု သိရသည်။
ထိုမြို့များမှာ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမောဆို၊ ရှားတော မြို့နယ်များဖြစ်သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန တာဝန်ရှိသူက ပြောသည်။
လွိုင်ကော်မြို့နယ်တွင် ရွာသုံးရွာနှင့် မြို့ပေါ်ရပ်ကွက်လေးခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်းများ မလုံလောက်မှုကြောင့် ဒီမောမြို့နယ်နှင့် ရှားတောမြို့နယ်များရှိ စစ်ဘေးရှောင်များကို ရွှေ့ပြောင်းကယ်ထုတ်ရန် အခက်အခဲများရှိနေသည်ဟု ၎င်းကဆိုသည်။
“ဒီမောဆိုမှာဆိုရင် ပွန်းချောင်းတလျှောက်မှာ စစ်ရှောင်တွေပိတ်မိနေပြီး အခြေခံစားနပ်ရိက္ခာတွေ ပြတ်လပ်နေတာမျိုးရှိတယ်။ ဆေးဝါးတွေလည်း မပို့ပေးနိုင်တဲ့အနေအထားမျိုးတွေရှိတယ်” ဟု ၎င်းက ပြောသည်။
ရေဘေးကြောင့် လက်ရှိအချိန်အထိ သေဆုံးသူစုစုပေါင်း ၂၆ ဦးရှိပြီး ဖယ်ခုံမြို့နယ်မှ သုံးဦး၊ ဒီးမော့ဆိုမြို့နယ်မှ ၁၉ ဦးနှင့် လွိုင်ကော်မြို့နယ်မှ လေးဦးဖြစ်သည်ဟု သိရသည်။
ဘီလူးချောင်းအောက်ဘက်တစ်ကြော ချောင်းဘေးတလျှောက်ရှိ လွိုင်ကော်မြို့အပါအဝင် ကျေးရွာများနှင့် လယ်ယာမြေများ ရေလွှမ်းမိုးနေသည်ဟုလည်း ဒေသခံများက ပြောသည်။
မိုးဗြဲဆည်မှ ရေလွှတ်ချခြင်း၊ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းခြင်းတို့ကြောင့် မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီမောဆိုမြို့နယ်များတွင် စစ်ရှောင်များအပါအဝင် လူပေါင်း ၁,၀၀၀ ကျော် ရေဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟုလည်း ကရင်နီလူ့အခွင့်အရေးလှုပ်ရှားသူ ကိုဗညားကပြောသည်။
“ဒီမောဆိုးအရှေ့ခြမ်းက ပွန်းချောင်းနံဘေးက စစ်ဘေးရှောင်စခန်းတွေမှာ ခြောက်နေရာလောက် ရေလွှမ်းသွားတယ်။ အိမ်ခြေ ၃၀၀နီးပါး ပျက်စီးခဲ့တယ်” ဟု ကိုဗညားက ပြောသည်။
ဒီမောဆိုအရှေ့ခြမ်းတွင်လည်း လက်ရှိအချိန်ထိ ရေပြန်မကျခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ရာတွင် ခက်ခဲနေသည်ဟု အခြား စစ်ဘေးရှောင် ကူညီပေးသူတစ်ဦးကလည်းပြောသည်။
“အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်တွေရှိတယ်။ လက်ရှိ ရေဘေးသင့်နေရာ မိုးဗြဲဒေသမှာဆိုရင် သောက်သုံးရေတွေလိုအပ်ချက် ကြီးကြီးမားမားရှိတယ်။ အကူအညီတွေ အများကြီးလိုအပ်တယ်။ အလှူရှင်တွေလည်းနည်းပါးတဲ့ အနေအထားရှိတယ်” ဟု အဆိုပါအမျိုးသားကပြောသည်။
ရေဘေးကြောင့် စစ်ဘေးရှောင်စခန်း ၁၂ ခုခန့် ရေလွှမ်းမိုးခဲ့ပြီး ယာယီရွှေ့ပြောင်းနေထိုင်သူ လူဦးရေ ၃၀,၀၀၀ ခန့်အတွက် အခြေခံစားနပ်ရိက္ခာများ လိုအပ်လျက်ရှိကာ အိမ်ထောင်စုပေါင်း ၅,၈၀၀ ခန့်အတွက် အကူအညီများပေးကြရန် IEC က တောင်းခံထားသည်။
“ဒီနေ့ ဒီအချိန်အထိ အရေးပေါ်ကယ်ဆယ်ရေးကိစ္စမှာ နိုင်ငံတကာအနေနဲ့ရော အလှူရှင်တွေဘက်ကရော တုံ့ပြန်မှုက နှောင့်နှေးနေဆဲပဲ ဖြစ်ပါတယ်။ နယ်စပ်ကနေ ဖြတ်ကျော်ပြီးတော့မှ အကူအညီပေးခွင့်ရနေတဲ့ အချိန်မျိုးမှာ တုံ့ပြန်မှုတွေက နှောင့်နှေးနေတုန်းပဲ ဖြစ်ပါတယ်” ဟု IEC ဒုဥက္ကဋ္ဌ ခွန်းဘီထူးက Myanmar Now ကို ပြောဆိုသည်။
“ဒီနေ့ဒီအချိန်အထိ တစ်ပြည်နယ်လုံးအတွက် ပံ့ပိုးမှုတွေက အာမခံချက်မရှိတဲ့အတွက် ကျွန်တော်တို့ဘက်က လူထုတွေစားဝတ်နေရေးကို အားလုံးဝိုင်းဝန်းကူညီပေးဖို့ လိုအပ်တယ်”
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကမူ ရေဘေးသင့်ပြည်သူ ၅၀၀,၀၀၀ ခန့်အတွက် ဆန်၊ အားဖြည့်ဘီစကစ်များနှင့် တစ်လစာ စားနပ်ရိက္ခာများ ကူညီပေးသွားမည်ဟု စက်တင်ဘာလ ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။
တိုင်ဖုန်းမုန်တိုင်းရာဂိအရှိန်ကြောင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တို့တွင် အဆိုးရွားဆုံး ရေဘေးဒဏ်ကိုခံစားခဲ့ရပြီး သေဆုံးသူ ၂၂၆ ဦး၊ ပျောက်ဆုံးသူ ၇၇ ဦး၊ တိမ်းရှောင်ရသူ ၄၀,၀၀၀ ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ကလည်း နိုင်ငံအဝန်းရေဘေးသင့်သူ ၆၃၁,၀၀၀ ခန့်ရှိပြီး ရာနှင့်ချီ၍ သေဆုံးကာ အများအပြား ပျောက်ဆုံးနေကြောင်း စက်တင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
နိုင်ငံအနှံ့ရေကြီးမှုများ ပေါ်ပေါက်လာချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ယင်းတို့စိုးမိုးရာ နေပြည်တော်တပ်ကုန်းမြို့နယ်သို့ သွားရောက်ခဲ့ပြီး ရေဘေးကြောင့် သေဆုံးသူများကို ထောက်ပံ့ပေးမည်ဟု ပြောဆိုခဲ့သည်။ ကမ္ဘာပေါ်တွင် သဘာဝဘေးကျရောက်လေ့ရှိကြောင်း ပြောဆိုခဲ့ပြီး ထိုသဘာဝဘေးကို မည်သို့ကာကွယ်မည်ကိုမူ ထည့်သွင်း ပြောသွားခြင်းမရှိပါ။
ထို့ပြင် လာမည့်အောက်တိုဘာ ၁ ရက်နေ့တွင် သန်းခေါင်စာရင်းကောက်မည်ဖြစ်သောကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရောက်နေသူများကို နေရပ်အမြန်ပြန်ပို့ရန် စစ်ခေါင်းဆောင်က စက်တင်ဘာ ၁၇ ရက်တွင် ညွှန်ကြားထားသည်။
နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးတွင် စစ်ခေါင်ဆောင်က အဆိုပါအမိန့်ကို ပေးခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသရှိ လူပေါင်း တစ်သိန်းကျော်ကို သေစေခဲ့သော်လည်း ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးကို လျစ်လျူရှုထားပြီး ထိုကာလ စစ်အာဏာရှင်ဖြစ်သူ ဗိုလ်ချုပ်သန်းရွှေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရန်သာ ဦးစားပေးလုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နှောင်းလူတို့က နာဂစ်ဖွဲ့စည်းပုံဟု ကင်ပွန်းတပ်ကြသည်။
နာဂစ်မုန်တိုင်းကြောင့် အိုးအိမ်ပျက်စီး သေကြေခဲ့သူများကို ကူညီသည့် ပရဟိတသမားအချို့ကိုလည်း စစ်ဗိုလ်ချုပ်များက ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ဖူးသည်။