စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးဒဏ် အပြင်းအထန်ခံနေရတဲ့ အညာဒေသမှာ အခုတော့ အဆိုးဝါးဆုံး ရေဘေးပါ ထပ်မံရင်ဆိုင်နေရပါတယ်။ စစ်ကိုင်းတိုင်းက သဖန်းဆိပ်ဆည်ကနေ ရေဖောက်ချပြီးနောက် ဆည်အောက်ပိုင်း မူးမြစ်ရိုးတစ်လျှောက်က မြို့နယ် ၉ ခုမှာ ကျေးရွာ ၂၀၀ ဝန်းကျင် ရေကြီးနစ်မြုပ်နေပြီး လူသောင်းနဲ့ချီ ရေဘေးသင့်နေပါတယ်။
ရုတ်တရက် ရေတက်လာတာနဲ့ ရေစီးကြမ်းတာတွေကြောင့် လူသေဆုံးမှုတွေရှိလာသလို ဧကသောင်းနဲ့ချီတဲ့ စပါးခင်းတွေ၊ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ရေဘေးသင့်ဒေသအများစုဟာ စစ်ဘေးဒဏ်ခံထားရတဲ့ ဒေသတွေဖြစ်တာကြောင့် စစ်ဘေးရှောင်တွေလည်း ရေဘေးကို ထပ်မံရင်ဆိုင်နေရပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း အခက်အခဲများစွာ ရှိနေပါတယ်။
ဩဂုတ် ၉ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ အိမ်ထောင်စု ၅ သောင်းကျော်၊ လူဦးရေ ၂ သိန်းကျော် ရေဘေးဒဏ်ခံနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
ကိုလှိုင်း/ Myanmar Now



