ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီလေတပ် ကြဲချခဲ့သည့်ဗုံးမှာ FAB အမျိုးအစား ဖျက်အားပြင်းဗုံးဖြစ်ကြောင်း CDM လေတပ်အရာရှိတစ်ဦးက အတည်ပြုသည့်နည်းတူ အာဏာသိမ်းပြီးနောက် ဆားဗီးယားနိုင်ငံထုတ် ယင်းအမျိုးအစားဗုံးများ တင်သွင်းခဲ့သည့် အထောက်အထားများလည်း ရှိနေသည်။
ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီက ယခုလ ၈ ရက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ရာ မပေါက်ကွဲဘဲ မြေကြီးထဲ နစ်ဝင်နေသည့် ဗုံးတစ်လုံးကို ကရင်နီဒေသတာဝန်ရှိသူများက ယနေ့ (မတ် ၁၅) တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်တွင် တူးဖော်တွေ့ရှိသည့်ဗုံးမှာ FAB အမျိုးအစား ဖျက်အားပြင်းဗုံးဖြစ်ကြောင်း မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီး ထက်နိုင်အောင်က Myanmar Now ကို ပြောသည်။
“FAB ဗုံးလို့ ခေါ်တာပေါ့။ ဒီကောင်က အောက်ဆီဂျင်ကို အားပြုပြီးမှ ကွဲတာ။ အပူလှိုင်းလည်းထုတ်တယ်။ လေထုဖိအားလည်း အရမ်းများတယ်။ လေထုဖိအားကြောင့် ခန္ဓာကိုယ်ကနေ သွေးတွေဘာတွေ ယိုစီးမှုဖြစ်နိုင်တယ်။ နား၊ နှာခေါင်းတွေကနေ သွေးယိုတာတွေ ဖြစ်နိုင်တယ်။ ဖျက်အားက တော်တော်ပြင်းတယ်” ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော ၎င်းက ပြောသည်။
အဆိုပါဗုံးမှာ FAB အမျိုးအစားဖြစ်ကြောင်း ၎င်းတစ်ဦးတည်း အတည်ပြုခဲ့ခြင်းမဟုတ်ဘဲ ဗုံးအကြောင်းနားလည်သည့်၊ အာဏာဖီဆန်ထားသည့် တပ်မတော်သားအချို့တို့ကို မေးမြန်းပြီး အတည်ပြုခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“အနောက်နိုင်ငံတွေက အလွန်ရက်စက်တဲ့ဗုံးဆိုပြီးတော့ သုံးနှုန်းကြတာ။ ကျွန်တော့်စစ်သက် ၉ နှစ်တစ်လျှောက် မြစ်ကြီးနားမှာပဲ နေခဲ့တာ။ မြစ်ကြီးနားလေတပ်မှာ ဗုံးစတို (ဗုံးများထားရှိရာအဆောက်အအုံ) လေးခုလုံးရှိတယ်။ ဒီဗုံးမျိုး မတွေ့ဖူးဘူး”
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဆားဗီးယားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ဝယ်ယူခဲ့ရာ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များတွင် အသုံးပြုရန် ဒုံးကျည်များနည်းတူ FAB အမျိုးအစားဗုံးများ ပါဝင်ကြောင်း အထောက်အထားများလည်းရှိသည်။
ပြီးခဲ့သည့်နှစ် မေလအတွင်း Myanmar Now က ရရှိခဲ့သော အထောက်အထားများအရ FAB ဗုံးများအပါအဝင် အလေးချိန် ကီလိုဂရမ် ၆၀,၀၀၀ နီးပါးရှိ စစ်လက်နက်ပစ္စည်းများကို Myanmar Chemical & Machinery (MCM) ကုမ္ပဏီမှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သည်။
ဆားဗီးယားနိုင်ငံပိုင် လက်နက်ခဲယမ်းထုတ်လုပ်ရေးကုမ္ပဏီ Slobada ထုတ် လေကြောင်းရန်ကာကွယ်ရေးနှင့် တိုက်လေယာဉ်သုံးလက်နက်များဝယ်ယူရေး လက်နက်ပွဲစားဟု လူသိများသူ MCM ကုမ္ပဏီပိုင်ရှင် ဦးအောင်လှိုင်ဦးက လေတပ်ကာကွယ်ရေးဦးစီးချုပ်ရုံးထံ တင်ပြသည့် စာတစ်စောင်လည်းရှိသည်။
ဒုံးကျည်နှင့် ဗုံးအမျိုးမျိုး အပါအဝင် စစ်လက်နက်ပစ္စည်း ၁၅ မျိုးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း MCM ကုမ္ပဏီက အဆိုပြုတင်ပြခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုသည့် စစ်လက်နက်များမှာ အများအားဖြင့် ဆားဗီးယားနှင့် ပိုလန်နိုင်ငံမှ ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ပိုလန်မှမဝင်တော့သဖြင့် ဆားဗီးယားမှ ဖြစ်နိုင်ကြောင်း လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီးထက်နိုင်အောင်က ပြောသည်။
အလားတူပင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးခန့်ကိုကလည်း “ဒီဗုံးက ကျွန်တော့်တပ်မှာတော့ မမြင်ဖူးဘူးဗျ။ လေတပ်က ပြည်ပကနေ တိုက်ရိုက်ဝယ်တာဖြစ်ဖို့များတယ်” ဟု ပြောသည်။ စက်မှုထမ်းသက် ၇ နှစ်ရှိ ကပစအရာရှိမှာ ပြီးခဲ့သည့်နှစ် မေလအတွင်း စစ်တပ်ကိုစွန့်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
ဆားဗီးယားထုတ်ဗုံးများကို မြန်မာစစ်တပ်ရှိ ဗုံးကြဲတိုက်ခိုက်ရေးလေယာဉ်များတွင် တပ်ဆင်အသုံးပြုနိုင်ကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျူ့ (SIPRI) မှ သုတေသနပညာရှင် Siemon Wezeman က ပြီးခဲ့သည့် မေလအတွင်း Myanmar Now ကို ပြောကြားသည်။
“ဆားဗီးယားထုတ် FAB-100 ဗုံးတွေကို ဆိုဗီယက် (ရုရှား) ထုတ် FAB-100 ဗုံးတွေနဲ့ အမှတ်မမှားဖို့ လိုပါတယ်။ Pertaining tail stabilizer နဲ့ Pertaining Fuses ဗုံးတွင် သီးသန့်တပ်ဆင်ရသည့် ထိန်းညှိကိရိယာနှင့် စနက်တံ) ပစ္စည်းတွေက အဲဒီဗုံးတွေရဲ့ အစိတ်အပိုင်းပါပဲ” ဟု ၎င်းက ပြောသည်။
ယူဂိုစလားဗီးယားပြည်ထောင်စုအဖွဲ့ဝင်ဟောင်း ဆားဗီးယားနိုင်ငံက မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ယူရိုငွေသန်းချီတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း ဘော်လကန်ဒေသအခြေစိုက် စုံစမ်းဖော်ထုတ်ရေးသားခြင်းဆိုင်ရာ သတင်းသမားများစင်တာ (CNIS) က ပြီးခဲ့သည့်လအတွင်း ရေးသားသည်။
ဆားဗီးယားကုန်သွယ်ရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းများအရ ပြီးခဲ့သည့် ဇန်နဝါရီလနှင့် အာဏာသိမ်းသည့် ဖေဖော်ဝါရီလတို့တွင် ယူရိုငွေ ၄ ဒသမ ၇၅ သန်း တန်ဖိုးရှိ ဒုံးကျည်ပေါင်း ၂၅၀၀ ကျော် တင်ပို့ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကယားပြည်နယ် လွိုင်ကော်မြို့ကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် ဒုံးကျည်များမှာ ဆားဗီးယားနိုင်ငံမှ တင်ပို့သည့် အမျိုးအစားများနှင့် တူညီနေကြောင်း ရုပ်သံမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေး၍ CNIS က ရေးသားသည်။
Myanmar Now က ပြုစုထားသော စာရင်းများအရ ကယားပြည်နယ်တွင် စစ်ဘေးရှောင်စခန်းများအပါအဝင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများ၌ စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ ကလေးငယ် ၈ ဦးအပါအဝင် ၁၈ ဦးအထိရှိသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလမှ ယခုလဆန်းပိုင်းအထိ ကရင်နီဒေသတွင် စစ်ကောင်စီလက်ချက်ဖြင့် အရပ်သား ၂၂၁ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။
ခုခံတော်လှန်ပြင်းထန်သည့် ကယားပြည်နယ်အတွင်းရှိ မြို့ရွာများကို စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီးမျိုးစုံ အသုံးပြု၍ အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်တိုက်နေဆဲဖြစ်သည်။
ဒီးမော့ဆိုမြို့နယ်ရှိ ဘုရားကျောင်းဝင်းအတွင်း စစ်ကောင်စီက ကြဲချခဲ့သော ဗုံးနှစ်လုံးအနက် တစ်လုံး ပေါက်ကွဲသဖြင့် အဆောက်အအုံ ထိခိုက်ပျက်စီးသော်လည်း အနီးအနားတွင် လူမရှိသဖြင့် ထိခိုက်ခြင်း မရှိခဲ့ပေ။
ကျန်ဗုံးတစ်လုံးမှာ လူနှစ်ရပ်ခန့်အထိ မြေကြီးထဲ နစ်မြုပ်ဝင်နေခြင်းဖြစ်ကာ လူအင်အားဖြင့် တူးမရသဖြင့် မြေတူးစက်ဖြင့် တူးကာ သံချိန်းကြိုးဖြင့် ဆွဲထုတ်ခဲ့ရကြောင်း ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ပြောသည်။
ဓာတ်ပုံမှတ်တမ်းများအရ တူးဖော်ရရှိသည့် ဗုံးအရွယ်အစားမှာ လူတစ်ရပ်ခန့်ရှိပြီး ကယားပြည်နယ်တွင် ယခင်က တွေ့ရှိရသည့် ဗုံးသီးများမှာ အလေးချိန် ကီလိုဂရမ် ၅၀ မှ ၁၀၀ ကြားသာရှိသော်လည်း ယခုဗုံးမှာ ကီလိုဂရမ် ၅၀၀ ခန့်ရှိမည်ဟု KA တပ်ဖွဲ့ဝင်က ခန့်မှန်းသည်။
“ဖွင့်လိုက်တဲ့အချိန် အထဲမှာတော့ ကျွန်တော်တို့ တူးနေကျ အလုံးတွေနဲ့ မတူတဲ့ ဖွဲ့စည်းပုံတွေရှိတယ်။ ဖွဲ့စည်းပုံတွေကြောင့် ကျွန်တော်တို့ နားလည်ရခက်တဲ့ဟာမျိုးတွေ ပါတာပေါ့။ ကျွန်တော်တို့ နည်းနည်းကြိုးစားပြီးတော့မှ ဖြုတ်ယူရတာမျိုးတွေရှိတယ်” ဟု ၎င်းက ပြောသည်။
သို့သော် လေတပ် CDM တပ်ကြပ်ကြီး ထက်နိုင်အောင်ကမူ ကီလိုဂရမ် ၅၀၀ ရှိဗုံးကို လေယာဉ်ဖြင့် သယ်ဆောင်ပစ်ခတ်ရန် မလွယ်ကူကြောင်း၊ ကယားတွင် တူးဖော်တွေ့ရှိရသောဗုံးမှာ ပေါင် ၂၅၀ ဝန်းကျင်သာ ရှိမည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုသည်။
အဆိုပါ FAB အမျိုးအစားဗုံး၏ ထိပ်ဖူးတွင် ဓာတုပစ္စည်းပါဝင်ပြီး လေယာဉ်ပေါ်မှ ကြဲချချိန်တွင် ဓာတုပစ္စည်းအားဖြင့် ပေါက်ကွဲရမည်ဖြစ်သော်လည်း မြေကြီးအတွင်း နစ်ဝင်ကာ မပေါက်ကွဲဘဲရှိနေခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ပြောက်ကျားစစ်လုပ်နေတာဆိုတော့ ဗုံးခိုကျင်း ရှိရင်ရှိမယ်။ ခိုင်မာတဲ့ ဂူတွေဘာတွေမှာလည်း ပုန်းကွယ်နေနိုင်တာပေါ့။ အဲဒီရည်ရွယ်ချက်နဲ့ ဒီဗုံးကို ကြဲတယ်လို့ ကျွန်တော်ယူဆတယ်” ဟု တပ်ကြပ်ကြီး ထက်နိုင်အောင်က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)