အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တိုင်းနဲ့ ပြည်နယ် အနှံ့အပြားမှာ ဇူလိုင်လ ၈ရက်နေ့ကနေ ၁၅ရက်နေ့ထိ တစ်ပတ်အတွင်း အရပ်သားပြည်သူ ၆၀ နီးပါး သေဆုံးပြီး ၁၂၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
ဒါဟာ Myanmar Now က ပြုစုထားတဲ့ စာရင်းသာဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရတဲ့အရေအတွက်ဟာ ဒီထက်များနိုင်ပါတယ်။
စစ်ကောင်စီဟာ အခု ဇူလိုင်လအတွင်းမှာ လေယာဉ်အားကိုးပြီး ဗုံးကြဲတာတွေ ပိုလုပ်နေပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ အရပ်သားပစ်မှတ်တွေကို ဦးတည်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာပါ။
တစ်ပတ်အတွင်း မိုးကုတ်မြို့ကို ၃ကြိမ် ၊ ကျောက်မဲဲမြို့ကို ၃ကြိမ်၊ မော်ချီးမြို့ကို ၃ကြိမ်နဲ့ သပိတ်ကျင်း၊ မတ္တရာ၊ စဉ်ကူး ၊ သီပေါ၊ နောင်ချို၊ ဒီးမော့ဆို၊ ကောလင်း၊ မြိုင်၊ ပေါက်၊ ဝက်လက်၊ စစ်ကိုင်းနဲ့ မိုင်းငေါ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အခုဖြစ်စဉ်တွေထဲမှာ ဇူလိုင် ၁၁ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို ညသန်းခေါင်အချိန် လေကြောင်းတိုက်ခိုက်ခဲ့မှုဟာ အရပ်သားသေဆုံးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း သေဆုံးခဲ့ရသူတွေထဲမှာ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ကလေးငယ်တွေအပြင် မိသားစုလိုက် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေလည်း အများအပြား ရှိခဲ့ပါတယ်။
ကိုလှိုင်း/ Myanmar Now


