သတင်း

မိုးဗြဲမြို့ကို ရနိုင်ရေး စစ်ကောင်စီက အင်အားထပ်ဖြည့်နေ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ရှမ်း၊ ကယား(ကရင်နီ) ပြည်နယ်များသို့ ချိတ်ဆက်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော် ဖြည့်တင်းကာ နယ်မြေထိန်းချုပ်ရန် ထပ်မံကြိုးစားနေသည်။

ယမန်နေ့ (ဇွန် ၅) တွင် မြို့မြောက်ဘက် အမှတ် (၄၂၂) ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁၅၀ ခန့်သည် မိုးဗြဲမြို့ ရပ်ကွက်များအတွင်း ဝင်ရောက်လာသဖြင့် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

“မိုးဗြဲမြို့ကို သူတို့ ပြန်သိမ်းချင်လို့။ နောက်ပြီးတော့ သူတို့ ကယားပဲ သွားသွား၊ လမ်းပန်းဆက်သွယ်ရေး သူတို့ လွတ်လွတ်လပ်လပ် သွားလာလို့ရအောင် ထင်တယ်” ဟု မိုးဗြဲ PDF တပ်ရင်းမှူး ကိုကျောက်ဆောင်က ပြောသည်။

“တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားရှိတယ်။ အကယ်၍ စစ်ကောင်စီက မြို့ထဲမှာ ရှိနေမယ်ဆိုရင် ဆက်ပစ်ဖို့ပဲ ရှိမယ်”

စစ်ကောင်စီတပ်က မိုးဗြဲမြို့ စက်တော်ရာဘုရားအပါအဝင် ညောင်ဝိုင်း၊ စည်ကား စသည့် မြို့ပေါ်ရပ်ကွက်များတွင် အင်အား ၃၀ ခန့်စီဖြင့် ယမန်နေ့ကတည်းက ဖြန့်ကြက်တပ်စွဲထားသလို ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း မြို့တွင်း၌ ရှိနေဆဲဖြစ်ဖြစ်ကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် မေ ၂၇ ရက်မှ စ၍ မိုးဗြဲမြို့အတွင်း တိုက်ပွဲများဖြစ်နေပြီး ယမန်နေ့တွင် စစ်တပ်က အင်အားထပ်ဖြည့်ထားသဖြင့် တိုက်ပွဲပိုမိုပြင်းထန်လာသည်။

နှစ်ဖက်တပ်များ အဝင်အထွက်ရှိသော မိုးဗြဲမြို့ကို မည်သည့်ဘက်ကမျှ ထိန်းချုပ်နိုင်ခြင်း မရှိသေးချိန်တွင် စစ်တပ်က အင်အားဖြည့်ကာ မြို့ကို ခြေကုပ်ယူသိမ်းနိုင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ဒေသကာကွယ်ရေးတပ်များဘက်မှ ၂ ဦး ဒဏ်ရာရကြောင်း မိုးဗြဲ PDF က ထုတ်ပြန်သည်။

စစ်တပ်က ယမန်နေ့က မိုးဗြဲမြို့တွင်းကို လက်နက်ကြီးများ အကြိမ် ၁၀၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး အသက် ၁၀ နှစ်အောက် ယောက်ျားလေးတစ်ယောက် သေဆုံးကာ နေအိမ် ၂ လုံး မီးလောင်ခဲ့ကြောင်း PDF ထံမှ သိရသည်။

သေဆုံးမှု ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း တိုက်ပွဲဒေသသတင်းများကို အမှောင်ချထားသည်။

စစ်ရေး ပြင်းထန်နေပြီး စစ်ကောင်စီ၏ သံချပ်ကာယာဉ်များ မိုးဗြဲမြို့တွင်း ဝင်ရန် ပြင်ဆင်နေသည်ဟုလည်း သတင်းကြားရသောကြောင့် အခြေအနေကို စောင့်ကြည့်နေသည်ဟု မိုးဗြဲ PDF တပ်ရင်းမှူးက ဆိုသည်။

စစ်တပ် ဝင်ရောက်တပ်စွဲထားသည့် ရပ်ကွက်မှ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်ကြပြီး မြို့တွင် ဆက်လက်နေထိုင်သူများလည်း ရှိနေသည်။

မေလ ၂၇ ရက်နေ့ကတည်းက ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် ဒေသခံများ ယမန်နေ့ နံနက်တွင် ဖယ်ခုံမြို့သို့ ထွက်ခွာလာကြောင်း မိုးဗြဲမြို့ စည်ကား (၁) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“အများကြီး ထွက်ကြတယ်၊ မိသားစုလိုက်။ ဆိုင်ကယ်ရော၊ ကားတွေရော တန်းစီနေတာပဲ။ ငါးရက်လောက် ရှောင်ပြီး ပြန်ရမယ်လို့ ထင်တာပဲ။ လုပ်လက်စတွေလည်း ရှိသေးတဲ့အခါ တောင်ယာတွေလည်း မပြီးသေးတဲ့အခါ (တိုက်ပွဲ) ငြိမ်ရင်တော့ ပြန်လာဖို့ အစီအစဉ်ရှိတယ်” ဟု ၎င်းက ဒေသခံများအခြေအနေကို ပြောပြသည်။

မိုးဗြဲမြို့မှ အခြားအမျိုးသမီးတစ်ဦးကမူ စစ်ဘေးမရှောင်ဘဲ တိုက်ပွဲကြား နေအိမ်တွင်ပင် ပုန်းအောင်းနေသည်ဟု ဆိုသည်။

မိုးဗြဲမြို့မှ စစ်ဘေးရှောင်အရေအတွက်ကို စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများသာမက အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့အစည်းများကလည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဒေသခံများက ဝေးဝေးလံလံ ရွှေ့ပြောင်းလေ့မရှိကြောင်း ထိုမြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် Mobye Rescue Team ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ပြောသည်။

“မိုးဗြဲကတော့ သိပ်ပြေးလေ့မရှိဘူး။ ပြေးမှာလည်း မဟုတ်ပါဘူး။ သူတို့ (ဒေသခံ) ကတော့ ဟိုနေရာရွှေ့ ဒီနေရာရွှေ့ပေါ့။ ဒီဘက်ဖြစ်ရင် ဟိုဘက်မှာရွှေ့၊ ဟိုဘက်ဖြစ်ရင် ဒီဘက်မှာရွှေ့ အဲဒီလိုရွှေ့ကြတာချည်းပဲ”

ယမန်နေ့အထိ တိုက်ပွဲကာလ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့ရာ ထိုအထဲတွင် ကလေးငယ် ၃ ဦး ပါဝင်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ အားပြုသည့် အရာမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။

ဇွန်လ ၁ ရက်ကလည်း မိုးဗြဲမြို့ အနောက်ဘက်ရှိ ကယန်းပြည်သစ်တပ်မတော် (KNLA) ၏ နယ်မြေလုံခြုံရေးဂိတ် ရှိသည့်နေရာကို လေတပ်က ဗုံးကြဲသော်လည်း အသေအပျောက်မရှိခဲ့ပေ။

စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲ အင်အားဖြည့်၊ စစ်ကြောင်းထိုးခြင်းများ အကြိမ်ကြိမ် ပြုလုပ်နေရာ ကရင်နီဒေသတွင်း တိုက်ပွဲများသည် နယ်မြေထိစပ်နေသော ရှမ်းပြည်တောင်ပိုင်းအထိပါ ဖြစ်ပွားလာပြီး ဖယ်ခုံ၊ မိုးဗြဲသာမက ပင်လောင်းမြို့နယ်အထိပါ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာသည်။

မြို့ပေါ်နေရာများကိုသာ စစ်တပ်က ထိန်းချုပ်နိုင်ပြီး ကျန်နေရာအများစုကို ဒေသခံ ပူးပေါင်းအဖွဲ့များက နယ်မြေထိန်းချုပ်ထားသည်မှာ ၂ နှစ် ကြာလာပြီ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button