ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့အကြား သုံးရက်ဆက်တိုက်ပွဲဖြစ်စဉ် ကလေးငယ်နှစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့သည်။
မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်နှင့် အနီးရှိစက်တော်ရာဘုရားတွင် တပ်စွဲထားသည့် စစ်တပ်က စည်ကား ရပ်ကွက်ဘက်သို့ ဝင်ရောက်လာ၍ ယခုလ ၂၇ မှ ၂၉ အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်သ ဖြင့် လေးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရသည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ တပ်ရင်းမှူးဖြစ်သည့် ကိုတုတ်ကြီးဆိုသူက ပြောသည်။
“ရက်တိုင်းပဲ တိုက်ပွဲဖြစ်တာနဲ့ လေကြောင်းက လာပစ်တယ်”
ယခုလ ၂၇ ရက်နေ့တွင် မိုးဗြဲမြို့ စည်ကား (၃) ရပ်ကွက်မှ အသက် ၃ နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦး နှင့် အသက် ၄၀ အရွယ် စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေ ဆုံးခဲ့ကာ တောင်ယာသွားသည့် အမျိုးသားတစ်ဦးကိုလည်း စစ်တပ်က ပစ်သတ်ခဲ့သည်ဟု သိရသည်။
တိုက်လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ညောင်ဝိုင်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များပါ ပျက်စီးခဲ့သည်ဟုလည်း သိရသည်။
နောက်တစ်ရက် နံနက်အစောပိုင်းတွင် မိုးဗြဲမြို့အနောက်ဘက်ရှိ မြေနီကုန်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရခဲ့သည်ဟု MBPDF က ဆိုသည်။
ယမန်နေ့ (မေ ၂၉) တွင် စစ်တပ်အထိုင်စခန်းများမှ ပစ်ခတ်သော လက်နက်ကြီးထိမှန်သဖြင့် စည်ကား (၁) ရပ်ကွက်မှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးကာ ထိုကလေးငယ်၏ မိသားစုဝင် သုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်။
ထွက်ပြေးနိုင်ခြင်းမရှိဘဲ တိုက်ပွဲများအတွင်း ပိတ်မိနေသည်ဟုလည်း မိုးဗြဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အိမ်ထဲမှာပဲနေပြီး အခြေအနေနည်းနည်းကောင်းမှ အပြင်ထွက်။ ပြေးစရာနေရာလည်း မရှိတော့ဘူး။ ဘယ်မှာ ပြေးလို့ပြေးရမှန်း မသိတော့ဘူး”
မြို့ခံများမှာ တိုက်ပွဲပြင်းထန်ချိန် လက်နက်ကြီးနှင့် လေယာဉ်ဗုံးကြဲနေစဉ် အိမ်ထဲတွင် ပုန်းအောင်း နေကြပြီး တိုက်ပွဲငြိမ်သက်ပါက မိမိတို့ ပုံမှန်အလုပ်များ ပြန်လုပ်ကြကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။
မိုးဗြဲမြို့ပေါ်တွင် စစ်သားများရှိနေသည့်နည်းတူ ၎င်းတို့တပ်ဖွဲ့များလည်း ရှိနေကာ တစ်ဖက်နှင့်တစ် ဖက် လိုက်လံချောင်းမြောင်းပစ်ခတ်နေကြသည်ဟု MBPDF တပ်ရင်းမှူး ကိုတုတ်ကြီးက ပြောသည်။
“ဒီအတိုင်းပဲ လိုက်ချောင်းပစ်နေတဲ့ ပုံစံမျိုးပေါ့။ ထိပ်တိုက်တွေ့ရင်တော့ တိုက်ပွဲအကြီးအကျယ် ဖြစ်မယ်”
တိုက်ပွဲဖြစ်နေသည့်အတွက် ပြည်သူများအနေဖြင့် မိမိလုံခြုံရေးကို အထူးဂရုစိုက်ကြရန် မိုးဗြဲ PDF က ထုတ်ပြန်သတိပေးထားသည်။
“ပြည်သူတွေက သူတို့လုံခြုံဖို့က ကတုတ်ကျင်းတွေ သေချာတူးထား၊ ဒါမှမဟုတ်လည်း ရှောင်နေရင် တော့ ပိုကောင်းတာပေါ့။ အကယ်၍ လေယာဉ်က (ဗုံး)လျှောက်ကြဲရင်တော့ အိမ်ထိမယ် လူထိမယ်၊ ပျက်စီးဆုံးရှုံးမှု များတာပေါ့” ဟု MBPDF တပ်ရင်းမှူးက ပြောသည်။
သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီက ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ယင်းမတိုင်မီ မေ ၂၃ ရက်ကလည်း မိုးဗြဲမြို့အနီးရှိ စစ်ဘေးရှောင်စခန်းကို နှစ်ကြိမ်တိုင် ဗုံးကြဲခဲ့ကြောင်း MBPDF ၏ ထုတ်ပြန်ချက်က ဆိုသည်။ မေ ၂၂ ကလည်း ကုန်တင်ယာဉ်တစ်စီးကို စစ်တပ်က ပစ်ခတ်သဖြင့် ယာဉ် နောက်လိုက်သေဆုံးကာ ယာဉ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့သည်။
ရှမ်းပြည်နယ်နှင့် ကယား (ကရင်နီ) ပြည်နယ်အစပ်ရှိ မိုးဗြဲမြို့သည် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်များ နှင့် ထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသည်။
ထိုမြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရန်ကြိုးစားနေပြီး တော်လှန်ရေးတပ်များဘက်ကလည်း မြို့တွင် နေရာယူထားသည့်အတွက် မကြာခဏ တိုက်ပွဲဖြစ်နေသည်။ နယ်မြေထိစပ်နေသော ဒီးမော့ဆိုမြို့နယ် တွင်လည်း မေလလယ်ခန့်မှစ၍ စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်ကာ နယ်မြေထိန်း ချုပ်နိုင်ရေး ကြိုးပမ်းနေသည်။