သတင်း

တရုတ်မယားအဖြစ်ပျော်နေသူ ဆင်ဟွာသတင်းကို မြန်မာတာဝန်ရှိသူများဝေဖန် 

တရုတ်နိုင်ငံသားနှင့် လက်ထပ်ထိမ်းမြားခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦးအကြောင်း ဆင်ဟွာသတင်းဌာန၏ ထုတ်လွှင့်ချက်မှာ လူကုန်ကူးမှုကို အားပေးအားမြှောက်ရာကျနေပြီး လက်တွေ့အခြေအနေနှင့် ကင်းကွာနေကြောင်း တာဝန်ရှိသူများက ဝေဖန်လိုက်သည်။ 

တရုတ်နိုင်ငံသားနှင့် လက်ထပ်ပေါင်းပြီး အဆင်ပြေနေသည့် အမျိုးသမီးများနှင့် ပတ်သက်သည့် သတင်းမျိုး မကြားဖူးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်စုလွင်က Myanmar Now ကို ပြောသည်။ 

ဆင်ဟွာသတင်းဌာန၏ ထုတ်လွှင့်ချက်ကို ကြည့်ရှုမိသူများအနေဖြင့် တရုတ်မယားအဖြစ် ဝယ်ယူပေါင်းသင်းခံရသည့် အမျိုးသမီး သို့မဟုတ် မြန်မာအမျိုးသမီးဖြစ်သဖြင့် တရုတ်အစိုးရက ထောက်ပံ့သည်ဟု ယူဆကာ နားလည်မှုလွဲနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

မာရှောင်ယွဲဆိုသူ မြန်မာအမျိုးသမီးတစ်ဦးသည် တရုတ်အမျိုးသားနှင့် လက်ထပ်ပြီးနောက် တရုတ်အစိုးရအထောက်အပံ့ဖြင့် ဆန်းရှီးပြည်နယ်တွင် အစစအရာရာ အဆင်ပြေချောမွေ့စွာ နေထိုင်လျက်ရှိကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ၎င်း၏ Facebook စာမျက်နှာမှတဆင့် စတင်တင်ဘာ ၂၁ ရက်တွင် ထုတ်လွှင့်ခဲ့သည်။ 

ဆင်ဟွာသတင်းဌာန၏ ရုပ်သံသတင်းနှင့် ပတ်သက်၍ အမှန်ဟု ယူဆ၍ မရဘဲ မြန်မာနိုင်ငံပြန်ရောက်၍ အဆင်ပြေပါသည်ဟု ပြောဆိုနိုင်မှသာ မှန်ကန်မည်ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီးသက်နိုင်အောင်က ပြောသည်။ 

“ဒီသတင်းကို ထုတ်လွှင့်လိုက်ရင် အကျိုးရှိတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာ စိစစ်ရမယ်။ ဒီသတင်းဟာ ကျွန်တော်တို့နိုင်ငံအတွက် အကျိုးမရှိတဲ့သတင်းဖြစ်တဲ့အတွက် လက်မခံနိုင်ပါဘူး” ဟု ရဲမှူးကြီးသက်နိုင်အောင်က ပြောသည်။ 

ဆင်ဟွာသတင်းဌာန၏ Fcebook စာမျက်နှာက မြန်မာဘာသာစာတန်းထိုးဖြင့် ထုတ်လွှင့်ခဲ့သည့် အချိန် ၃ မိနစ်ကြာ ထိုရုပ်သံသတင်းတွင် မာရှောင်ယွဲဆိုသူ မြန်မာအမျိုးသမီးသည် ပျော်ရွှင်ကြည်နူးဟန်ဖြင့် တရုတ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ပြောနေသည်ကို တွေ့ရသော်လည်း ၎င်း၏ မြန်မာအမည်၊ အသက်၊ ဇာတိနေရပ်လိပ်စာနှင့် တရုတ်နိုင်ငံသို့ မည်သို့ရောက်ရှိလာပုံကိုမူ ဖော်ပြထားခြင်းမရှိပေ။  

မာရှောင်ယွဲဆိုသူ မြန်မာအမျိုးသမီးသည် တရုတ်အမျိုးသားတစ်ဦးနှင့် တွေ့ဆုံပြီးနောက် ၂၀၀၇ ခုနှစ်တွင် လက်ထပ်ကာ အမျိုးသား၏ဇာတိ တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်တွင် နေထိုင်လျက်ရှိသည်ဟု ဆင်ဟွာသတင်းက ဆိုသည်။ 

အဆိုပါ သတင်းဖော်ပြချက်မှာ မှားယွင်းနေကြောင်း တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့အခြေစိုက် ကရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။ 

“လူကုန်ကူးမှုကို အားပေးအားမြှောက်ရာကျတယ်။ မြန်မာနိုင်ငံသားတွေကို ဆွဲဆောင်မှုတစ်ခုလို့ပဲ ယူဆတယ်။ မဖြစ်နိုင်ဘူး။ ဒီဘက်ကို ဖမ်းပြီးပြန်ပို့တဲ့သူတိုင်းဟာ သူတို့အမျိုးသားတွေနဲ့ အိမ်ထောင်ကျတယ်” ဟု ၎င်းက ပြောသည်။ 

၂၀၀၈ ခုနှစ်မှစ၍ ၁၂ နှစ်တာကာလအတွင်း တရုတ်မယားအဖြစ် လူကုန်ကူးခံရသူ အမျိုးသမီးပေါင်း သောင်းဂဏန်းကို ကူညီပေးခဲ့သည့် အတွေ့အကြုံအရ တရုတ်နိုင်ငံသည် တရုတ်အမျိုးသားနှင့် လက်ထပ်ပေါင်းသင်းသည့် အမျိုးသမီးများကို တရားမဝင်နေထိုင်သူအဖြစ် ဖမ်းဆီးထောင်ချပြီး နိုင်ငံသားအဖြစ် ခံယူခွင့်ပေးခြင်းမျိုး မရှိကြောင်း ဦးသောင်းထွန်းက ပြောသည်။ 

တရုတ်မယားအဖြစ် လူကုန်ကူးခံရသူများကို ကူညီပေးနေသည့် ကချင်ပြည်နယ်အခြေစိုက် ထွယ်ဂျန်ဒါအမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်နန်ပူကလည်း မာရှောင်ယွဲကဲ့သို့ အဆင်ပြေနေသည်ဆိုသော အမျိုးသမီး အင်မတန်နည်းပါးပြီး ကာယကံရှင်သဘောဆန္ဒမပါဘဲ ပွဲစားမှတဆင့် ငွေပေးဝယ်ယူ၍ အဓမ္မလက်ထပ်ခံသူ အမျိုးသမီးအရေအတွက် ပိုများသည်ဟု ဆိုသည်။ 

“တစ်ယောက်တည်း အဆင်ပြေတာကို ပြပြီးတော့မှ အများစု ဒုက္ခရောက်နေတာကို မရောက်ပါဘူးလို့ ပါးစပ်ပိတ်တဲ့ အပိုင်းပေါ့။ ဒါ လူ့အခွင့်အရေးချိုးဖောက်တယ်။ တကယ်အဆင်ပြေတာကတော့ လုံးဝ အရမ်းရှားပါးတယ်” ဟု ဒေါ်နန်ပူက ပြောသည်။ 

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ၎င်းတို့အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းလာသည့် တရုတ်မယားအဖြစ် လူကုန်ကူးခံရသူ အမျိုးသမီး ၁၁၉ ဦး ရှိသည်ဟုလည်း ၎င်းက ပြောသည်။ 

ဂရပ်ဖစ်ဒီဇိုင်း – မိုးထက်လျှမ်း/Myanmar Now

မာရှောင်ယွဲမှာ တရုတ်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် နေထိုင်ပါက အထောက်အပံ့ရနိုင်ကောင်းသော်လည်း တရုတ်မယားအဖြစ် ရောင်းစားခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီးများကို တရုတ်အစိုးရက မည်သည့်ထောက်ပံ့မှုမျိုးမှ မရှိခဲ့ကြောင်းလည်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်စုလွင်က ပြောသည်။ 

ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် တရုတ်မယားအဖြစ် လူကုန်ကူးခံရသူများနှင့် လူကုန်ကူးခံရလုနီးပါးအမျိုးသမီးများကို ကူညီစောင့်ရှောက်ပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် ၁၈၁ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၂၄၂ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၃၀၈ ဦး၊ ၂၀၂၀ တွင် ဩဂုတ်အထိ ၁၅၉ ဦးကို ကူညီစောင့်ရှောက်ပေးခဲ့ရသည်။ 

၂၀၁၈ ခုနှစ်အတွင်း အမေရိကန် Johns Hopkins တက္ကသိုလ်နှင့် ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးတို့ ပူးတွဲထုတ်ပြန်ခဲသည့် အစီရင်ခံစာအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တရုတ်မယားအဖြစ် ရောင်းစားခံရသူ အမျိုးသမီးအရေအတွက် ၈၀၀၀ နီးပါးရှိသည်။ 

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများမှ အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ငွေကြေးဖြင့် ဝယ်ယူကာ ကလေးမွေးပြီးပါက အိမ်ပြန်ပို့ပေးမည်ဟု တရုတ်အမျိုးသားက အပေးအယူလုပ်လေ့ရှိသည်ဟု ၂၀၁၉ ခုနှစ် အတွင်း ထုတ်ပြန်ခဲ့သည့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ 

မျိုးရိုးလက်ဆင့်ကမ်းနိုင်မည့် သားယောက်ျားလေးကို ဦးစားပေးသော တရုတ်နိုင်ငံတွင် ၂၀၁၆ ခုနှစ်အထိ နှစ်ပေါင်း ၄၀ နီးပါးကျင့်သုံးခဲ့သည့် တစ်အိမ်ထောင်ကလေးတစ်ယောက် မူဝါဒကြောင့် အမျိုးသားအရေအတွက်သည် အမျိုးသမီးထက် ၃၃ သန်းပိုများနေပြီး တရုတ်အမျိုးသားများသည် အိမ်ထောင်ဖက်ရှာရန် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ကို ပစ်မှတ်ထားလာကြသည်။ 

တရုတ်အမျိုးသားများအနေဖြင့် တရုတ်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုမည်ဆိုပါက တရုတ်ယွမ်ငွေ သိန်း ၁၀၀ (မြန်မာကျပ်ငွေ သိန်း ၂၂၀၀၀ ခန့်) ကုန်ကျမည်ဖြစ်သော်လည်း မြန်မာအမျိုးသမီးကို လက်ထက်ပါက ယွမ်သုံးသောင်းမှ တစ်သိန်းခွဲ (ကျပ်သိန်း ၆၀ မှ ၃၀၀ ကြား) အထိသာ ပေါက်ဈေးရှိနေကြောင်း ပြီးခဲ့သည့်နှစ်အတွင်း Myanmar Now က အထူးသတင်းဆောင်းပါး ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။  

Show More

Related Articles

Back to top button