သတင်း

ကျားဖောင်လုပ်သားများအတွက် ဥပဒေတစ်ရပ် ပေါ်ပေါက်စေလိုကြောင်း ကျားဖောင်လုပ်သားဟောင်းပြော

ကျားဖောင်အလုပ်သမားများကို ညှဉ်းပန်းနှိပ်စက်ခံရမှုမှ ကာကွယ်ပေးနိုင်မည့် ဥပဒေတစ်ခု အမြန်ဆုံးပေါ်ပေါက်စေလိုကြောင်း ကျားဖောင်လုပ်ငန်းတစ်ခုသို့ အတင်းအကျပ် ရောင်းစား ညှဉ်းပန်းနှိပ်စက်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ ကိုမြတ်သူရထွန်းက ပြောဆိုလိုက်သည်။

အသက် ၂၃ နှစ် ကိုမြတ်သူရထွန်းသည် ဖျာပုံမြို့နယ်ရှိ သဉ္ဇာထွန်းကျားဖောင်သို့ လူပွဲစားများ၏ ရောင်းစားခံရပြီး ပင်လယ်ပြင်ကျားဖောင်ပေါ်၌ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဟုဆိုကာ ၎င်းကို လိမ်လည်ခေါ်ဆောင်သွားသူ ၆ ဦးနှင့် ဖောင်ဦးစီးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ နှင့် ၃၂ တို့အရ ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ ဇန်နဝါရီ ၇ က တရားစွဲဆိုတင်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ရေလုပ်သားများ၏ အခွင့်အရေးကို ကာကွယ်ပေးမည့် ဥပဒေတစ်ခု ပြဋ္ဌာန်းပေးစေလိုကြောင်း ကိုမြတ်သူရထွန်းက မတ် ၁၈ ရုံးချိန်းအပြီးတွင် Myanmar Now ကို ပြောသည်။

နောက် လူငယ်တွေ ကလေးတွေအနေနဲ့ အခုလိုမျိုး လူကုန်ကူးမှု ဆိုတာကြီးကို မဖြစ်စေချင်တော့ဘူး။ ကျားဖောင်ကို ပါသွားတယ်ပဲထား၊ သူ့အတွက် ကာကွယ်မှုက ဘယ်မှာလဲ။ မြန်မာနိုင်ငံမှာက အဲဒီလို မရှိဘူး။ အဲဒီတော့ ဥပဒေလေးတစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော်စေချင်တယ်ဟု ကိုမြတ်သူရထွန်းက ပြောသည်။

နှစ်ပေါင်း ၃၀ သက်တမ်းရှိ ၁၉၉၀ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ငါးလုပ်ငန်းဦးစီးဌာနက ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေကြမ်းတွင် ငါးလုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက်များအပြင် ပျက်ကွက်မှုအတွက် ပြစ်မှုပြစ်ဒဏ်များပါ ပါဝင်လာသည်။

ယင်းဥပဒေကြမ်းမှာ ၂၀၁၉ စက်တင်ဘာ ၂၃ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့အထိ မဆွေးနွေးရသေးပါ။ သို့သော် ဧပြီ ၂၇ တွင် ပြန်လည်စတင်မည့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများတွင် ဦးစားပေးဆွေးနွေးမည့် ဥပဒေကြမ်းများအနက် ပါဝင်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဦးဆောင်သည့် လွှတ်တော်သက်တမ်းကာလအတွင်း အတည်ပြုနိုင်ရန် မျှော်လင့်ထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက Myanmar Now ကို ပြောသည်။

ဒဂုံတက္ကသိုလ်၊ သမိုင်းအထူးပြုဘာသာရပ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းသည် ၂၀၁၉ အောက်တိုဘာ ၂ တွင် ရုတ်တရုတ်ပျောက်ဆုံးခဲ့ပြီး နိုဝင်ဘာ ၁၉ ၌ ကျားဖောင်လုပ်ငန်းတစ်ခုမှ စုတ်ပြတ်ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

၎င်းကို တစ်လလျှင် ကျပ်သိန်း ၂၀ ခန့် ရမည့် အလုပ်သွင်းပေးမည်ဟု သွေးဆောင်ကာ ဒလမြို့သို့ ခေါ်ဆောင်သွားပြီးနောက် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ ကျားဖောင်သို့ လိမ်လည်ခေါ်ဆောင်သွားခဲ့သည်ဟု ၎င်း၏ မိသားစုဝင်များက ဆိုသည်။

ကိုမြတ်သူရထွန်းကို ပြန်လည်တွေ့ရှိချိန်တွင် ၎င်းကို လိမ်လည်ခေါ်ဆောင်သွားခဲ့သူများက ကျားဖောင်လုပ်ငန်းရှင်ထံမှ ထုတ်ယူသွားသည့် ကြိုတင်လစာ ၈၀၀,၀၀၀ မှ ၎င်း၏ တစ်လခွဲ လုပ်ခလစာ ၉၀,၀၀၀ ကျပ်နှင့် အခြားစရိတ်များကို နုတ်ပြီး ၆၀၀,၀၀၀ ခန့်နှင့် ကျားဖောင်လုပ်ငန်းရှင်ထံမှ ပြန်လည်ရွေးယူခဲ့ရသည်ဟု မိသားစုဝင်များက ဆိုသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၅ အရ တစ်စုံတစ်ဦး (အမျိုးသမီး၊ ကလေးငယ်နှင့် လူငယ်များ မပါ) ကို လူကုန်ကူးကြောင်း ပြစ်မှုထင်ရှားလျှင် ကျူးလွန်သူကို ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ် အထိ အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အားပေးအားမြှောက်ပြုခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်း စသည်တို့ ပြုလုပ်ပါက ပုဒ်မ ၃၂ အရ တူညီသော ပြစ်ဒဏ်ကို ချမှတ်နိုင်သည်။

ကိုမြတ်သူရထွန်းက ကျားဖောင်ပေါ်၌ အလုပ်လုပ်ခဲ့သည့် တစ်လခွဲခန့်အချိန်အတွင်း ဖောင်ဦးစီး ကျော်အောင်က ၎င်းကို ငါးဆွဲသည့် ထွန်ခြစ်အရိုးဖြင့် ရိုက်ရာ လက်ကျိုးခဲ့ကြောင်း၊ ရိုက်နှက်မှုကြောင့် ဘယ်ဘက်နားရွက် ဒဏ်ရာရခဲ့ပြီး ရန်ကုန်ပြန်ရောက်သည့်အခါ အဆိုပါဒဏ်ရာကို ၁၅ ချက်ခန့် ချုပ်ခဲ့ရကြောင်း၊ ဖောင်ဦးစီးက လုံးပတ်တစ်လက်မခွဲခန့်ရှိ သစ်သားကျည်ပွေ့ဖြင့် ၎င်း၏ လည်ကုပ်ကို ရိုက်နှက်ကြောင်း စသည်ဖြင့် မတ် ၁၈ ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။

ညှဉ်းပန်းနှိပ်စက်ခံရပုံကို တရားခွင်၌ ထွက်ဆိုပြီး ၎င်းသည် ငါးမိနစ်ခန့်ကြာအောင် ငိုကြွေးနေခဲ့သည်။ ထို့ကြောင့် တရားသူကြီးကထွက်ဆိုချက်ပေးရင်း ငိုကြွေးနေသည်ဟု တရားရုံးမှတ်တမ်း၌ ထည့်သွင်းမှတ်သားခဲ့သည်။

ကျားဖောင်ပေါ်တွင် အလုပ်သမားများသည် ကိုယ့်ဆန္ဒမပါဘဲ အဓမ္မခိုင်းစေခံနေရကြောင်း၊ ရိုက်နှက်ခံရသည့် သွေးထွက်ဒဏ်ရာများဖြင့်ပင် အလုပ်လုပ်ကိုင်ကြရသည်ကို တွေ့မြင်ခဲ့ရကြောင်းလည်း ၎င်းက တရားခွင်၌ ထွက်ဆိုခဲ့သည်။

ထို့အပြင် ရေလုပ်သားများမှာ ကျန်းမာရေးမကောင်းသည့်အခါတွင်ပင် ခွင့်ရက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း မရသဖြင့် ၎င်းတို့၏ အလုပ်သမားအခွင့်အရေးကို ကာကွယ်ပေးမည့် တိကျသောဥပဒေပြဋ္ဌာန်းချက်များ ရှိသင့်သည်ဟုလည်း ထွက်ဆိုခဲ့သည်။

ကိုမြတ်သူရထွန်းကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် ဖောင်ဦးစီး ကျော်အောင်မှာ ဖမ်းဆီးရမိပြီးနောက် အချုပ်ထဲ၌ လေဖြတ်ပြီး နိုဝင်ဘာအတွင်းက ကွယ်လွန်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်တရားရုံး၏ မီဒီယာပြန်ကြားရေး အရာရှိက ပြောသည်။ လိမ်လည်ခေါ်ဆောင်သွားသူ ၆ ဦးအနက် ကိုအောင်ဗလ (ခေါ်) ဗလကြီးကိုသာ ရဲက ဖမ်းဆီးမိခဲ့ပြီး ကိုအောင်ဗလမှာ လက်ရှိတွင် အချုပ်ဖြင့် အမှုရင်ဆိုင်နေသည်။

၎င်းကို ကျားဖောင်လုပ်ငန်းသို့ လိမ်လည်ခေါ်ဆောင်သွားသူ ၆ ဦးအနက် မအေးခက်မာ အမည်ရှိ အမျိုးသမီး အပါအဝင် ၅ ဦးကို အမှုစတင်ပြီး သုံးလကျော် ကြာသည့်တိုင် ဖမ်းမမိသေးသည့်အပေါ်လည်း အားမရကြောင်း မတ် ၁၈ ရုံးချိန်းအပြီးတွင် မီဒီယာများကို ထုတ်ဖော်ပြောဆိုသည်။

ကျားဖောင်လုပ်ငန်းများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ၂၀၁၆ ကတည်းက ပြည်တွင်း၊ ပြည်ပ မီဒီယာများက မီးမောင်းထိုးပြခဲ့ပြီးဖြစ်သော်လည်း ယနေ့အချိန်ထိ မဖြေရှင်းနိုင်သေးပါ။

ကိုမြတ်သူရထွန်း၏ ကိစ္စကို အကြောင်းပြု၍ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းများရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကိစ္စကို လူအများက တစ်ဖန်အာရုံစိုက်လာကြသည်။

ကိုကျော်ဇင်မြတ် (ခေါ်) ဂေါ်ဇီလာကြီး ဆိုသူတစ်ဦးမှာလည်း ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာရှိ ကျားဖောင်တစ်ခုတွင် ဖောင်ဦးစီးနှင့်အပေါင်းအပါများ၏ ညှဉ်းပန်းနှိပ်စက်ခံပြီး ၂၀၁၉ ဒီဇင်ဘာလအတွင်းက ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ၎င်းကို ညှဉ်းပန်းနှိပ်စက်ခဲ့သူများကို အပြင်းအထန်နာကျင်စေမှုဖြင့် ဖျာပုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။

Show More

Related Articles

Back to top button