နိုင်ငံရေးသတင်း

နန်းတွင်းစစ်ကြောရေးတွင် ဆရာတော်ကြီးများ ပို၍နှိပ်စက်ခံရ

နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်ကောင်စီ၏ မန္တလေး နန်းတွင်းစစ်ကြောရေးအတွင်း သက်ကြီးဝါကြီး ဆရာတော်ကြီးများ ပို၍ နှိပ်စက်ခံရသည်ဟု မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့် ဆရာတော်တစ်ပါးက မိန့်သည်။

လွတ်ရက်စေ့ခါနီးသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့ (မေ ၄) က ရွေးလွှတ်ပေးသည့် စစ်ကောင်စီ၏ အစီအစဉ်အရ မန္တလေးအိုးဘိုထောင်မှ လွတ်မြောက်လာသူများထဲတွင် နန်းတွင်းစစ်ကြောရေး၌ လူမဆန်သော ညှင်းပန်းနှိပ်စက်မှုများကို လဝက်ခန့် ရင်ဆိုင်ခဲ့ရသည့် အထက်ပါဆရာတော်လည်း ပါဝင်သည်။

အာဏာသိမ်းစ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် မန္တလေးမြို့တစ်နေရာတွင် ဆန္ဒပြမှုဖြင့် ရိုက်နှက်ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီ၏ စစ်ကြောရေးကို ဖြတ်သန်းခဲ့ရစဉ်အတွင်း ၁၀ ပေခန့်သာ ကျယ်ဝန်းသော အခန်းထဲတွင် သတင်းသုံးခဲ့ရသလို စစ်ကောင်စီ အရာရှိကြီးငယ်မျိုးစုံတို့က အချိန်မရွေး ခေါ်ထုတ်ကာ အပြင်းအထန် ရိုက်နှက် စစ်ဆေးတတ်သည်ဟု ထိုဆရာတော်က မိန့်သည်။

“ကြာတော့ လာခေါ်မှာကို ကြောက်နေခဲ့ကြရတယ်။ ထပ်ရိုက်ခံရအုံးမှာလားဆိုပြီး၊ အကြောက်တရားတွေနဲ့”။

“ထမင်းဆိုရင် ဟင်းပေါင်းလိုမျိုး ဟင်းလေးတွေပုံပြီး ကြွပ်ကြွပ်အိတ်နဲ့ လာပေးတယ်။ အဲဒီ ကြွပ်ကြွပ်အိတ်ကို သိမ်းထားပြီး ဦးဇင်းတို့က ကျင်ကြီးစွန့်ရတယ်။ရေသန့်ဗူးနဲ့ ဆီးသွားခဲ့ရတယ်”။

“ဆရာတော်အကြီးတွေက ပိုနှိပ်စက်ခံကြရတယ်။ ရင်ဘတ်တွေကို စစ်ဖိနပ်နဲ့ ကန်ကြောက်ကြတယ်။ ….. ဆရာတော်ဆိုရင် ရေတစ်ငုံသောက်တိုင်း ပြန်အန်တဲ့အထိ အတွင်းဒဏ်ရာတွေ ရခဲ့တယ်”။

အချိန်မရွေး ပြန်လည်ဖမ်းဆီးခံရနိုင်သည်ဖြစ်၍ လုံခြုံရေးအရ ဘွဲ့အမည်နှင့် အသေးစိတ်အချက်အလက်များကို အထက်ပါဆရာတော်က ထုတ်ဖော်ပြောဆိုလိုခြင်းမရှိပေ။

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်မည်ဟု တဖွဖွပြောလေ့ရှိသူ စစ်ခေါင်းဆောင်တို့က ၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် ၎င်းတို့ကို ဆန့်ကျင်သည့် မည်သူ့ကိုမဆို ဆန္ဒပြရုံဖြင့်ပင် သံဃာတော်များပင်မချန် သေနတ်ဖြင့်ပစ်၊ ကားဖြင့်တိုက်၊ ရိုက်နှက် ဖမ်းဆီးနေသည်။ စစ်ကြောရေးစခန်းများသို့ ပို့ဆောင်၍ နည်းမျိုးစုံဖြင့် နှိပ်စက်နေသည်။

ထိုသို့ စစ်ကောင်စီ၏ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားရား ကားရား လုပ်ရပ်များကို ကိုယ်တွေ့ ကြုံဖူးသည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှ စာချဆရာတော် အရှင်ရာဇိန္ဒက အာဏာသိမ်းပြီး ငါးလဝန်းကျင်အကြာ ၂၀၂၁ ဇူလိုင်လကတည်းက Myanmar Now ကို ပြောပြထားပြီးဖြစ်သည်။

ဆရာတော် အရှင်ရာဇိန္ဒမှာ ၂၀၂၁ မေ ၂၈ ရက်တွင် မန္တလေးမြို့ပေါ် ဆန္ဒပြပွဲအတွင်း စစ်သားတို့က ကားဖြင့်တိုက်၍ ဖမ်းခဲ့ပြီး ချက်ချင်း လူဝတ်လဲပြီး နန်းတွင်းစစ်ကြောရေးသို့ ပို့ခံရကာ ခြောက်ရက်ကြာ နေထိုင်ခဲ့ရသူဖြစ်သည်။

“ပထမဆုံး ဆောင့်ကြောင့်ထိုင်ခိုင်းတယ်။ လက်နှစ်ဖက်ကို ခေါင်းပေါ် တင်ခိုင်းပြီးတော့ ဖားခုန်ခုန်သွားခိုင်းတယ်” ဟု နန်းတွင်းစစ်ကြောရေးတွင် ကြုံတွေ့ခဲ့ရသည်များကို အရှင်ရာဇိန္ဒက ပြန်လည် မိန့်ကြားထားသည်။

“တစ်နေကုန်လုံးပူထားတဲ့ ကတ္တရာလမ်းပေါ်မှာ ဒူးထောက်ပြီးတော့ လက်နှစ်ဖက် ခေါင်းပေါ် တင်ထားခိုင်းပြီး ဒူးကို အားပြုပြီးတော့ ဒရောသောပါးသွားရတယ်ဆိုတော့ မြင်ကြည့်လိုက်ပေါ့။ ဘယ်လောက်အထိ နာကျင်မလဲဆိုတာ၊ မိနစ် ၃၀ လောက်ကြာတယ်၊ ဦးဇင်းတို့ကို ထားမယ့်အဆောင်ကို ရောက်တဲ့အထိ။ သွားခဲ့ရတဲ့အချိန်မှာလည်း နှေးတယ်ဆိုရင် နောက်ကနေ ရိုက်တယ်”။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာချိန်တွင် ထိုသို့ ဆန္ဒပြရုံဖြင့် ရက်စက်စွာ ပြုမူသည့် စစ်တပ်ကို ရရာလက်ဖြင့် ခုခံတော်လှန်မှုများ နိုင်ငံအနှံ့တွင် အရှိန်အဟုန်မြင့်နေသည်။ နိုင်ငံရှိ မြို့နယ်စုစုပေါင်း၏ ထက်ဝက်နီးပါးကို မအုပ်ချုပ်နိုင်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းတွင် ဝန်ခံထားရသည်။

ထိုသို့ နိုင်ငံတစ်ဝန်း ပြည်သူတို့၏ ပြောက်ကျားစစ်ဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက ယခုနှစ်၂၀၂၃ တွင် တော်လှန်ရေး အဖွဲ့များ ခုခံရန် မစွမ်းသာသည့် လေကြောင်းကို အားပြု၍ ဗုံးကြဲ၊ ဒုံးကျည်၊ စက်သေနတ်များဖြင့် ပစ်ခတ်နေရာ ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးမှုများ မြင့်တက်လာနေသည်။

နိုင်ငံအနှံ့တွင် စစ်ကောင်စီကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု များပြားနေချိန်တွင် စစ်အာဏာရှင်ကို တရားဓမ္မဖြင့် ဖျောင်းဖျရန် မဖြစ်နိုင်တော့သဖြင့် ရဟန်းဘဝကို စွန့်လွှတ်ကာ လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာသည့် သံဃာတော်အရေအတွက် ပိုများလာသည်။

ရဟန်းသံဃာများပင်မချန် ဖိနှိပ်နေသည့် လုပ်ရပ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button