သတင်း

ဖျာပုံထောင်တွင် နိုင်ကျဉ်းများရိုက်နှက်ခံရ၊ ၁၈ ဦးကို ထပ်တိုးထောင်ဒဏ်ချမှတ်

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းနှင့် အငြင်းပွားရာမှ နိုင်ငံရေးအကျဉ်းသားအများအပြား ရိုက်နှက်နှိပ်စက်ခံရပြီး ထောင်ဒဏ် ထပ်တိုးခံလိုက်ရသည်။

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထောင်တွင်းဝန်ထမ်းများနှင့် အငြင်းပွားမှု ဖြစ်ပွားရာ အကျဉ်းသားအများအပြား ရိုက်နှိက်နှိပ်စက်ခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသား ၁၈ ဦးလည်း ထပ်တိုးထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသည်။

ပြဿနာများသည် တနင်္ဂနွေနေ့ (မတ်လ ၃၁) နေ့လယ်ပိုင်းက နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းတစ်ဦးက ဆဲဆိုရာမှ စတင်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နှင့် ဖျာပုံမြို့ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းတို့က ပြောသည်။

ထိုလုပ်ရပ်ကို လက်မခံကြောင်း နိုင်ကျဉ်းများက ဦးဆောင်၍ ကန့်ကွက်ပြောဆိုရာမှ ထောင်ဝန်ထမ်းများနှင့် အငြင်းပွားမှုပြင်းထန်လာသည်ဟုလည်း ၎င်းတို့က ဆိုသည်။

“စဖြစ်ချိန်မှာ ထောင်ဝန်ထမ်းက ၁၀ ယောက်လောက်ပဲ ရှိတော့ အရေးပေါ်အော်ပြီး ဝန်ထမ်းအင်အားပြန်စု၊ စစ်တပ် ရောက်လာချိန်ကျ ပြန်ဖိတာ” ဟု PPNM အဖွဲ့မှ တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။

ပဋိပက္ခဖြစ်နေချိန်တွင် ဖျာပုံထောင်ဝန်ထမ်းများက အကျဉ်းသားများ ထောင်ဖောက်ရန် ကြိုးပမ်းနေကြသည်ဟု စစ်တပ်နှင့်ရဲကို သတင်းပို့ခဲ့ပြီးနောက် ယင်းနေ့ ညနေ ၅ နာရီတွင် စစ်ကားနှင့် ရဲကား ၃ စီး ရောက်လာသည်ဟု သိရသည်။

“သေနတ်နဲ့ ၁၀ ချက်လောက် ပစ်တယ် သိရပါတယ် လူမှန်တာတော့ မရှိပါဘူး” ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

ထို့နောက် ဖျာပုံထောင်တွင်း ဖမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုနန်းလင်းအောင်၊ ကိုဗညားအောင်၊ ကိုအောင်အောင်ဦး၊ ကိုဝေယံဦး၊ ကိုရှိုင်းညီညီ၊ ဦးစိုး၊ ကိုသုတဇံနှင့် ရာဇဝတ်မှုဖြင့် ထောင်ကျနေသူ ကိုအောင်ကြီးတို့ အပါအဝင် ၁၈ ဦးကို ထောင်စည်းကမ်းဥပဒေ ပုဒ်မ ၂၂၄ ဖြင့် စွဲချက်တင်ပြီး တနင်္လာနေ့ ညနေတွင် ထောင်ဒဏ် ၆ လစီ ချလိုက်သည်ဟု သိရသည်။

၎င်းတို့ကို စီရင်ချက်ချသူမှာ ဖျာပုံမြို့နယ်တရားသူကြီး ဒေါ်ဇင်မာလွင် ဖြစ်သည်ဟု သိရသည်။

၂၀၁၉ မေလအတွင်း ရွှေဘိုထောင်တွင် ဆူပူမှုဖြစ်သဖြင့် ဖြိုခွင်းရန် ရောက်လာသော ထောင်ဝန်ထမ်းများ။ (ဓာတ်ပုံ-Myanmar Now)

၎င်းတို့ကို လေအဝင်အထွက်နှင့် အလင်းရောင် မရှိသလောက် နည်းပါးသည့် တိုက်ခန်းကျဉ်းအတွင်း ပိတ်လှောင်ထားသည်ဟု သိရကြောင်း PPNM အဖွဲ့မှ တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။

“အခု သူတို့ကို တိုက်ပိတ်ထားပါတယ်” ဟု သူက ပြောသည်။

မတ် ၃၁ ညနေပိုင်းက ထောင်တွင်းသို့ စစ်ကားများဝင်သွားပြီးနောက် သေနတ်သံ ၁၅ ချက်ခန့် ကြားရကြောင်း၊ ဧပြီ ၂ နံနက်ပိုင်းထိ ထိုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ အကျဉ်းသားများကို ခေါ်ယူရိုက်နှက်စစ်ဆေးနေဆဲဖြစ်သည်ဟု ဖျာပုံမြို့နယ်မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“ထောင်ဝင်စာလည်း ဒီနေ့ (ဧပြီ ၃) နံနက်မှ ပြန်ဖွင့်ပေးတာ” ဟု သူက ပြောသည်။

လက်ရှိအချိန်ထိ ဖျာပုံထောင်တွင်း စစ်သားနှင့်ရဲများ လုံခြုံရေးယူထားဆဲဖြစ်ပြီး ရိုက်နှက်စစ်ဆေးခံရသူ အကျဉ်းသား ၁၀၀ ခန့်အနက် တိုက်ပိတ်၊ ပြစ်ဒဏ်တိုးခံရသူများအပါအဝင် ၂၀ ခန့်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိသည်အထိ ရိုက်နှက်ခံထားရသည်ဟု သိရသည်။

အကျဉ်းသားများကို ရိုက်နှက်မှုတွင် ဖျာပုံထောင်တာဝန်ခံအရာရှိ ဇော်ထွန်းဦး၊ ဒုတိယတာဝန်ခံအရာရှိ အောင်ဆန်းလင်း၊ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်အောင်၊ ပြည့်ဖြိုးထိုက်၊ ရဲမြင့်နှင့် ဟိန်းထက်အောင်ဆိုသူတို့ အဓိကပါဝင်သည်ဟု သတင်းရင်းမြစ်တစ်ခုထံမှ သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းအမှောင်ချထားသည်။

ပြီးခဲ့သည့် မတ်လကလည်း တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးမှု ၃ ခုဖြင့် ထောင် ၇ နှစ်ချခံထားရသူ ကိုဝင်းသီဟနှင့် အခြားအကျဉ်းသားတစ်ဦးကို ထောင်အာဏာပိုင်များက ခေါ်ထုတ်သွားပြီး သတ်ဖြတ်ခဲ့သည်။

Show More

Related Articles

Back to top button