သတင်း

အတင်းအကျပ်တရုတ်ဇနီးမယားဖြစ်ရမည့် အရေးမှ မြန်မာအမျိုးသမီးငယ်တစ်ဦး လွတ်မြောက်လာ

တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ မင်းကွန်းမှ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်သည် တရုတ်နှင့်မြန်မာ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာကူညီကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် အတင်းအကျပ် တရုတ်ဇနီးမယားဖြစ်ရမည့်အခြေအနေမှ ဇန်နဝါရီ ၆ ရက်တွင် လွတ်မြောက်ခဲ့ရသည်။

အဆိုပါအမျိုးသမီးငယ်သည် မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေစဉ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၉ ရက်ကတည်းက မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း သူ၏မိခင်က Myanmar Now ကို လွန်ခဲ့သည့် တစ်လခန့်က ပြောကြားခဲ့သည်။

ထိုစဉ်က အမျိုးသမီးငယ်အား ဆွေမျိုးနီးစပ် အမျိုးသမီးတစ်ဦးက ကလေးထိန်းအလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း လက်ဖက်ရည်ဆိုင်လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ကိုးကားပြီး အမျိုးသမီးငယ်၏ မိခင်ကဆိုသည်။

သီတင်းပတ်နှင့်ချီ ပျောက်ဆုံးနေခဲ့သည့် အဆိုပါအမျိုးသမီးငယ်အား တရုတ်တချို့က ခေါ်ဆောင်သွားသည်ကို မြန်မာတစ်ဦးက မိုဘိုင်းဖုန်းဖြင့် ရုပ်သံရိုက်ကူးကာ Facebook ပေါ်တင်ခဲ့ပြီးနောက်မှ တရုတ်ပြည်သို့ လူကုန်ကူးခံခဲ့ရကြောင်းမိသားစုဝင်များက သိရှိခဲ့ကြခြင်းဖြစ်သည်။

မြန်မာဘက်မှ ကူညီပေးရေးအဖွဲ့များက ရုပ်သံဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ် လွှင့်တင်ခဲ့သည့် Kyaw Kyaw ဖေ့ဘုတ်အကောင့်မှ စတင်ဆက်သွယ်ကာ၊ ၎င်းတည်းခိုခဲ့သည့် တည်းခိုခန်းမှ ဖုန်းနံပါတ်ရရှိပြီး ဖုန်းမှတစ်ဆင့် ရှိနိုင်မည့်နေရာများအား စုံစမ်းခဲ့ပြီး နှစ်နိုင်ငံရဲများကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ကောင်မလေးက သူ့ကိုခေါ်သွားတဲ့နေရာကနေ တစ်ထောက်နားတော့ ထွက်ပြေးတာ၊ အဲဒီမှာ(တရုတ်) ရဲတစ်ယောက်နဲ့တွေ့တော့ ရဲစခန်းရောက်သွားရော၊ ကျွန်မတို့က ရဲစခန်းတွေကို အကြောင်းကြားထားတော့ အဲဒီကနေ မူဆယ်လူကုန်တားကို ချိတ်ဆက်ပြီးပို့ပေးတာဟု

အမျိုးသမီးငယ် ပြန်လည်လွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့သူများအထဲမှ တစ်ဦးဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ဝင် ဒေါ်နီနီနိုင်က ပြောသည်။

အဆိုပါအမျိုးသမီးငယ် ရောက်ရှိခဲ့သည့် နေရာသည် တရုတ်နိုင်ငံ၊ ကွမ်တုံးပြည်နယ်၊ ဟွေကျိုးမြို့ဟု လတ်တလော အတည်ပြုနိုင်ပြီး ထိုမှတစ်ဆင့် နှစ်နိုင်ငံနယ်စပ် မြန်မာဘက်ခြမ်း မူဆယ်သို့ ပြန်လည်ရောက်ရှိနေပြီဟု ဒေါ်နီနီနိုင်က ပြောသည်။

လူကုန်ကူးမှုနှင့်ပတ်သက်ပြီး သံသယရှိသူ အမျိုးသမီးတစ်ဦးအား ရဲက ဖမ်းဆီးထားပြီး အခြားသံသယရှိသူများအား ဆက်လက်ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

Show More

Related Articles

Back to top button