ညီနောင် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ စစ်ကောင်စီတပ်များကို အကြီးအကျယ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်နေချိန်တွင် ၎င်းတို့၏ မဟာမိတ်များဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး နှစ်ဖွဲ့က လက်ရှိစစ်ရေးပဋိပက္ခတွင် ပါဝင်မည်မဟုတ်ဟု ယနေ့ (နိုဝင်ဘာ ၁) တွင် ကြေညာလိုက်ကြသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) က တရုတ်ဘာသာဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ပဋိပက္ခဖြစ်ပွားနေသော အင်အားစုအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြပြီး အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်ဆောင်ရန် တိုက်တွန်းထားသည်။
ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ/ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (PSC/NDAA) ကလည်း “မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေပြီး ပြည်သူများ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုနှင့် စစ်ဘေးရှောင်ဖြစ်ရမှု” အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရသည်ဟု မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ထုတ်ပြန်ထားသည်။
စစ်ပွဲတွင် ၎င်းတို့အဖွဲ့ “ဝင်ရောက် ပါဝင်ခြင်း၊ စွက်ဖက်ခြင်းတို့ ပြုမည်မဟုတ်ပါ” ဟု NDAA ထုတ်ပြန်ချက်က ဆိုသည်။
ညီနောင် ၃ ဖွဲ့၏ ကာလရှည်မဟာမိတ်များဖြစ်သော ထိုနှစ်ဖွဲ့၏ ထုတ်ပြန်ချက်သည် အချိန်ကိုက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ညီနောင် ၃ ဖွဲ့ အောက်တိုဘာ ၂၇ တွင် စတင်သော ၁၀၂၇ စစ်ဆင်ရေးနှင့် ပတ်သက်ပြီး တရုတ်နယ်စပ်အခြေစိုက် ထိုအဖွဲ့ကြီးများ မည်သို့တုံ့ပြန်မည်ကို စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံမှ ပြည်သူအများအပြား စောင့်ကြည့်နေချိန်တွင် ထိုသို့ ထုတ်ပြန်လိုက်ကြခြင်း ဖြစ်သည်။
တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိများကလည်း ရှမ်းမြောက်ဒေသတွင် အပစ်ရပ်ရန် စစ်ဆင်ရေးအစပြုသည့်နေ့မှစပြီး ပုံမှန်သတင်းစာရှင်းလင်းပွဲများတွင် တိုက်တွန်းပြောကြားလျက်ရှိသည်။
သို့သော်လည်း ၂၀၂၁ အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးကို ကူညီနေသည့် ညီနောင် ၃ ဖွဲ့၏ စစ်ဆင်ရေးက အရှိန်ကောင်းနေဆဲဖြစ်သည်။
“စစ်ရေးအရ အရေးပါသော တပ်စခန်း ၈၇ ခုကျော်ကို အပြီးသတ်သိမ်းပိုက်ခဲ့သည်” ဟု ၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
UWSA ၏ ထူးခြားသည့် ထုတ်ပြန်ချက်
နိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်သည့် ‘ဝ’ တပ်ဖွဲ့ UWSA ၏ ကြေညာချက်အစတွင် အပစ်ရပ်ကြရန် တိုက်တွန်းထားချက် ပါဝင်သည်။
သို့သော်လည်း တရုတ်ဘာသာဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ၎င်းတို့ ထိန်းချုပ်ထားသည့် လေပိုင်နက်နှင့် မြေပြင်ဧရိယာများကို ကျူးကျော်လာပါက လက်တုံ့ပြန်မည်ဟု ပါရှိသည်။
နယ်မြေကျူးကျော်မှုမှာ မည်သည့်အဖွဲ့ကို ရည်ညွှန်းကြောင်း ထည့်သွင်းထားခြင်း မရှိသော်လည်း ၎င်းတို့၏ ဒေသတွင် စစ်ကောင်စီ၏ လေယာဉ်များပျံသန်းမှု၊ စစ်ကောင်စီ၏ မြေပြင်တပ်များ ဝင်ရောက်လာမှုတို့ကို သတိပေးခြင်းဟု နားလည်ရသည်။
‘ဝ’ တပ်ဖွဲ့ UWSA သည် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA၊ တအာင်းတပ် TNLA တို့နှင့် မဟာမိတ်ဖွဲ့ထားသည်။
အခြားတစ်ဖက်တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ကောင်စီက ‘ဝ’ တပ် UWSA ထိန်းချုပ်ရာနယ်မြေများထဲ ကျားဖြန့်အွန်လိုင်းလောင်းကစားနှိမ်နင်းရေးခေါင်းစဉ်ဖြင့် ၎င်းတို့၏ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များ ဝင်ရောက်စစ်ဆေးရန် တရုတ်နှင့် ပေါင်းကာ ဖိအားပေးမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။
“ ‘ဝ’ နဲ့ မိုင်းလားကို (တစ်) တရားဥပဒေနဲ့အညီ နေထိုင်ဖို့၊ (နှစ်) တရားဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေသာ လုပ်ကိုင်ဖို့၊ (သုံး) အဲဒီဒေသအတွင်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေဖြစ်တဲ့ ရဲ၊ လဝက၊ အကောက်ခွန်တို့ ပေးဝင်ဖို့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရမှာ ဖြစ်ပါတယ်” ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်အစိုးရနှင့် ဆက်စပ်သည့် Phoenix သတင်းဌာနကို အောက်တိုဘာ ၂၃ ရက်နေ့ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ထိုမေးမြန်းခန်းက ကျားဖြန့်ဟု ခေါ်သည့် နယ်စပ်အွန်လိုင်းလောင်းကစားဂိုဏ်းများအကြောင်း တရုတ်သတင်းဌာနက အဓိကမေးမြန်းခဲ့ခြင်း ဖြစ်သော်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ‘ဝ’ ဒေသကို စစ်ကောင်စီတပ်များ ထိန်းချုပ်ရေးအတွက် တရုတ်၏အကူအညီက အရေးပါကြောင်း အဓိကထား ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ နှစ်နိုင်ငံအနေနဲ့ ဒီအတိုင်းလွှတ်ပေးထားရင် လာမယ့်နှစ်တွေမှာလည်း အခြားပြဿနာများ ဆက်ဖြစ်နေမှာဖြစ်ပါတယ်” ဟုလည်း တရုတ်ရုပ်သံကို စစ်ကောင်စီအရာရှိက ပြောဆိုခဲ့သည်။
အခြေအနေများရှုပ်ထွေးနေသည့် ‘ဝ’ ဒေသ
UWSA ထိန်းချုပ်ရာ ‘ဝ’ ဒေသသည် လက်ရှိအချိန်တွင် ကျားဖြန့်အွန်လိုင်းလောင်းကစားဂိုဏ်းများကြောင့် တရုတ်အစိုးရ၏ အာရုံစိုက်စောင့်ကြည့်ခြင်းကို ခံနေရသည်။
ကျားဖြန့်ဂိုဏ်းများကို ဖမ်းဆီးပေးရန် တရုတ်က ‘ဝ’ တပ် UWSA ကို ပြင်းထန်သည့် ဖိအားပေးထားရာ ပြီးခဲ့သည့် စက်တင်ဘာ ၆ နှင့် ၇ ရက်နေ့များက UWSA ထိန်းချုပ်နယ်များထဲမှ သံသယရှိသူ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို တရုတ်အစိုးရထံ လွှဲပေးခဲ့ရသည်။
ထို့ပြင် UWSA အရာရှိနှစ်ဦးကို ကျားဖြန့်အမှုနှင့် ပတ်သက်ပြီး တရုတ်အစိုးရက အောက်တိုဘာ ၁၂ တွင် ဆုကြေးဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။
တရုတ်၏ ငြိုငြင်မှုကို ခံခဲ့ရပြီးနောက် ထိုသူနှစ်ဦးကို တပ်ဖွဲ့ထဲမှ ထုတ်ပယ်ကြောင်း UWSA က ကြေညာခဲ့သလို၊ စစ်ကောင်စီဘက်ကလည်း ထပ်ဆင့်ဖမ်းဝရမ်းထုတ်ထားသည်။
ထိုနှစ်ဦးမှာ ‘ဝ’ ခေါင်းဆောင် ပေါက်ယူချန်း၏ တူနှင့် သမက်ဟောင်းတို့ ဖြစ်ကြပြီး မည်သည့်ဘက်ကမှ ဖမ်းမိပြီဖြစ်ကြောင်း တရားဝင်သတင်းမထုတ်ပြန်သေးပေ။
တရုတ်အစိုးရသည် UWSA ၏ ဒုစစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်း (ခေါ်) အာချန်ကို တရုတ်နိုင်ငံဘက်ခြမ်း ကူမင်းမြို့တွင် စက်တင်ဘာ ပထမသတင်းပတ်အတွင်းက ဖမ်းဆီးလိုက်ကြောင်း “ဝ” တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ဧရာဝတီသတင်းဌာနကလည်း ရေးသားသည်။
UWSA သည် လက်ရှိအချိန်တွင် တရုတ်၏ဖိအားအပြင် ကျားဖြန့်အွန်လိုင်းလောင်းကစား နှိမ်နင်းရေးခေါင်းစဉ်ဖြင့် ၎င်းတို့နယ်မြေထဲ ဝင်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီ၏ဖိအား၊ ဒေသတွင်းလက်နက်ကိုင်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေးဖိအားများနှင့်လည်း ရင်ဆိုင်နေရသည်။
UWSA နှင့် NDAA တပ်ဖွဲ့အင်အား
မြန်မာနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်တပ်များထဲတွင် UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် အင်အားအကြီးဆုံးနှင့် ခေတ်အမီဆုံး လက်နက်များတပ်ဆင်ထားသည့် တပ်ဖြစ်သည်။
‘ဝ’တပ်ဖွဲ့သည် စင်ပြိုင်အစိုးရ၊ စစ်ပြိုင်တပ်မတော်ပုံစံ ဆောင်ရွက်နေသည့်အတွက် သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဟု မြန်မာစစ်တပ်က ၂၀၁၉ အတွင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ပြောရသည်အထိ ‘ဝ’ ၏ အင်အားက ကြီးထွားနေသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲအပြီး ၁၉၈၉ တွင် ပေါ်ပေါက်လာသည့် မြန်မာ-တရုတ်နယ်စပ် ပန်ဆန်း(ပန်ခမ်း) အခြေစိုက် ထိုတပ်ဖွဲ့သည် အမြဲတမ်းစစ်သည်အင်အား ၃ သောင်းခန့် ရှိသည်ဟု လေ့လာသူတို့က ခန့်မှန်းထားသည်။
စစ်ကောင်စီက ‘ဝ’တပ်ဖွဲ့ကို သတိပေးခြိမ်းခြောက်မှုအချို့ ရှိခဲ့သော်လည်း ‘ဝ’တပ်ဖွဲ့နှင့် စစ်ရေးအရ ထိတ်တိုက်မတွေ့ရန် ချော့မော့ပေါင်းသင်းနေသည်။
အရပ်သားအစိုးရများလက်ထက်က တိုင်းရင်းသားလက်နက်ကိုင်များနှင့် သဘောတူခဲ့ကြသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ကို ‘ဝ’တပ်ဖွဲ့က လက်မှတ်မထိုးသည်ကိုပင် စစ်တပ်နှင့် အစိုးရအဆက်ဆက်က ကြီးမားသည့် ဖိအားမပေးဘဲ လိုက်လျောခဲ့ရသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ‘ဝ’တပ်ဖွဲ့ UWSA က အစဉ်တစိုက် တောင်းဆိုထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းဆိုချက်ကို မူအားဖြင့် သဘောတူကြောင်း စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့်နှစ်အတွင်းက ပြောကြားထားသည်။
ဗိုလ်ချုပ်ကြီးများ အချိန်ယူပြီး စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် UWSA ထိန်းချုပ်နယ်မြေများကို ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်ကို တွေ့ရသည်။
မိုင်းလားမြို့တွင် အခြေစိုက်ပြီး မိုင်းလားအဖွဲ့ဟု ထင်ရှားသည် NDAA သည် လက်နက်ကိုင်စစ်သည်အင်အား ၄၀၀၀ မှ ၆၀၀၀ ကြား ရှိမည်ဟု အကဲခတ်များက ခန့်မှန်းခဲ့ဖူးသည်။
UWSA နှင့် NDAA မိုင်းလားအဖွဲ့တို့၏ တူညီသော အချက်များတွင် ၁၉၈၉ ခုနှစ် နှစ်လယ်ပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူခဲ့ခြင်း၊ ယနေ့အချိန်အထိ တိုက်ပွဲပြန်မဖြစ်သေးခြင်း၊ NCA အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးမထားခြင်း စသည့် အချက်များ ပါဝင်သည်။
ထိုနှစ်ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA၊ တအာင်းတပ် TNLA တို့နှင့် မဟာမိတ်ဖွဲ့ထားသည်။
မိုင်းလားအဖွဲ့၏ ခေါင်းဆောင် ဦးစိုင်းလင်းသည် MNDAA အဖွဲ့ကို တည်ထောင်ခဲ့သည့် ဦးဖုန်ကျားရှင်၏ သမက်ဖြစ်သည်။
ဦးဖုန်ကျားရှင်သည် AA အဖွဲ့ တည်ထောင်ခါစက လက်နက်အင်အား လုံးဝမရှိသေးသည့် အခြေအနေတွင် သေနတ် အလက် ၁၀၀ စတင် ထောက်ပံ့ပေးခဲ့သူဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)