သတင်း

အဖြေမသိစေ့စပ်ဆွေးနွေးပွဲ သီတင်းတစ်ပတ်ကျော်သည်အထိ လောက်ကိုင်မကျသေး

တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး စေ့စပ်ဆွေးနွေးအပြီး သီတင်းတစ်ပတ်ကျော်သည်အထိ တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့ မကျသေးပေ။

တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ဖွံ့ဖြိုးမှုအားအကောင်းဆုံးဖြစ်သော လောက်ကိုင်မြို့ ဧရိယာတချို့တစ်ဝက်ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တိုက်ခိုက်ထိန်းချုပ်ထားသော်လည်း ထိုမြို့မှာ စစ်ကောင်စီလက်အောက် ရှိနေဆဲဖြစ်သည်ဟု မြောက်ပိုင်းအခြေစိုက် သတင်းရင်းမြစ်တချို့က ဆိုသည်။

မြန်မာ-တရုတ်နယ်စပ်မှ အစည်ကားဆုံးမြို့ဖြစ်ခဲ့သည့် လောက်ကိုင်ကို စစ်ပွဲမဖြစ်မီက တွေ့ရစဉ် (ဓာတ်ပုံ – Fully Light)

မကြာသေးမီက တရုတ်မြေပေါ်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီနှင့် မြောက်ပိုင်းသုံးဖွဲ့အကြား စေ့စပ်ညှိနှိုင်းပွဲကြောင့် လောက်ကိုင်မြို့ကံကြမ္မာနှင့် ရှမ်းမြောက်ဒေသတွင် ဖြစ်နေသော တိုက်ပွဲများ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာမည်ဟု လူအများစုက ခန့်မှန်းထားသည်။

ထိုဆွေးနွေးပွဲနှင့်ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA၊ TNLA နှင့် AA တို့မှ တာဝန်ရှိသူများကို Myanmar Now က ယမန်နေ့ကတည်းက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိကြပေ။

တရုတ်က ကမကထပြုခဲ့သည့် ဆွေးနွေးပွဲတွင် ရလဒ်မည်သို့ထွက်ခဲ့သည်ကို အတိအကျမသိရသော်လည်း ပေါက်ကြားလာသော စာရွက်စာတမ်းများအရ တရုတ်အလိုရှိနေသူများ ဖမ်းမိရေး၊ လောက်ကိုင်မြို့လက်လွှဲရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ပေးရေးတို့ကို အဓိကထားဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများဆက်ဖြစ်နေဆဲဖြစ်ကြောင်း၊ ၎င်းတို့ရပ်တည်ချက်မှာ “၁၀၂၇” စစ်ဆင်ရေး၏ မူလရည်ရွယ်ချက်အတိုင်းပင် ဖြစ်ကြောင်း၊ အာဏာလက်လွှတ်ရန် လက်တစ်လုံးအလို ရောက်နေသော စစ်ကောင်စီက တိုက်ပွဲနှင့်မဆိုင်သည်များကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု မြောက်ပိုင်းညီနောင်သုံးဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ ၁၃) ညပိုင်းတွင် ထုတ်ပြန်သည်။

တရုတ်မြေပေါ်မှ ဆွေးနွေးပွဲ

ပေါက်ကြားလာသော စာရွက်စာတမ်းများအရ စစ်ကောင်စီကိုယ်စားပြု ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့မှ ကိုယ်စားလှယ်များ ယခုလ ၇ နှင့် ၈ ရက်နေ့များက မူဆယ်ခရိုင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုတယ်တစ်ခုတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ စစ်ကောင်စီဘက်မှ ဦးဆောင်တက်ရောက်ခဲ့သူမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ဖြစ်သည်။

ထိုငြိမ်းချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးရာပြည့် ပြည်ထဲရေးဝန်ကြီးနှင့် စစ်ကောင်စီအဖွဲ့ဝင် ဖြစ်သွားပြီးနောက် ငြိမ်းချမ်းရေးအမည်ခံလှုပ်ရှားမှုများတွင် ဦးဆောင်နေသူ ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်များဘက်မှ ကိုးကန့်တပ် MNDAA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးဖုန်းဝင်းနိုင်၊ တအာင်းတပ် TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်နှင့် ရခိုင်တပ် AA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်တို့ ဦးဆောင်တက်ရောက်ခဲ့သည်။

လောက်ကိုင်မြို့အခြေစိုက် စစ်ကောင်စီတပ် ဒကစလောက်ကိုင်၏ စစ်ရေးပြအခမ်းအနားတစ်ခု (ဓာတ်ပုံ – ကိုးကန့်စစ်ကောင်စီ)

ကိုးကန့်တပ်ဖွဲ့၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးဖုန်းဝင်းနိုင်ဆိုသူမှာ MNDAA တပ်ဖွဲ့ကို လက်ရှိဦးဆောင်နေသူ ဖုန်းတာရွှန်၏သား၊ MNDAA တပ်ဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့သူ ဦးဖုန်ကြားရှင်၏ မြေးဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စေ့စပ်ဆွေးနွေးပွဲ သဘောတူညီချက်မူကြမ်းအရ စစ်ကောင်စီအနေဖြင့် လောက်ကိုင်မြို့ကို စွန့်လွှတ်ရမည့်အပြင် တရုတ်က အလိုရှိနေသော ကိုးကန့်ဒေသမှ သစ္စာခံခေါင်းဆောင်များကိုလည်း လွှဲပြောင်းပေးရမည်ဖြစ်သည်။

အပြန်အလှန်အားဖြင့် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်တို့အနေဖြင့် တရုတ်-မြန်မာ ကုန်သွယ်ရေးဇုန်နှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို အနှောင့်အယှက်မပြုရန် စစ်ကောင်စီဘက်က တောင်းဆိုခဲ့သည်ကို တွေ့ရသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်များ နှုတ်ဆိတ်နေဆဲဖြစ်သည်။ စစ်ကောင်စီနှင့် တရုတ်အစိုးရတို့က ဆွေးနွေးပွဲအကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အာဏာသိမ်းစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးသည့်အပေါ် သို့လောသို့လော ဝေဖန်ဆန်းစစ်မှုများ မြင့်တက်နေချိန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တချို့က ၎င်းတို့ ပါဝင်တက်ရောက်ခဲ့ခြင်း မရှိဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

လောက်ကိုင်တွင် အခြေစိုက်သည့် စစ်တပ်သစ္စာခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ (ဓာတ်ပုံ – ကိုးကန့်စစ်ကောင်စီ)

ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများဆက်ဖြစ်နေဆဲဖြစ်ကြောင်း၊ ၎င်းတို့ရပ်တည်ချက်မှာ “၁၀၂၇” စစ်ဆင်ရေး၏ မူလရည်ရွယ်ချက်အတိုင်းပင် ဖြစ်ကြောင်း၊ အာဏာလက်လွှတ်ရန် လက်တစ်လုံးအလိုရောက်နေ သော စစ်ကောင်စီက တိုက်ပွဲနှင့်မဆိုင်သော အရပ်သားပြည်သူများ၊ လူနေအိမ်နှင့် စေတီပုထိုး၊ ဘုရား ကျောင်းကန်များကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ ၁၃) ညပိုင်းတွင် ထုတ်ပြန်ထားသည်။

မြန်မာပြည်သူတစ်ရပ်လုံး လိုလားနေသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးသည် အချက်တစ်ချက်အနေဖြင့် ပါဝင်နေပြီး အွန်လိုင်းလိမ်လည်မှုပပျောက်ရေးနှင့် ထိုလုပ်ငန်းများကို လုပ်ဆောင်နေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များ နှိမ်နင်းရေးလည်း ပါဝင်သည်ဟု ဆိုသည်။

တိုက်ပွဲဆက်ဖြစ်နေသော်လည်း မသိမသာအသွင်ပြောင်းနေ

တရုတ်အစိုးရ၏ ကြားဝင်ကူညီမှုဖြင့် အပစ်ရပ်ရေး ဆွေးနွေးပွဲလုပ်နိုင်သည်ဟု စစ်ကောင်စီက ကြွေးကြော်ထားသော်လည်း မြေပြင်၌ တိုက်ပွဲများ ဆက်ပြင်းထန်နေဆဲဖြစ်သည်။ မြောက်ပိုင်းအဖွဲ့များ၏ စစ်ဆင်ရေးစတင်ခဲ့ရာ ရှမ်းမြောက်ဒေသအပြင် ရခိုင်ပြည်နယ်တွင်လည်း တိုက်ပွဲများဖြစ်နေသည်။

စစ်ကောင်စီက နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ လားရှိုး စသည့် မြို့နယ်များတွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်ဟု တအာင်းတပ် TNLA က သတင်းထုတ်ပြန်ထားကာ ရခိုင်တွင်လည်း တိုက်ပွဲဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းနှင့် နမ့်ဆန်မြို့နယ်တို့အပြင် ရခိုင်ပြည်နယ်မြောက်ဦးတွင် ထိတွေ့တိုက်ပွဲဖြစ်နေသည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ နေ့စဉ်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တရုတ်၏ကြားဝင်မှုဖြင့် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲရလဒ်အပေါ် မည်သည့်ဘက်ကမျှ အတည်ပြုထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း သီတင်းတစ်ပတ်အကြာတွင် မြေပြင်တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန်ပြောဆိုချက်များ အသွင်ပြောင်းလာသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို သိမ်းဆည်းပြီးနောက် ဒီဇင်ဘာအစောပိုင်းက တွေ့ရသည့် MNDAA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – The Kokang)

မြောက်ပိုင်းအဖွဲ့ဝင် TNLA နှင့် AA တို့က စစ်တပ်က စတင်တိုက်ခိုက်သယောင် ပြောဆိုလာသည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ 

“ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားဒေသတွေ၊ သူတို့လှုပ်ရှားနေတဲ့ ဒေသတွေမှာ စတင်တိုက်ခိုက်ခဲ့တာ မရှိခဲ့ပါဘူး။ ၎င်းတို့ကသာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ကျမှ လေသံပြောင်းပြီး တပ်မတော်က စတင်တိုက်ခိုက်တယ်ဆိုတဲ့ပုံစံမျိုး လေသံပြောင်းပြီး တိုက်ခိုက်နေတာမျိုးတွေ ရှိပါတယ်”

ရှေ့နောက်မညီသော ထုတ်ပြန်ပြောဆိုချက်များကြောင့် နာမည်ကြီးနေသည့် စစ်တပ်၏ ဝါဒဖြန့်ချိရေးအဖွဲ့ခေါင်းဆောင်က နိုင်ငံတစ်ဝန်းမှ တိုက်ပွဲများအကြောင်း အကျယ်တဝင့်ပြောဆိုသော်လည်း ယမန်နေ့တွင် MNDAA အမည်ကို လုံးဝထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

မြောက်ပိုင်းအဖွဲ့ဝင် TNLA နှင့် AA တို့က လေသံပြောင်းတိုက်ခိုက်လာသည်ဟု စစ်ကောင်စီဘက်က ဆိုသော်လည်း မည်သည့်နေ့ရက်က မည်သည့်အဖွဲ့၏ ပြောဆိုချက်ဖြစ်သည်ကို အတိအကျ ရည်ညွှန်းခြင်းလည်း မရှိပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က စတင်တိုက်ခိုက်လာသည်ဟု MNDAA က တရုတ်မြေပေါ်မှ ဆွေးနွေးအကြောင်း ဂယက်ထနေချိန် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုသည်ကို တွေ့ရသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ယမန်နေ့ညပိုင်း ထုတ်ပြန်ချက်တွင် စစ်ဆင်ရေး ၄၈ ရက်တာ ကာလအတွင်း ဗျူဟာကုန်းများ၊ စစ်စခန်းများကို မရပ်မနားတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု အတိုင်းအတာတစ်ခုထိ လျော့နည်းသွားခဲ့သော်လည်း ထပ်မံရှင်းလင်းရန် လိုအပ်နေသည်ဟု ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်နေကြောင်း၊ ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်သူအချို့ ထွက်ပြေးလွတ်မြောက်နေသောကြောင့် လိုက်လံဖမ်းဆီးနေဆဲဖြစ်ကြောင်းလည်း ဖော်ပြသည်။

“တိုက်ပွဲများ ဆက်လက်ရှိနေပြီး စစ်ကောင်စီသည် ၎င်းတို့၏ အရေးပါသောနေရာများ လက်မလွတ်ရေးနှင့် မဆုံးရှုံးရရေးအတွက် အသည်းအသန်တိုက်ခိုက်နေသော်လည်း အချည်းနှီးသာဖြစ်သည်” ဟုလည်း မြောက်ပိုင်းသုံးဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှု ပိုပြင်းထန်လာကြောင်း၊ မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ထိုးစစ်မှာ အရှိန်ကျနေသည့်အခြေအနေရှိကြောင်း မြောက်ပိုင်းအခြေစိုက် သတင်းရင်းမြစ်က ဆိုသည်။

MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင် (၂၀၂၂ ဖေဖော်ဝါရီ ၁၆ ကွယ်လွန်) အတွက် စစ်ခေါင်းဆောင်က ဝမ်းနည်းကြောင်း ပြောဆိုခဲ့ဖူးသည် (ဓာတ်ပုံ – The Kokang)

တရုတ်အလိုရှိသူများကို ပေးမည်ဟု စစ်ကောင်စီကမ်းလှမ်းခဲ့ 

တရုတ်ဘာသာစကားဖြင့် ရေးသားထားသည့် မြောက်ပိုင်းအဖွဲ့များနှင့် ဆွေးနွေးပွဲသဘောတူညီချက်မူကြမ်းအရ စစ်ကောင်စီက ကိုးကန့်မြို့တော် လောက်ကိုင်ကို စွန့်ခွာရန် သဘောတူထားသည်ကို တွေ့ရသည်။ ထို့ပြင် လောက်ကိုင်ကို စီမံခန့်ခွဲနေသည့် ကိုးကန့်ဒေသရှိ သစ္စာခံများကိုလည်း တရုတ်လက်အပ်ရန် သဘောတူသည်။

တရုတ်အစိုးရသည် ကျားဖြန့်လောင်းကစားသံသယဖြင့် ကိုးကန့်အုပ်ချုပ်ရေးခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းနှင့် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက် တို့အပါအဝင် လောက်ကိုင်မှ လူ ၁၀ ဦးကို ဆွေးနွေးပွဲအကြောင်း သတင်းထုတ်ပြန်သည့် ဒီဇင်ဘာ ၁၁ ရက်၌ပင် ဖမ်းဝရမ်းထုတ်ခဲ့သည်။

လောက်ကိုင်မှ အရေးအပါဆုံးသူ ၄ ဦးကို တရုတ်အစိုးရက ကျားဖြန့်ခေါင်းဆောင်များအဖြစ် စွပ်စွဲထားသည်။

ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းနှင့် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်နှင့် ပြီးခဲ့သည်လအတွင်းက သေဆုံးသွားသည့် တရုတ်နိုင်ငံသား ကြံ့ခိုင်ရေးအမတ် ဦးမြီရှောက်ချန်းတို့သည် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များထံ ဆယ်စုနှစ်နှင့်ချီကြာ သစ္စာခံခဲ့ကြသည့် ကိုးကန့်လက်နက်ကိုင်ခေါင်းဆောင်များ ဖြစ်ကြသည်။

၎င်းတို့ထဲမှ ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်မှလွဲပြီး ကျန်သုံးဦးသည် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်အမတ်များ ဖြစ်ကြသည်။

တစ်ချိန်တည်းတွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၁၉၉၉ မှစတင်ပြီး လောက်ကိုင်တွင် တပ်စွဲထားသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဟု အမည်ပေးထားသည့် တပ်ပြန်လည်ထွက်ခွာရန်လည်း စစ်ကောင်စီက သဘောတူပေးခဲ့သည်ဟု သိရသည်။ အင်အားထောင်ချီရှိသည့် ထိုတပ်ကို ဗိုလ်မှူးချုပ်မိုးကျော်သူက ဦးဆောင်သည်။

၂၀၀၉ အတွင်းက ဖွဲ့စည်းထားသည့် အမှတ် (၁၀၀၆) ကိုးကန့်နယ်ခြားစောင့်တပ်၊ စစ်တပ်ကို သစ္စာခံသည့် ဒေသရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အနာဂတ်အကြောင်းကိုတော့ သဘောတူညီချက်တွင် မတွေ့ရပေ။

ဦးပယ်ဆောက်ချိန် (ဓာတ်ပုံ – ကိုးကန့်စစ်ကောင်စီ)

ကုန်သွယ်ရေးလမ်း ပြန်ဖွင့်ပေးရန် စစ်ကောင်စီတောင်းဆို

တရုတ်က ဖမ်းဝရမ်းထုတ်ထားသည့် လောက်ကိုင်မှ သစ္စာခံများကို ရင်းရန်ဆုံးဖြတ်ခဲ့သည့် စစ်ကောင်စီက အပြန်အလှန်အားဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို မနှောင့်ယှက်ရန် အဓိကထား တောင်းဆိုခဲ့သည်ကို တွေ့ရသည်။​

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဒုတိယအကြီးဆုံး ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကို MNDAA က သိမ်းပိုက်ထားပြီး အဓိကကုန်သွယ်ရေးစခန်းဖြစ်သည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုလည်း TNLA က ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။

တိုက်ပွဲများပြင်းထန်နေသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို နိုဝင်ဘာ ၂၇ က တွေ့ရစဉ်။ (ဓာတ်ပုံ – Zayar Tun Ko P)

မိုင်ပေါင်း ၁၃၀၀ ကျော် နယ်မြေထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ တရားဝင်နယ်စပ်လမ်းကြောင်း ၅ ခုရှိသော်လည်း မူဆယ်၊ ချင်းရွှေဟော်တို့မှာ အဓိကကျသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၂၀၂၃ ဧပြီလမှ အောက်တိုဘာလအထိ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၂၉၀ နီးပါးရှိသည်။ ထိုအထဲမှ ၉၅ ရာခိုင်နှုန်းဖြစ်သည့် ကန်ဒေါ်လာသန်းပေါင်း ၂,၁၈၆ (၂ ဘီလျံကျော်) ကုန်သွယ်မှုသည် မူဆယ်နှင့် ချင်းရွှေဟော်တို့မှဖြစ်သည်။

Show More

Related Articles

Back to top button