ဆောင်းပါး

ရဲဘော်ဒူးထောက်၊ မင်းအောင်လှိုင်တိုက်ဆောက်

အာဏာသိမ်းပြီးချိန်တွင် စတင်တည်ဆောက်ခဲ့သည့် စစ်ခေါင်းဆောင်၏ နေပြည်တော်မှ ခမ်းနားထည်ဝါသော ဇိမ်ခံအိမ်အသစ်ကြီးသည် ရုပ်လုံးပေါ်လာကာ မကြာမီပြီးစီးတော့မည်ဖြစ်သည်။ ခြံဝင်းကြီးတစ်ခုလုံးသည် ဘောလုံးကွင်းလေးကွင်းစာမျှရှိပြီး အိမ်မကြီးသည် အလျားပေ ၂၀၀၊ အနံ ပေ ၁၅၀ နီးပါး ရှိသည်။

အာဏာသိမ်း သုံးနှစ်ပြည့်လုချိန်တွင် စစ်ကောင်စီသည် မြို့ပေါင်း ၃၀ နီးပါးနှင့် အခြေချဗျူဟာအဆင့် တပ်စခန်းများ အပါအဝင် တပ်စခန်းရာနှင့်ချီ စွန့်လွှတ်ခဲ့ရပြီး လက်အာက်ခံ အရာရှိစစ်သည်များ အစုလိုက်အပြုံလိုက် လက်နက်ချသတင်းများလည်း နေ့စဉ်ဖြစ်ပေါ်နေသည်။

စစ်တပ်အနေဖြင့် သမိုင်းတစ်လျှောက် မကြုံစဖူးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကာ အရာရှိစစ်သည်များ ဒူးထောက်အညံ့ခံလာရသည်အထိ တိုက်တိုင်းရှုံးနေသော်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ နေပြည်တော်၌ စံအိမ်သစ်ကြီးဆောက်လုပ်နေသည်။

စစ်ခေါင်းဆောင်၏ နေအိမ်သစ်မှာ နေပြည်တော်၏ အကောင်းဆုံးနေရာဖြစ်သော နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် သပြေကုန်းအဝိုင်းနှင့် ကြားပန်းအဝိုင်းအကြား၊ တော်ဝင်ရတနာလမ်းနှင့် ရာဇသင်္ဂဟလမ်းအကြားတို့တွင် တည်ရှိသည်။ ဦးသန်းရွှေဦးဆောင်သော နအဖစစ်အစိုးရ ထိပ်တန်းဗိုလ်ချုပ်ကြီး ခြောက်ဦး နေထိုင်ရာ ထိုအိမ်ရာမှာ “ခြောက်လုံးတန်း” ဟု လူသိ များသည်။

နေပြည်တော်၏ အထင်ကရ လမ်းမကြီးများဘေး သီးသန့်တည်ရှိနေသည့် ထိုအိမ်တန်းတွင် အာဏာရှင်ဟောင်းများဖြစ်ကြသော ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်သော သူရဦးရွှေမန်း၊ ဦးသိန်းစိန်၊ ဦးတင်အောင်မြင့်ဦးနှင့် ဦးတင်အေးတို့ နေထိုင်ကြသည်။

ဂြိုဟ်တုဓာတ်ပုံများအရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အိမ်အသစ်တည်ဆောက်ရေးလုပ်ငန်းခွင် ရုပ်လုံးပေါ်လာပြီး မကြာမီ အပြီးသတ်ဖွယ် ရှိနေသည်။ အာဏာရှင်လက်သစ် စစ်ခေါင်းဆောင်သည် အာဏာရှင်ဟောင်း စစ်ဗိုလ်ချုပ်များ၏ အိမ်နီးချင်းဖြစ်လာကာ ‘ခြောက်လုံးတန်း’ကိုလည်း ‘ခုနှစ်လုံးတန်း’ အမည်ပြောင်းခေါ်ရတော့မည်ဖြစ်သည်။

ကုန်ကျစရိတ် ကျပ်သိန်းသောင်းဂဏန်းရှိနိုင်

စစ်ခေါင်းဆောင်၏နေအိမ်အသစ်ဖြစ်လာမည့် နေရာသည် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီတွင် မြေကွက်အလွတ်အဖြစ်သာရှိသေးသည်။ သို့သော် တစ်နှစ်အကြာ ၂၀၂၂ ဖေဖော်ဝါရီတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရုပ်လုံးပေါ်လာသည်ကို Google Earth ၏ ကောင်းကင်ဓာတ်ပုံများအရ သိရသည်။

ခြံဝင်းကြီးတစ်ခုလုံးသည် ဘောလုံးကွင်း လေးကွင်းစာမျှ ကျယ်ဝန်းပြီး အလျားပေ ၁၃၀၀၊ အနံပေ ၈၇၀ နီးပါးရှိသည်။ အိမ်မကြီးတစ်ခုတည်းသည်ပင် အလျား ၂၀၀၊ အနံ ပေ ၁၅၀ နီးပါးရှိသည်အထိ ကြီးကျယ်ခမ်းနားသည်။

၂၀၂၃ ဧပြီတွင် အုတ်ကြွပ်မိုးဖြင့် ပင်မနေအိမ်ကြီးသည် ပြီးသလောက်ဖြစ်နေပြီး ခြံထဲတွင်လည်း ရေကူးကန်ကြီးအပါအဝင် ပန်းမန်နှင့် မြေယာရှုခင်းအလှဖန်တီးမှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်သည် ခြောက်လုံးတန်းအိမ်ရာအတွင်းသို့ ဝင်ရောက်နိုင်သည့် လမ်းအားလုံးကို ပိတ်ဆို့လိုက်ပြီး လက်နက်ကိုင်စစ်သားများဖြင့် လုံခြုံရေး အထူးတင်းကျပ်ခဲ့သည်ဟု နေပြည်တော်မှ သတင်းအရင်းအမြစ်များက ပြောသည်။

သစ်ပင်များ ထူထပ်စွာ စိုက်ပျိုးထားပြီး၊ အုတ်တံတိုင်းများ အခိုင်အမာ ကာရံထားသည့် ခြောက်လုံးတန်းအိမ်ရာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အိမ်အသစ်ဆောက်သည့်အကြောင်းကို နေပြည်တော်ဒေသခံအများစု မသိကြပေ။

ခြောက်လုံးတန်းအိမ်ရာအတွင်းသို့ သဲကား၊ ကျောက်ကားများ ဝင်ထွက်နေပြီး နေအိမ်အသစ်ကို စစ်အင်ဂျင်နီယာအထူးတပ်ဖွဲ့က အဓိက တာဝန်ယူဆောက်လုပ်နေသည်ဟု နေပြည်တော်စစ်ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

အိမ်ပုံစုံ ဒီဇိုင်းရေးဆွဲသူမှာ နေပြည်တော်တည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်ခဲ့သည့် ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းခွင်ကို စစ်အင်ဂျင်နီယာတပ်က ကြီးကြပ်ကာ လုံခြုံရေးအထူးတင်းကျပ်ထားသည်ဟု အလုပ်ကြမ်းသမားအဖြစ် လပိုင်းဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးကလည်း ဆိုသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် စစ်ဗိုလ်ချုပ်ကြီးဟောင်း ငါးဦးတို့ နေထိုင်ရာ နာမည်ကျော် ခြောက်လုံးတန်း။

“အဲ့ခြံကွက်ထဲ ရောက်သွားရင် ဓာတ်ပုံရိုက်ခွင့် မရှိဘူး။ ဖုန်းပါလာရင် အလုပ်သမားခေါင်းဆီမှာ အပ်ထားရတယ်။ စည်ပင်ဆောက်လုပ်ခွင့် ဆိုင်းဘုတ်မရှိတော့ ပိုင်ရှင်နာမည်တော့ မသိရဘူး။ ဒီဇိုင်းကတော့ ဂေါက်ကွင်းအသေး၊ ရေကူးကန်၊ အပန်းဖြေနေရာ အဲ့ဒါတွေလည်း ပါမယ်လို့တော့ ပြောတယ်” ဟု နေပြည်တော်ဒေသခံလည်းဖြစ်သည့် အထက်ပါ အမျိုးသားက ပြောသည်။

မင်းအောင်လှိုင်၏ ဆောက်လက်စ အိမ်ပုံစံနှင့် မြေအကျယ်အဝန်းအရ ကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ်သိန်းပေါင်း သောင်းဂဏန်း ရှိလိမ့်မည်ဟု နေပြည်တော်ရှိ ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦးက ခန့်မှန်းသည်။

“ဆောင်တော်ကူး အဆောင်တစ်ခုကနေ တစ်ခုကူးတဲ့ အဆောင်၊ ထမင်းစားခန်းနဲ့ မီးဖိုဆောင် အဲ့ဒါက ရိုးရိုးအိမ်တစ်လုံးစာလောက် ကျယ်တယ်။ ပြီးရင် ကားဂိုဒေါင်၊ ဧည့်ခန်း၊ ဘုရားခန်းတို့ကလည်း အိမ်တစ်လုံးစာနီးပါး ကျယ်တယ်။ အိမ်ခန်းတွေကလည်း အနည်းဆုံး ခြောက်ခန်းပါတယ်။ ရေကူးကန်၊ ကာရာအိုကေအခန်း ဒါမျိုးတွေက မဖြစ်မနေ ထည့်ရတယ်။ အထဲက ဒီဇိုင်းတွေ၊ ပစ္စည်းတွေကလည်း ထည့်ရင်ထည့်သလောက် ကုန်တယ်” ဟု ကောင်းကင်ဓာတ်ပုံထဲတွင် မြင်နေရသော မင်းအောင်လှိုင်၏ ဆောက်လက်စအိမ်ကို ကြည့်ရင်း ဆောက်လုပ်ရေးအင်ဂျင်နီယာက ပြောသည်။

မကြာခင်လပိုင်းအတွင်း အသက် ၆၈ နှစ် ပြည့်တော့မည့် စစ်ခေါင်းဆောင်သည် မြန်မာနိုင်ငံ၏ ထိပ်သီးမြို့ကြီးများဖြစ်သော ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင် (မေမြို့)တို့တွင် နန်းတော်တမျှ ကြီးကျယ်လှသော နေအိမ် ငါးလုံးထက်မနည်း ပိုင်ဆိုင်သည်အထိ ချမ်းသာကြွယ်ဝသူဖြစ်သည်။

မင်းအောင်လှိုင်သည် ရန်ကုန်မြို့တွင် အကောင်းဆုံးနှင့် တန်ဖိုးအကြီးဆုံး နေရာတစ်ခုဖြစ်သော အင်းလျားလမ်း ခြံအမှတ် ၁၄ ရှိ တပ်မတော်ဧည့်ရိပ်သာနှင့် ခြောက်မိုင်ခွဲ၊ မြက်ခင်းရိပ်သာလမ်းရှီ စစ်တပ်ပိုင် ခြံသုံးခြံကို သူ့အမည်ဖြင့် ဂရန်ဖောက်ကာ အရယူခဲ့သည်ဟု စစ်တပ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

မီးရှို့စစ်တပ်နှင့် အကျင့်ပျက်ခေါင်းဆောင်

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၌ ကိုယ်ပိုင်စံအိမ်ကြီး တိတ်တဆိတ်ဆောက်လုပ်နေချိန် လက်အောက်ခံစစ်သားများက နေရာဒေသအသီးသီးတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို မီးရှို့ဖျက်ဆီးနေသည်။

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က နိုင်ငံအနှံ့ရှိ လက်နက်ကိုင်ခုခံတော်လှန်သူများကို လိုက်လံ ချေမှုန်းရာတွင် အများဆုံးအသုံးပြုလေ့ရှိသည့်နည်းလမ်းမှာ အရပ်သားများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

အများဆုံးမီးရှို့ဖျက်ဆီးခံရသည်မှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ကရင်နှင့် ကရင်နီဒေသအပါအဝင် အခြားဒေသများတွင်လည်း မီးရှို့ဖျက်ဆီးမှုများရှိသည်။ စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စဉ် မြို့လုံးကျွတ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်အများအပြားရှိသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၃ ဒီဇင်ဘာအကုန် နှစ်နှစ်ကျော်ကာလအတွင်း အရပ်သားများ၏နေအိမ် ၈၀,၀၀၀ နီးပါးကို စစ်တပ်က မီးမြှိုက်ပစ်ခဲ့သည်ဟု Data for Myanmar သုတေသနအဖွဲ့က ယခုလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုအရေအတွက်မှာ စစ်ကောင်စီက တစ်ရက်လျှင် လူနေအိမ် ၇၄ လုံးနှုန်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင်သည် တပ်ချုပ်ရာထူးမရမီကတည်းက မီးရှို့စစ်ဆင်ရေးလုပ်ရန် အမိန့်ပေးခဲ့ဖူးသူဖြစ်သည်ဟု နေပြည်တော်မှ စစ်တပ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ စစ်တိုင်းမှူးများကို ကြီးကြပ်ကွပ်ကဲရသည့် အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ -၂) အဖြစ် ၂၀၀၈ မှ ၂၀၁၀ အထိ တာဝန်ယူခဲ့စဉ် ရှမ်းပြည်နယ်အလယ်ပိုင်း လဲချားမြို့နယ်အတွင်းရှိ ရွာနှစ်ရွာကို ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခု၏ အမာခံရွာဟုဆိုကာ မီးရှို့ဖျက်ဆီးရန် အမိန့်ပေးခဲ့သည်ဟု သိရသည်။

ထိုစဉ်က ရှမ်းပြည်နယ် မိုင်းနောင်မြို့အခြေစိုက် အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ဦးသိန်းစိန်လက်ထက်တွင် ပြည်ထဲရေးဒုဝန်ကြီး) ကို မင်းအောင်လှိုင်က ထိုသို့ အမိန့်ပေးစေခိုင်းခဲ့ခြင်းဖြစ်သည်။

ရှမ်းရွာနှစ်ရွာ မီးလောင်ပြာကျသည့်သတင်း ပြည်ပမီဒီယာများက ရေးသားဖော်ပြလာချိန်တွင် ဦးသန်းရွှေနှင့် ဦးမောင်အေးက ခုံရုံးဖွဲ့စုံစမ်းစေခဲ့သော်လည်းလည်း လက်အောက်ခံ တိုင်းမှူးနှင့် စကခမှူးတို့က ကြောက်သဖြင့် မင်းအောင်လှိုင်လက်ချက်ဟု မသိခဲ့ဟုလည်း အထက်ပါ စစ်တပ်အရာရှိဟောင်းက ဆိုသည်။

အာဏာမသိမ်းမီက အတိုင်းမသိ ကြွယ်ဝချမ်းသာနေပြီဖြစ်သော စစ်တပ်ခေါင်းဆောင်မှာ အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ဖိအားများရင်ဆိုင်နေရချိန် လက်အောက်ခံ စစ်ဗိုလ်ချုပ်တချို့ကို အကျင့်ပျက် ခြစားမှုဖြင့် အရေးယူပြခဲ့သည်။

အထင်ရှားဆုံးသာဓကများမှာ ၎င်း၏အနီးကပ်လူယုံများဖြစ်သော ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ကို အရေးယူခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီနှင့် အစိုးရအဖွဲ့တွင် အရေးပါအရာရောက်သည့် ရာထူးနေရာများ ပေးအပ်ခံထားရသည့် ထိုဗိုလ်ချုပ်နှစ်ဦးမှာ ဒေါ်လာသန်းနှင့်ချီ အလွဲသုံးစားပြုလုပ်ခဲ့သည်ဆိုကာ ထောင်ဒဏ်များ ချမှတ်ခံရသည်။

အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးများအဖြစ် ရှေ့ဆင့်နောက်ဆင့် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကိုကိုမောင်နှင့် ဗိုလ်ချုပ်မြတ်သက်ဦးတို့ကိုလည်း လာဘ်စားမှုဖြင့် ထောင်ချခဲ့သည်။ တနင်္သာရီတိုင်းတွင်လည်း စစ်တပ်အရာအချို့ အလားတူအရေးယူခံရသည်။

စစ်ခေါင်းဆောင်၏ သားသမီးများက ကုမ္ပဏီလုပ်ငန်းခွဲပေါင်းများစွာဖြင့် စီးပွားရေးဆက်လက်သောင်းကျန်းနေသည့်အတွက် အချင်းချင်းပွတ်တိုက်မှုဖြစ်သည်ဆိုသော ပြောဆိုမှုများလည်းရှိနေသည်။​

အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်အထိ လက်နက်ကိုင်ခုခံတော်လှန်မှုများ ဆက်လက်အားကောင်းနေဆဲဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မျက်နှာအသီးသီးတွင် ကျရှုံးပြီးရင်း ကျရှုံးနေသော်လည်း စစ်ခေါင်းဆောင်ကမူ နေပြည်တော်၏အကောင်းဆုံးနေရာ၌ ကိုယ်ပိုင်စံအိမ်ကြီး အမိအရဆောက်နေသည်။

တပ်ခွဲလိုက် လက်နက်ကိုင်အစောင့်အရှောက်များ အချိန်ပြည့်ချထားသည့်အပြင် အတွင်းစည်း အပြင်စည်း လုံခြုံရေးများဝိုင်းရံနေသည့် နေပြည်တော် ခြောက်လုံးတန်းအိမ်ရာအနီး သီးသန့်မြေကွက်ပေါ်၌ နေအိမ်အသစ်ကို စိတ်တိုင်းကျဆောက်လုပ်ခြင်းဖြစ်သည်။  

ခြောက်လုံးတန်း (သို့မဟုတ်) နေပြည်တော်က အာဏာရှင်အိမ်တန်း

တိုင်းပြည်ကို ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၂၀ နီးပါးကြာ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သွားသည့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေသည် မြို့တော်သစ်နေပြည်တော်ကို တည်ဆောက်ချိန်တွင် သူနှင့် လက်ရွေးစင်တပည့်များ နေထိုင်ရန်အတွက် ကြီးကျယ်ခန်းနားသည့် အိမ်ကြီးခြောက်လုံးကို တိုင်းပြည်ဘဏ္ဍာငွေဖြင့် တည်ဆောက်ခဲ့သည်။

ရာဇသင်္ဂဟအဝိုင်း (ဒေသအခေါ် – ရှားပင်ကုန်းအဝိုင်း) အနီးရှိ A1 မှ A6 ဟု အစဉ်လိုက်အိမ်နံပါတ်ပေးထားသည့် ထိုအိမ်ကြီးများတွင်  ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်ကြသော သူရဦးရွှေမန်း၊ ဦးသိန်းစိန်၊ သီဟသူရတင်အောင်မြင့်ဦးနှင့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့ နေထိုင်ကြသည်။

ကျယ်ဝန်းသော ခြံဝင်းအတွင်း သီးသန့်ဝန်ထမ်းအိမ်ရာနှင့် အခြားအဆောက်အအုံများ ထည့်သွင်းတည်ဆောက်ထားသည့် ထိုအိမ်ကြီးများကို အိမ်တော်ဟုခေါ်ပြီး နေအိမ်အဖြစ်သာမက လိုအပ်ကပါ ရုံးလုပ်ငန်းများ လည်ပတ်လုပ်ကိုင်နိုင်ရန်အထိပါ ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ၂၀၂၀ ပြည့်နှစ်အတွင်း Myanmar Now ကိုပြောပြဖူးသည်။​

 ခြောက်လုံးတန်းမှ အာဏာရှင်စစ်ဗိုလ်ချုပ်များ (ဓာတ်ပုံ- AFP)

ခြောက်လုံးတန်းအတွက် ရေ၊ မီး၊ အင်တာနက်၊ ယာဉ်မောင်း၊ မြေယာရှုခင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် စသည့် ကုန်ကျငွေအားလုံးကိုလည်း ပြည်သူပိုင်ဘဏ္ဍာငွေများဖြင့် သုံးစွဲကြသည်။

ယခုအခါ ‘ခုနှစ်လုံးတန်း’ ဖြစ်လာတော့မည့် မင်းအောင်လှိုင်၏အိမ်အသစ်သည် ဦးမောင်အေး၏ နေအိမ် ခြံအမှတ် A2 နှင့် ထိစပ်နေပြီး မကြာခင် အချောသတ် ပြီးစီးတော့မည်ဟု သိရှိရသည်။

စစ်ခေါင်းဆောင်သည် တပ်ကို စွန့်ခွာချိန်တွင် သူ့အတွက် ဂုဏ်သိက္ခာနှင့် လုံခြုံရေးအကောင်းဆုံးဟု ယူဆသော ‘ခြောက်လုံးတန်း’ တွင် နေထိုင်ရန် ရွေးချယ်ခြင်း ဖြစ်သည်ဟု နေပြည်တော်ရှိ အဆင့်မြင့် စစ်တပ်အရာရှိကြီးဟောင်းတစ်ဦးက ပြောသည်။

သို့သော် ထိုအခြေအနေကို ‘ခြောက်လုံးတန်း’ တွင် နေထိုင်ကြသူ စစ်ဗိုလ်ချုပ် ၆ ဦးက နှစ်မြို့လိမ့်မည် မဟုတ်ဟု အထက်ပါ စစ်တပ်အရာရှိဟောင်းက ဆိုသည်။

“ဟိုခြောက်ဦးက ဘယ်ကြိုက်မလဲ၊ တန်းမှမတူတာလေ။ သူ (မင်းအောင်လှိုင်) က အာဏာလက်ရှိဆိုတော့ ထုတ်တော့မပြောဘူးပေါ့” ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button