သတင်း

၃ ရက်အတွင်း လက်နက်ချသည့် စစ်သားနှင့် ရဲ ၂၁၀ ရှိလာ

နိုင်ငံအနှံ့ အုံကြွတိုက်ခိုက်မှု အရှိန်မြင့်လာရာ နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း စစ်ကောင်စီ၏ လက်နက်ကိုင် ၂၀၀ ကျော် တော်လှန်ရေးတပ်ဖွဲ့များထံတွင် လက်နက်ချလိုက်ကြသည်။

မြောက်ပိုင်းမဟာမိတ်တို့၏ ၁၀၂၇ စစ်ဆင်ရေးနှင့် နိုင်ငံအနှံ့မှ အုံကြွတိုက်ခိုက်မှုများ အရှိန်မြင့်လာပြီးနောက် နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲ စုစုပေါင်း ၂၁၀ အထိ တော်လှန်ရေးတပ်ဖွဲ့များထံတွင် လက်နက်ချခဲ့ကြသည်။

နိုင်ငံ၏ အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသတွင် ကိုးကန့် MNDAA တပ်များထံ နိုဝင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၇ ဦး လက်နက်ချခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်နေ့က အနောက်ဘက်ဒေသ ရခိုင်တွင် ရဲ ၂၈ ဦးသည် ရက္ခိုင့်တပ်တော် AA ထံတွင်လည်းကောင်း၊ မွန်ပြည်နယ် ကျိုက်မရော ချောင်းနှစ်ခွသို့ လာရောက်တိုက်ခိုက်ကြသည့် စစ်ကောင်စီ တပ်မ ၂၂ မှ ၂၃ ဦးသည် တော်လှန်ရေးတပ်များထံတွင်လည်းကောင်း အသီးသီး လက်နက်ချခဲ့ကြသည်။

နိုင်ငံအရှေ့ဘက်ဒေသ လွိုင်ကော်တွင်လည်း နိုဝင်ဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချခဲ့သည်။

လက်နက်ချလာသော စစ်သား ၃၂ ဦးနှင့် လက်နက်ခဲယမ်းများကို KNDF က ထုတ်ပြန်ထားစဉ် (ဓာတ်ပုံ – KNDF)

၁၀၂၇ စစ်ဆင်ရေးနှင့် တပ်ရင်းအလိုက် လက်နက်ချခြင်း

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ အကြီးကျယ်ဆုံးသော လက်နက်ချမှုမှာ နိုဝင်ဘာ ၁၂ရက်နေ့က ကိုးကန့် MNDAA တပ်များထံ ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂၇ ဦးနှင့် မိသားစုဝင် ၁၃၄ ဦး၊ စုစုပေါင်း ၂၆၁ ဦးတို့ လက်နက်ချသည့် အဖြစ်အပျက်ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-လောက်ကိုင်) လက်အောက်ခံ ခမရ (၁၂၉) မှ လက်နက်ချစစ်သားတစ်ဦးလျှင် ကျပ် ၁၀ သိန်းစီနှင့် မိသားစုဝင်တစ်ဦးလျှင် ကျပ် ၁ သိန်းစီ ထောက်ပံ့ထားသည်ဟုလည်း MNDAA က ဆိုသည်။

“အဆိုပါ ပြည်သူ့ရင်ခွင်ခိုလှုံသူများကို ၎င်းတို့၏ ဆန္ဒအတိုင်း ဖြည့်ဆည်းပေးထားပြီး သွားလိုသည့်နေရာသို့ အန္တရာယ်ကင်းစွာ ကူညီဆောင်ရွက်ပေးထားပြီးဖြစ်ပါသည်” ဟု MNDAA က ထုတ်ပြန်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်စခန်းကို အလွယ်တကူ စွန့်ခွာထွက်ပြေးလာကြကြောင်း ထိုစစ်ဆင်ရေးတွင် မဟာမိတ်တပ်ဖွဲ့တစ်ဖွဲ့အဖြစ် ပါဝင်တိုက်ခိုက်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ခေါင်းဆောင် မောင်ဆောင်းခက ပြောသည်။

“ရန်သူက လက်ရှိ ၁၀၂၇ စစ်ဆင်ရေးက စပြီးတော့ နောက်ပိုင်းမှာ မြင်ရတဲ့ တိုက်ပွဲတော်တော်များများမှာ သူ့ဘက်က ခုခံလိုစိတ် အရမ်းအားနည်းသွားတယ်။ အောက်ခြေတပ်ဖွဲ့ အချင်းချင်းကြားမှာရော တပ်မှူးတွေကိုယ်တိုင်ကအစ စိတ်ဓာတ်ပျက်ပြားလာတာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၂ ဖေဖော်ဝါရီအတွင်းက တွေ့ရသော မန္တလေးအခြေစိုက် PDF များ။ (ဓာတ်ပုံ-MDY-PDF)

ကိုးကန့် MNDAA၊ ရခိုင် AA နှင့် တအာင်း TNLA တပ်များ ဦးဆောင်ပြီး အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းမြောက်တွင် စစ်ရေးအရ မဟာဗျူဟာကျသည့် မြို့ကြီးများကို သီတင်းနှစ်ပတ်အတွင်း ထိန်းချုပ်ခဲ့ပြီး ထိုဒေသမှ စစ်ကောင်စီတပ်စခန်း ရာနှင့်ချီကို သိမ်းပိုက်ထားသည်။ ပူးပေါင်းတပ်များက ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ နမ့်ခမ်းနှင့် ဖောင်းဆိုင်တို့ကို သိမ်းယူထားခြင်းဖြစ်သည်။

ကိုးကန့်ဒေသ၏မြို့တော် လောက်ကိုင်မြို့၏ လုံခြုံရေးအတွက် အရေးပါသော မြို့များဖြစ်သည်ဟု မောင်ဆောင်းခက ပြောသည်။

“အထူးသဖြင့်တော့ အဲဒီ မြို့ ၆ မြို့ ကလည်း လောက်ကိုင်ကို ထောက်ပို့သွားမယ်ဆိုရင် ဖြတ်သန်းရတဲ့ မြို့တွေဖြစ်တဲ့အတွက် လောက်ကိုင်ကို စစ်ကူလာဖို့၊ လက်နက်ခဲယမ်းပို့ဖို့တို့ ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ပြောလို့ရတယ်” ဟု BPLA ခေါင်းဆောင်က ပြောသည်။

စစ်တပ်၏ အဓိကထောက်ပို့လမ်းကြောင်းများဖြစ်သည့် ကွမ်းလုံဗျူဟာလမ်း သိမ်းပိုက်ခံလိုက်ရပြီး မိုင်းကြပ်ဗျူဟာလမ်းသည်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေရာ စစ်တပ်ရှေ့တန်းစခန်းများမှာ ကူရာကယ်ရာမဲ့ ဖြစ်နေရသည်ဟု စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

“အခု ရှမ်းမြောက်ဘက်မှာက အဓိကကျတဲ့ သိန္နီကိုပါ ထိန်းချုပ်ထားနိုင်တယ်။ ထိန်းချုပ်ထားနိုင်တယ်ဆိုတော့ ရမခတစ်ခုလုံးက လှုပ်လို့မရအောင် ဖြစ်နေတဲ့ အနေအထားဖြစ်သွားပြီ။ လှုပ်လို့မရတာကိုလည်း မြေပြင်တပ်မှူး၊ တပ်သားတွေ သိတယ်။ သူတို့ဆီကို ဘယ်သူမှ လာပြီးတော့ မကယ်နိုင်ဘူးဆိုတဲ့ အနေအထားကို သိတယ်” ဟု အာဏာဖီဆန်ထားသည့်  ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်းက ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ အမှတ် (၂၀၃) စစ်ဒေသ ရဲဘော်များ။

စစ်ကောင်စီတပ်များ၏ လက်နက်ချပူးပေါင်းရေးမူဝါဒ

နိုင်ငံအရှေ့ပိုင်း ကယားပြည်နယ် (ကရင်နီ) တွင်လည်း စစ်ကောင်စီတပ်သားများ စိတ်ဓာတ်ပျက်ပြားနေပြီး တပ်ရင်းတပ်ဖွဲ့အလိုက် နေ့စဉ် လက်နက်ချ ပူးပေါင်းနေသည်။

ကရင်နီတော်လှန်ရေးတပ်များက ၁၁၁၁ စစ်ဆင်ရေးအဖြစ် ပြည်နယ်မြို့တော် လွိုင်ကော်ကို နိုဝင်ဘာ၁၁ ရက်နေ့မှ စတင် ထိုးစစ်ဆင်ခဲ့ရာ လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသည် နိုဝင်ဘာ ၁၄ ရက်နေ့တွင် လက်နက်ချ အညံ့ခံခဲ့ကြသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာ ၁၅ တွင် ထုတ်ပြန်သည်။ 

တော်လှန်ရေးတပ်များ လာရောက်တိုက်ခိုက်စဉ် အချိန်အတော်ကြာ ခုခံခဲ့သော်လည်း စစ်ကူမရသည့်အပြင် ၎င်း၏ ရဲဘော်ရဲဘက်များမှာလည်း စစ်ပန်းနေခြင်း၊ KNDF ဘက်ကလည်း အသက်အန္တရာယ်လုံခြုံရေး အာမခံခြင်းကြောင့် လက်နက်ချ ပူးပေါင်းရခြင်းဖြစ်သည်ဟု တပ်မ ၆၆ လက်မောင်းတံဆိပ် တပ်ထားသည့် စစ်ကောင်စီတပ်သားတစ်ဦးပြောဆိုပုံကို KNDF က ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

နိုဝင်ဘာ ၁၃ တွင် စတင်ခဲ့သည့် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ တစ်ကျော့ပြန်စစ်ပွဲတွင်လည်း စစ်ပွဲပထမနေ့တွင်ပင် ရဲ ၂၈ ဦး လက်နက်ချခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ထားသည်။ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန် AA က ဆက်လက် သတိပေးထားသည်။

“လက်နက်ချ အညံ့ခံတဲ့ စစ်သားပဲဖြစ်ဖြစ်၊ ရဲပဲဖြစ်ဖြစ် ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးပြီး ညီအစ်ကို မောင်နှမတွေ မိသားစုတွေနဲ့ ပြန်လည် ဆုံစည်းနိုင်ဖို့အတွက် အကောင်းဆုံး ကူညီလုပ်ဆောင်ပေးသွားပါမယ်” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

လားရှိုးမြို့အနီး ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်ကို PLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်စဉ်။

ရင်ဆိုင်တိုက်ခိုက်ခြင်းမပြုဘဲ အလုံးအရင်း လက်နက်ချကြခြင်းကို လေးစားကြောင်း အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားချီးကျူးသူ အများအပြားရှိနေသည်။

နိုင်ငံအနှံ့တွင် တိုက်စစ်ဆင်ခံနေရသည့် စစ်ကောင်စီက ယခုရက်ပိုင်းတိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်တတ်သော်လည်း အညံ့ခံမှု၊ ဘက်ပြောင်းမှုများအကြောင်းကို ထည့်သွင်းဖော်ပြလေ့မရှိပေ။

စစ်ကောင်စီတပ်၏ လက်အောက်ခံ တပ်ရင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူးများ အပါအဝင် စစ်ကောင်စီတပ်သားများမှာ အာဏာသိမ်း စစ်ခေါင်းဆောင်၏ စီမံခန့်ခွဲမှုကို ယုံကြည်မှု မရှိကြတော့ကြောင်း၊ မတရားသည့် စစ်ကို ဆင်နွှဲနေရပြီး စစ်ရှုံးသည့် အရသာကို ခံစားနေကြရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။

“မင်းအောင်လှိုင်အတွက် မတိုက်တော့ဘူး၊ သူတို့ရဲ့ အသက်ရှင် ရပ်တည်ရေးအတွက်ပဲ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ပြည်သူ့ဆီမှာ လက်နက်ချတဲ့ အလင်းဝင်တဲ့ နည်းလမ်းက အကောင်းဆုံးဆိုတဲ့ သဘောမျိုးနဲ့ သူတို့က ရွေးလာကြတယ်” ဟု သူက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button