ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုးနှင့် စစ်သား ၆၀ ခန့်သည် ယမန်နေ့ (မတ် ၁၄) က ကရင်လက်နက်ကိုင်တပ် KNU/KNLA တပ်မဟာ ၆ ထံတွင် လက်နက်ချအညံ့ခံခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
KNLA တပ်မဟာ ၆ နှင့် မဟာမိတ်တို့သည် ကျိုက်ဒုံမြို့၏ အရှေ့ဘက် ၁၂ မိုင်အကွာ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို သိမ်းပိုက်ရန် မတ်လ ၁၃ ရက်တွင် အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပြီးနောက် မတ်လ ၁၄ ညနေပိုင်းတွင် စစ်တပ်ဘက်က အညံ့ခံခဲ့ခြင်းဖြစ်သည်။
“ဗျူဟာမှူးကိုယ်တိုင် အားလုံး အလံဖြူထောင်ပြီး လက်နက်ချတယ်။ လက်နက်အများအပြားရတယ်” ဟု KNLA တပ်မဟာ ၆ မှ မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။
ထိုတိုက်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်နက်ကိုင်တပ်ဖြစ်သည့် KNLA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဒရုန်းတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ကြသည်ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။
တိုက်ပွဲတွင် တော်လှန်ရေးတပ်ပေါင်းစုဘက်က ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိသည်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်က ကျိုက်ဒုံမြို့ဝန်းကျင်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ထိခိုက်မှုရှိပြီး အရေအတွက်အတိအကျကို မသိရသေးကြောင်း KNLA တပ်မဟာ ၆ နယ်မြေမှ မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
ကျိုက်ဒုံမြို့သည် ကြာအင်းဆိပ်ကြီးမြို့၏ အရှေ့တောင်ဘက် ၁၈ မိုင်ကျော်အကွာ ဟောင်သရောမြစ်အရှေ့ဘက်ကမ်းတွင် ရှိသည်။
ယခင်ကလည်း KNLA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) နှင့် PDF တပ်ဖွဲ့ဝင်များသည် ကျိုက်ဒုံမြို့မြောက်ဘက် ကျိတ်ရွာရှိ စစ်ကောင်စီစခန်း၊ ကျိုက်ဒုံ အနောက်မြောက်ဘက် ခုတ်ခွားရွာနားက စစ်ကောင်စီစခန်းနှင့် ကျိုက်ဒုံအရှေ့တောင်ဘက် အဇင်ရွားနားက စစ်ကောင်စီစခန်းတို့ကို တိုက်ခိုက်ခဲ့ဖူးသည်။
စခန်းတချို့ကို သိမ်းနိုင်ခဲ့သော်လည်း စခန်းထိုင်ခဲ့ခြင်းတော့ မရှိပေ။
ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကို KNLA တပ်မဟာ (၆) သိမ်းပိုက်အောင်နိုင်သွားသဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဟောင်သရောမြစ်အရှေ့ဘက်ခြမ်းက ကျေးရွာများသည် တပ်မဟာ (၆) ၏ စိုးမိုးမှုအောက် ရောက်သွားမည်ဖြစ်သည်။
ကျိုက်ဒုံမြောက်ဘက် မိုင် ၅၀ ကျော်အကွာတွင် မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင်ရွာရှိပြီး စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ ၁ ခုနှင့် ခမရ ၃၅၅ ၊ ၃၅၆ ၊ ၃၅၇ တပ်ရင်းတို့ရှိသည်။
တပ်ရင်း ၃ ရင်းအနက် ခမရ ၃၅၅ ၊ ခမရ ၃၅၆ နှင့် သင်္ဃန်းညီနောင် ရဲစခန်းကို KNLA တပ်မဟာ ၆ နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းထားသည်။ သင်္ဃန်းညီနောင်စစ်ဗျူဟာနှင့် ခမရ ၃၅၇ ကိုမူ တပ်မဟာ ၆ နှင့် ပူးပေါင်းတပ်များက ဆက်လက် တိုက်စစ်ဆင်နေဆဲဖြစ်သည်။
စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းက မတ်လ ၁၅ ရက် နေ့လယ်ပိုင်းတွင် မြဝတီကုန်သွယ်ရေးဇုန် အနောက်ဘက်သို့ ဗုံးတစ်လုံးကြဲချသွားသည်ဟုလည်း သင်္ဃန်းညီနောင်ရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
တိုက်ပွဲသည် သင်္ဃန်းညီနောင်၏ မြောက်ဘက်ရှိ ဝှေ့ရှမ်းရွာဝန်းကျင်တွင် ဆက်ဖြစ်နေသည်။
တိုက်ပွဲအတွင်း မြဝတီအခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၇၅ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း KNLA တပ်မဟာ (၆) မှ မြေပြင်ရဲဘော်တချို့က ဆိုသည်။
သင်္ဃန်းညီနောင်ရွာထဲတွင်မူ စစ်မရှောင်ဘဲ နေအိမ်အစောင့်အရှောက်အဖြစ် နေထိုင်သူ ၅၀ ကျော် ကျန်နေပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသည့် အရပ်သား ၁၀ ဦးထက်မနည်းရှိကြောင်း သင်္ဃန်းညီနောင်တွင် ကူညီကယ်ဆယ်ရေးလုပ်နေသူတချို့က ဆိုသည်။
ကရင်ပြည်နယ်သတင်းများကို အဓိကဖော်ပြနေသည့် KIC သတင်းဌာနကလည်း စစ်ကောင်စီတပ်နှင့် KNLA တို့အကြားဖြစ်ပွားသည့် တိုက်ပွဲကြောင့် မြဝတီမြို့တွင် စစ်ဘေးရှောင် ၅၀၀၀ ခန့် တိုးလာနေသည်ဟု ရေးသားသည်။
မြဝတီမြို့ပေါ်ရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီလက်အောက်က ခွဲထွက်လာသော ကရင်ပြည်နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC) တို့က ကူညီထောက်ပံ့ပေးနေပြီး မြဝတီဒေသခံများကလည်း စားနပ်ရိက္ခာလှူဒါန်းကြကြောင်း စစ်ဘေးရှောင်တချို့ထံမှ သိရသည်။
KNLA/PC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် လက်မှတ်ထိုးထားပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုရှိသော KNU မှ ခွဲထွက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
BGF သည် လက်ရှိတွင် ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် သီးခြားရပ်တည်နေရန် ပြင်ဆင်နေပြီး သီးခြားရပ်တည်နိုင်ရေး ပြောင်းလဲဖွဲ့စည်းရန် တပ်နယ်မှူးအားလုံး အကြမ်းဖျဉ်းသဘောတူထားသည်။
အမည်ပြောင်းပြီး သီးခြားရပ်တည်မည့် အစီအစဉ်ကို အောက်ခြေတပ်ဖွဲ့ဝင်များကို ရှင်းပြပြီးပါက မတ်လထဲမှာပင် အတည်ပြုကြေညာရန် ရှိနေသည်။
BGF မှ ဗိုလ်မှူးနိုင်မောင်ဇော်ကလည်း ဝှေ့ရှမ်းရွာဘက်က စစ်ရှောင်များကို ဝှေ့ရှမ်းရွာမြောက်ဘက် မဲ့ပလဲရွာတွင် ၎င်းတို့အနေနှင့် တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးနေသည်ဟု Myanmar Now ကို ပြောသည်။