ရှမ်းပြည်နယ်၊ လားရှိုးစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေသော စစ်ကောင်စီတပ်မှ အရာရှိကြီးများအပါအဝင် စစ်သည် ၃၁၇ ဦး မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထံ ပြီးခဲ့သည့် တနင်္ဂနွေနေ့က လက်နက်ချ အလင်းဝင်လာကြောင်း (MNDAA) က ယနေ့ သတင်းထုတ်ပြန်သည်။
ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့က နောက်လိုက်များကို ခေါ်ဆောင်ကာ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ချခြင်းဖြစ်သည်ဟု MNDAA က ဆိုသည်။ မည်သည့်တပ်ရင်း တပ်မများမှ ဖြစ်သည်ကိုမူ ဖော်ပြခြင်းမရှိပါ။
ထုတ်ပြန်ချက်တွင် ပါဝင်သည့် မှတ်တမ်းရုပ်သံတွင် ခန်းမတစ်ခုအတွင်း ကြမ်းပြင်ပေါ်တွင် တန်းစီထိုင်နေသည့် စစ်ကောင်စီတပ်သား ၂၀၀ ခန့်ကို တွေ့ရသည်။
လက်နက်ချသူများထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်လိုသူတို့ ပါဝင်သည်။
ရာထူးအဆင့်အလိုက်၊ ယူဆောင်လာသော လက်နက်ခဲယမ်းအမျိုးအစားအလိုက် လက်နက်ချသူများကို ဆုကြေးပေးမည်ဟု MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ခန်းမထဲတွင် ထိုင်နေကြသော လက်နက်ချသူများကို MNDAA တပ်အရာရှိတစ်ဦးက မဟာမိတ်တပ်၏ နိုင်ငံရေးသဘောထား၊ နိုင်ငံရေးရပ်တည်ချက်များ၊ စစ်သုံ့ပန်းဆက်ဆံရေးနှင့် ဆုကြေးမူဝါဒများ ရှင်းလင်းပြောပြနေသည်ကို ထိုရုပ်သံဖိုင်တွင် တွေ့ရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ လက်နက်ချ အလင်းဝင်လာခြင်း၊ တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုခြင်းကို MNDAA က ကြိုဆိုသည်၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုလည်း အာမခံချက်ပေးသည်၊ ထိခိုက်ဒဏ်ရာရရှိသူများ၊ ဖျားနာနေသော ဝန်ထမ်းများကို ဆေးကုပေးထားသည်ဟုလည်း MNDAA က ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်တိုက်တစ်ခုကိုလည်း နယ်မြေခံစစ်ကျောင်းတစ်ခုထဲတွင် တွေ့ရှိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိထားသည်ဟု MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကိုးကန့်တပ်ဖွဲ့၏ အဆိုပါ ထုတ်ပြန်ချက်ကို ဖော်ပြခဲ့သော The Kokang အမည်ရှိ အဆိုပါစာမျက်နှာသည် ဝင်ရောက်ကြည့်ရှုသူ လွန်စွာ များပြားခဲ့ပြီး နာရီပိုင်းအတွင်းမှာပင် Facebook မှ ပျောက်ကွယ်သွားသည်။
Facebook မှ ဖယ်ရှားခံရစေရန် ဆန့်ကျင်ဘက်အင်အားစုက ဝိုင်းဝန်းလုပ်ဆောင်ခဲ့ခြင်း ဟုတ်မဟုတ် မသိရသေးပေ။
သို့သော်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည့် မှတ်တမ်းရုပ်သံမှာ ကိုးကန့်တပ်ဖွဲ့၏ Youtube စာမျက်နှာတွင် ရှိနေဆဲဖြစ်သည်။
အစုအပြုံလိုက် လက်နက်ချမှု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တရားဝင် တုံ့ပြန်ခြင်း မရှိသေးပေ။
လက်နက်ချရန် ဦးဆောင်သည့် စစ်အရာရှိများမှာ အောက်ခြေစစ်သည်တို့၏အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်ကြောင်း တချို့က အွန်လိုင်းတွင် ချီးကျူးနေကြသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာရာ စစ်မျက်နှာများစွာ ဖွင့်ထားရသည်။
စစ်တပ်၏ အခက်အခဲသည် စစ်တပ်ကို ထိုးစစ်ဆင်ရန် နှစ်ပေါင်းအတန်ကြာ ပြင်ဆင်ခဲ့ကြသော ရခိုင်တပ် AA, တအာန်း/ပလောင် TNLA တပ်ဖွဲ့ နှင့် MNDAA တို့အတွက် အခွင့်အရေးဖြစ်သွားသည်။
စစ်ရေးမဟာမိတ်ဖွဲ့ထားသော အဆိုပါ ညီနောင် ၃ ဖွဲ့သည် ၂၀၁၃ နိုဝင်ဘာ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်အတွင်း စစ်စခန်းအများအပြားကို ထိုးစစ်ဆင်ပြီး သိမ်းယူခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသော ထိုးစစ်တွင် စစ်ကောင်စီလက်နက်ကိုင်အများအပြား လက်နက်ချခဲ့ရာ ၂၀၂၄ ဇန်နဝါလဆန်းပိုင်း လောက်ကိုင်မြို့အခြေစိုက် စစ်ကောင်စီတပ်ဌာနချုပ်များကို MNDAA တိုက်ခိုက်စဉ် စစ်သည် ရာထောင်ချီ လက်နက်ချခဲ့ကြသည်။
ထိုစဉ်က လက်နက်ချသူများထဲတွင် ဗိုလ်မှူးချုပ် ၆ ဦး၊ အရာရှိ ၂၂၈ ဦး၊ တပ်သားအဆင့် ၁၈၉၅ ဦးနှင့် မိသားစုဝင် ၁၆၀၁ ဦး ပါဝင်ခဲ့ရာ အရေအတွက်အများဆုံးလက်နက်ချမှု ဖြစ်သည်။
MNDAA က ထိုသူများကို လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများထံ ပို့ဆောင်ကာ စစ်ကောင်စီလက်ထဲ အပ်နှံခဲ့သည်။
စစ်ကောင်စီက လက်နက်ချအညံ့ခံသူများထဲမှ ဗိုလ်မှူးချုပ်နှစ်ဦးနှင့် ဗိုလ်မှူးကြီးတစ်ဦးကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် သေဒဏ်ချမှတ်ကာ ရန်ကုန်မြို့၊ အင်းစိန်ထောင်သို့ ပို့ထားသည်ဟု သတင်းထွက်နေသည်။
လားရှိုးကို မဟာမိတ်တပ်များဝိုင်းထားစဉ် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ် အရာရှိကြီးများ ဦးဆောင်ပြီး ကိုးကန့်တပ်ဖွဲ့ထံ အစုအပြုံလိုက် လက်နက်ချမှုသည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ တိုက်ပွဲများရောက်ရန် နီးစပ်လာခြင်း ဖြစ်သည်ဟု ရွှေဖီမြေသတင်းဌာန အယ်ဒီတာချုပ် မိုင်းအနိုင်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသည်။
ထိုးစစ်ရပ်ဆိုင်းရန် တရုတ်က ဖိအားပေးတတ်သည့် အခြေအနေအောက်တွင် ကိုးကန့်တပ်က လှုပ်ရှားခြင်းဖြစ်သည်ဟု သူက ဆိုသည်။
“တရုတ်ဖိအားအောက်ကနေ လွတ်ဖို့ ကိုးကန့် မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်တာဖြစ်သလို ဗျူဟာကျကျ အပြောင်းအလဲ လုပ်လိုက်ပုံပဲ” ဟု ဒေသတွင်း တအာန်း/ပလောင် TNLA တပ်ဖွဲ့ လှုပ်ရှားသည့် တိုက်ပွဲနယ်မြေသို့ ရောက်နေသော မိုင်းအနိုင်က သုံးသပ်သည်။
၁၀၂၇ စစ်ဆင်ရေးများတွင် ကွင်းဆင်းသတင်းယူနေသော ရှမ်းပြည်အခြေစိုက်မိုင်းအနိုင်က လားရှိုးမြို့တွင်း ရပ်ကွက် (၄) (၅) ထဲသို့ ကိုးကန့်တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီဖြစ်သောကြောင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ရက်ပိုင်းအတွင်း တိုက်ပွဲရောက်နိုင်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ဖိအားပေးမှု ခံနေရသော မြောက်ပိုင်းမဟာမိတ်တပ်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်တွင် တစ်ကြိမ် ၄ ရက်ကြာ အပစ်ရပ်မည်ဟု ကြေညာခဲ့ရကာ ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်း လကုန်သည်အထိ အပစ်ရပ်မည်ဖြစ်ကြောင်း နောက်ထပ်တစ်ကြိမ် ကြေညာခဲ့ရသည်။