သတင်း

မြဝတီမြို့ သင်္ဃန်းညီနောင်ဗျူဟာမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ နီးပါး KNU ထံ လက်နက်ချ

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ သင်္ဃန်းညီနောင်ဗျူဟာစခန်းမှ တပ်မိသားစုဝင်များအပါအဝင် တပ်ဖွဲ့ဝင် ၆၁၇ ဦးသည် ကရင်အမျိုးသားအစည်းအရုံး KNU ထံ လက်နက်ချခဲ့ကြောင်း KNU ဗဟိုက ယနေ့တွင် ထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ သင်္ဃန်းညီနောင်ဗျူဟာစခန်းမှ တပ်မိသားစုဝင်များအပါအဝင် တပ်ဖွဲ့ဝင် ၆၁၇ ဦးသည် ကရင်အမျိုးသားအစည်းအရုံး KNU ထံ လက်နက်ချခဲ့ကြောင်း KNU ဗဟိုက ယနေ့တွင် ထုတ်ပြန်သည်။

KNU နယ်မြေတွင် အရေအတွက်အများဆုံး အစုအပြုံလိုက်လက်နက်ချမှု ဖြစ်လာသည်။

အရာရှိအဆင့် ၆၇ ဦး၊ အခြားနှင့် တပ်သားအဆင့် ၄၁၀ ၊ စုစုပေါင်း ၄၇၇ ဦး လက်နက်ချခဲ့သည်ဟု ဆိုသည်။ ထို့ပြင် တပ်မိသားစုဝင် ၁၄၀ လည်း လက်နက်ချရာ ထိုအထဲတွင် ရဲမေ ၅၉ ဦး ပါဝင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ရဲမေ ဆိုသည်မှာ အမျိုးသားစစ်သည်တို့၏ အိမ်ထောင်ဖက်များ ဖြစ်ကြပြီး စခန်းအတွင်း လုပ်အားပေး၊ စခန်းလုံခြုံရေးအတွက် လက်နက်ကိုင် ကင်းစောင့်ရသည့် အလုပ်များကို အခမဲ့ လုပ်ကိုင်ပေးရသူများ ဖြစ်သည်။

KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်သည် သင်္ဃန်းညီနောင်ဗျူဟာစခန်းကို ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သင်္ဃန်းညီနောင်ဗျူဟာစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုများကို တွေ့ရစဉ် (ဓာတ်ပုံ – KNU)

ထို့ပြင် အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း ၁၂၀ မမ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းမီးကျောက်မြောက်မြားစွာကို သိမ်းပိုက်ရရှိခဲ့သည်။

စစ်ကောင်စီ၏ သင်္ဃန်းညီနောင်ဗျူဟာစခန်းရှိခြင်းကြောင့် နယ်မြေတွင်း နေထိုင်ကြသူများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးများကို ထိခိုက်ကျဆင်းစေသည့်အပြင် ရိုးရာယဉ်ကျေးမှုများလည်း ပျက်စီးပျောက်ကွယ်စေခဲ့သောကြောင့် တိုက်ခိုက်သိမ်းပိုက်ရခြင်းဖြစ်သည်ဟု KNU က ပြောသည်။

သင်္ဃန်းညီနောင်ဗျူဟာကို သိမ်းပိုက်လိုက်ပြီးနောက် မြ၀တီမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၂၇၅) တပ်ရင်းကိုလည်း KNLA ဦးဆောင်သော တော်လှန်ရေးအဖွဲ့များက ပိတ်ဆို့ထားသည်။

တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

အာဏာသိမ်းပြီး အရပ်သားများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာရာ စစ်ကောင်စီက စစ်မျက်နှာများစွာ ဖွင့်ထားရသည်။

KNU နယ်မြေတွင် ပြီးခဲ့သည့် ၃ နှစ်အတွင်း တိုက်ပွဲများ အဆက်မပြတ် ရှိခဲ့သည်။

၂၀၂၃ နှစ်ကုန်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဖရိုဖရဲဖြစ်၊ စစ်ပန်းနေသော စစ်ကောင်စီတပ်ကို ဝိုင်းဝန်းထိုးစစ်ဆင်ကြရာ တပ်ရင်းလိုက်လက်နက်ချမှု စတင် ပေါ်ပေါက်လာသည်။

မိသားစုဝင်များ၊ စစ်သည်များ၏ အသက်အန္တရာယ်ကို ငဲ့ကွက်ပြီး တပ်မှူးများက ဦးဆောင်လက်နက်ချကြခြင်းဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button