နေပြည်တော်၏ အရှေ့မြောက်စွန်းစွန်းရှိ တောင်ခြေအရပ်သည် သာမန်ပြည်သူများ အနားကပ်ခွင့်မရသည့် စစ်ဗိုလ်ချုပ်ကြီးများ နေထိုင်ရာ နေရာဖြစ်သည်။ နေပြည်တော် ဇေယျာသီရီမြို့နယ်အတွင်းရှိ ထိုနေရာတွင် စစ်ရုံးကြီးဟု အလွယ်ခေါ်ကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတည်ရှိသည်။
ထိုစစ်ရုံးကြီးနှင့် မနီးမဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၎င်းတို့ မိသားစုတို့နေထိုင်ရာ သီးသန့်အိမ်ရာတည်ရှိသည်။ အနောက်ဘက်တွင် ရေဆင်းဆည်၊ အရှေ့ဘက်တွင် တောတောင်အလွန်ထူထပ်ရာ တောင်တန်းကြီး စသည့် သဘာဝအရံအတားများကြားတွင် စစ်ဗိုလ်ချုပ်ကြီးများ အခြေချနေထိုင်ခြင်းဖြစ်သည်။
မကြာသေးမီက Myanmar Now က ရရှိထားသည့် Mytel တာဝါတိုင်များ၏ တည်နေရာအချက်အလက်များအရ မင်းအောင်လှိုင်၏ နေပြည်တော်အိမ်တွင် အထူးအရေးကြီး Mytel ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူပေးထားသည်။
ဗိုလ်ချုပ်မှူးကြီးအတွက် Mytel VIP တာဝါတိုင်စိုက်ထူရာ နေရာမှာ အတိအကျအားဖြင့် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၃၃.၄ စက္ကန့် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒဂရီ ၁၉ မိနစ် ၂၈.၈ စက္ကန့်တွင် (19°51’33.4″N 96°19’28.8″E) ဖြစ်သည်။
စစ်တပ်နယ်မြေ (Military Zone) အဖြစ် သတ်မှတ်ထားပြီး တောတောင်ထူထပ်သည့် မင်းအောင်လှိုင်နေထိုင်ရာ ထိုခြံကြီး၏ အရှေ့မြောက်ဘက်ထောင့်တွင် သီးသန့်တာဝါတိုင်တစ်ခု စိုက်ထူပေးထားသည်ဟု ဗီယက်နမ်စစ်တပ်နှင့် မြန်မာစစ်တပ် ဖက်စပ်ပိုင်သည့် ဆက်သွယ်ရေးကုမ္ပဏီ Mytel ၏ မှတ်တမ်းများတွင် ဖော်ပြသည်။
စစ်အာဏာသိမ်းမှုကြောင့် Mytel ကုမ္ပဏီမှ အလုပ်ကိုစွန့်လွှတ်ခဲ့သူ ဆက်သွယ်ရေးအင်ဂျင်နီယာတစ်ဦးထံမှ ရရှိသော တာဝါတိုင်များနှင့် မြေအောက်ကေဘယ်ကြိုး ထားရှိရာ မြေပုံများတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မိသားစုနေထိုင်ရာ ထိုနေရာကို “NPW0291, VIP Site server for General’s House” ဟု ဖော်ပြထားသည်။
ကောင်းကင်ဓာတ်ပုံများအရ တာဝါတိုင်အနီးတွင် ကိုယ်ပိုင်သီးသန့်လမ်းများဖြင့် ဝင်ရောက်နိုင်သော အိမ်ကြီးတစ်လုံးနှင့် အရံအိမ်တစ်လုံး မြင်တွေ့ရသည်။ ထိုအိမ်ခြံဝင်းတွင် ကိုယ်ပိုင်ရေကူးကန်အပြင် တင်းနစ်ကွင်းတစ်ခုလည်း တွေ့ရသည်။ ခြံအနောက်ဘက်တွင် ရေကန်ကြီးတစ်ခုလည်းရှိသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နေထိုင်ရာ ထိုအိမ်ခြံဝင်းကြီးမှာ Google ကောင်းကင်ဓာတ်ပုံအရ ဧက ၃၀ နီးပါး ကျယ်ဝန်းလေသည်။ ထိုနေရာအဝန်းအဝိုင်းကို ရောက်ရှိခဲ့ဖူးသည့် တပ်မတော်သားသုံးဦးကလည်း ထိုအိမ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နေထိုင်သည်ဟု Myanmar Now ကို အတည်ပြုသည်။
မင်းအောင်လှိုင်နေထိုင်ရာ ခြံနှင့် မလှမ်းမကမ်းတွင် အခြားသီးသန့်ခြံတစ်ခုလည်းရှိသည်။ အာဏာသိမ်းစစ်ကောင်စီဒုဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ နေအိမ်ဖြစ်သည်။ Google ၏ ကောင်းကင်ဓာတ်ပုံများအရ စိုးဝင်း၏ အိမ်ခြံဝင်းမှာ မင်းအောင်လှိုင်၏ အိမ်ခြံဝင်းထက် နှစ်ဆနီးပါး သေးငယ်သည်။
မင်းအောင်လှိုင်နေထိုင်ရာ နေအိမ်ခြံဝင်းကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ ထူးခြားသည်ဟု တာဝန်ထမ်းဆဲ လုံခြုံရေးအရာရှိတစ်ဦး၊ အာဏာသိမ်းမှုကိုဆန့်ကျင်သည့် လှုပ်ရှားမှု(CDM) တွင် ပါဝင်နေသူ ဗိုလ်ကြီးတစ်ဦးနှင့် စစ်ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်းတစ်ဦးတို့က ဆိုသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ လုံခြုံရေးအတွက် အကောင်းတကာ့အကောင်းဆုံး လုပ်ဆောင်ထားသည်ဟု မတ်လကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“အတွင်းထဲက အခြေအနေတော့ ကျွန်တော်မသိဘူး။ တော်တော်လုံခြုံရေးကန့်သတ်တယ်။ ကျွန်တော်တောင်မှ အဲဒီဂိတ်ရောက်တယ်ဆိုတာက ကားကြုံနဲ့ပါသွားလို့ ကျွန်တော်ရောက်တာ။ လုံခြုံရေးက သူတို့ အနီးကပ်အဖွဲ့တွေပေါ့။ အဲဒီမှာ တပ်ခွဲတစ်ခွဲရှိတယ်။ တစ်ကြီး(မင်းအောင်လှိုင်) အိမ်မှာ တပ်ခွဲ၊ နှစ်ကြီး( စိုးဝင်း) အိမ်မှာ တပ်ခွဲ အဲဒီလိုထားတာ”ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသဖြင့် မတ်လအတွင်း CDM တွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးဇင်ယော်မှာ ၂၀၁၆ အတွင်းက မင်းအောင်လှိုင်အိမ်ဝင်ပေါက်အထိ ရောက်ခဲ့ခြင်း ဖြစ်သည်။ မိသားစုလုံခြုံရေးကြောင့် ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် တပ်ရင်းအမည်နှင့် တက်ရောက်ခဲ့သော စစ်တက္ကသိုလ်အပတ်စဉ်ကိုမူ CDM ဗိုလ်ကြီးဇင်ယော်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
စစ်ခေါင်းဆောင်များနေထိုင်ရာ ထိုအိမ်များသို့ သွားရာလမ်းတွင် ဗိုလ်မှူးအဆင့်ရှိ အရာရှိများ ကွပ်ကဲသည့် စစ်ဆေးရေးဂိတ်သုံးခုကို ဖြတ်ကျော်ရကာ အဝင်အထွက်တစ်လမ်းသာရှိပြီး လုံခြုံရေးကင်မရာများစွာ တပ်ဆင်ထားသည်ဟု ဆိုသည်။
ထို့ပြင် တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့နေထိုင်ရာ ထိုဧရိယာကို လက်နက်ကိုင်စစ်သား ၆၀ ခန့်ရှိသည့် တပ်ခွဲနှစ်ခုက လေ့ကျင့်သင်ကြားထားသည့် စစ်ခွေး (လုံခြုံရေးအတွက် အထူးလေ့ကျင့်ပေးထားသည့် ခွေးများ) အုပ်များဖြင့် အမြဲကင်းလှည့်လေ့ရှိသည်ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“ဒါ ကျွန်တော်မြင်ခဲ့တာ။ အတွင်းထဲမှာက အင်္ကျီအဖြူ၊ ပုဆိုးအပြာနဲ့ ဝိတ်တာ (Waiter) လိုပုံစံမျိုးနဲ့ ပန်းပင်ရေလောင်းတဲ့သူက ပန်းပင်လောင်း၊ သစ်ပင်စိုက်တဲ့ သူတွေက သစ်ပင်စိုက် အဲ့လိုမျိုးတွေ လုပ်နေကြတာ” ဟု ၎င်းက ပြောသည်။
စစ်တပ်အတွင်း ထိုအိမ်နှစ်လုံးကို အိမ်တော် ၁ နှင့် အိမ်တော် ၂ ဟု ခေါ်ဆိုပြီး အစားအသောက် အသုံးအဆောင်များကို ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်က တစ်ပတ်တစ်ကြိမ်ပေးပို့သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“သူတို့(တပ်ချုပ်မိသားစု) ကိုယ်တိုင် အပျော်ဈေးဝယ်ထွက်တာကလွဲရင် ထောက်ပို့၊ ပို့ဆောင်ညွှန်ကြားရေးမှူးရုံးက သီးသန့်ကားနဲ့ စားဖို့သောက်ဖို့ အသား၊ ငါး၊ ဆန်၊ ဆီ အဲဒီလိုတွေပို့တာ”ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
တပ်ချုပ်မင်းအောင်လှိုင် နေထိုင်ရာ ခြံဝင်းပတ်လည်ရှိ ကွန်ကရစ်လောင်းနံရံများကို အစိမ်းရောင်ဆေးသုတ်ထားသည်ကို ကိုယ်တိုင်မြင်ခဲ့ရပြီး သူငယ်ချင်း၏ ပြောဆိုချက်အရ ထိုနံရံထဲ၌ ဒုံးပစ်လောင်ချာ (RPG) ဒဏ်ခံနိုင်သည့် သံပြားများ ထည့်မြှုပ်ထားသည်ဟု သိရကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ထို့ပြင် ထိုအိမ်ကြီး၏ မြေအောက်ထဲ၌ Tunnel ခေါ် မြေအောက်လှိုင်ခေါင်းများဖောက်ထားသေးသည်ဟု ၎င်းကပြောသော်လည်း အထက်ပါကိစ္စများကို Myanmar Now က သီးခြားအတည်မပြုနိုင်ပါ။
ထိုအဆောက်အအုံနှစ်လုံးမှာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ပင်လောင်းလမ်းဆုံမှ ၇ မိုင်ခွဲခန့်အကွာ၌ ရှိသည်။ စစ်ဗိုလ်ချုပ်ကြီးများ ရုံးထိုင်ရာ စစ်ရုံးချုပ်ဧရိယာအတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုံးတက်လေ့ရှိသည့် နံပါတ် ၁ ရုံးအဆောက်အအုံနှင့် နေထိုင်ရာအိမ်မှာ တစ်မိုင်ခန့်သာ ကွာဝေးသည်။
မင်းအောင်လှိုင်နေထိုင်ရာအိမ်မှ ၃ မိုင်ကျော်အကွာ စစ်ရုံးချုပ်ဧရိယာအတွင်းရှိ ဘုရင့်နောင်ရိပ်သာ၌ တပ်ချုပ်ကိုယ်တိုင် ဦးစီးပြုလုပ်သော ၂၀၁၆ ခုနှစ်အတွင်းက သတင်းစာရှင်းလင်းပွဲတစ်ခုသို့ တက်ရောက်ဖူးသည့် Myanmar Now သတင်းထောက်တစ်ဦး၏ အတွေ့အကြုံအရ စစ်ရုံးအတွင်း မရောက်မီ ဖြတ်ကျော်ရသည့် စစ်ဆေးရေးဂိတ်နှစ်ခုမှာ လုံခြုံရေးတင်းကျပ်လှသည်။
ဂိတ်များတွင် ကိုယ်ခန္ဓာမှအစ ပါလာသမျှ အိတ်နှင့် ပစ္စည်းများကို ဂိတ်စောင့်စစ်သားများက တစ်ယောက်ချင်းစီ အသေးစိတ် စိစစ်ပြီးမှသာ ဝင်ခွင့်ပြုသည်။
နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် မနီးမဝေးတွင် တခမ်းတနားနေထိုင်သည့် အာဏာသိမ်းခေါင်းဆောင်မှာ ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟအိမ်ရာအတွင်း၌ နေအိမ်တစ်လုံး၊ ရန်ကုန်မြို့ အင်းလျားလမ်းရှိ ခြံအမှတ် ၁၄ တို့ကိုပါ ပိုင်ဆိုင်ကြောင်း လူသိများသည်။
စစ်တက္ကသိုလ်ရှိရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပိုင်ဆိုင်သည့် နေအိမ်များရှိသည်ဟု သိရသော်လည်း အတည်မပြုနိုင်ပေ။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ပညာရေးဝန်ထမ်း မိဘနှစ်ပါးက မင်းဘူးမြို့တွင် မွေးဖွားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်မှာ ၁၉၇၄ တွင် စစ်တက္ကသိုလ် အပတ်စဉ် ၁၉ သို့ တက်ရောက်ခဲ့ပြီး နောင်နှစ် ၅၀ အကြာတွင် စည်းစိမ်ဥစ္စာကြွယ်ဝလွန်းသည့် ထိုအခြေအနေရောက်လာသည်။
ပြည်သူလုထုမဲပေးထားသည့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် ၎င်း၏ ကာချုပ်ရာထူးသက်တမ်းကို အကန့်အသတ်မဲ့အဖြစ် ပြင်ဆင်ခဲ့သည်။
အာဏာသိမ်းသည့် အကြောင်းရင်းများစွာထဲတွင် ၎င်း၏ စည်းစိမ်အာဏာယစ်မူးခြင်းက အဓိကအကြောင်းတရားဟု တပ်တွင်း သုံးသပ်မှုများရှိနေသည်။
ဥပမာဆိုရလျှင် နိုင်ငံတစ်ဝန်း Mytel တာဝါတိုင် ၁၂,၀၀၀ ခန့် စိုက်ထူခွင့်ရထားသည့် Pinnacle Asia ကုမ္ပဏီကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီး ဒေါ်ခင်သီရိသက်မွန်က ပိုင်ဆိုင်သည်ဟု Justice for Myanmar မှတ်တမ်းတစ်ရပ်က ဆိုသည်။
“အခုလိုရွံ့စရာကောင်းအောင် ကြီးကျယ်လှတဲ့ခြံထဲမှာ မင်းအောင်လှိုင်ဟာ ကိုယ်ပိုင် Mytel တာဝါတိုင်ထောင်ပြီး သုံးနေတယ်ဆိုတာက မြန်မာစစ်တပ်ဟာ အတွင်းလှိုက်ပြီး ခြစားနေတာ၊ ဗီယက်နမ်အစိုးရကလည်း ဒီလိုအခြေအနေမျိုးတွေကို အားပေးအားမြှောက်ပြုနေတယ်ဆိုတာ ထပ်ပြီးပေါ်လွင်စေပါတယ်” ဟု Justice for Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။
“မင်းအောင်လှိုင်ရဲ့ ဒီအိမ်ကြီးနဲ့ ကိုယ်ပိုင်ဆက်သွယ်ရေးတာဝါတိုင်ဆိုတာ ပြည်သူ့ပိုက်ဆံတွေနဲ့ တည်ဆောက်ထားတာပါ။ ဒီပိုက်ဆံတွေကို ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေအတွက် သုံးခဲ့သင့်ပါတယ်။ အခုလို ခိုးဝှက်ပြီးသုံးထားတဲ့ပစ္စည်းတွေကို မြန်မာပြည်သူလူထုကို ပြန်ပေးကိုပေးရပါမယ်”
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သား အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရီသက်မွန်တို့ ပိုင်ဆိုင်သော ကုမ္ပဏီအချို့ကိုလည်း Myanmar Now က ၂၀၁၉ ခုနှစ်တွင် “တပ်ချုပ်၏ သမီးနှင့်ချွေးမတို့ ထူထောင်သော အနုပညာကုမ္ပဏီများ အချိန်တိုအတွင်း ထိပ်တန်းရောက်လာ” နှင့် ပြည်သူ့ဥယျာဉ်အတွင်း တပ်ချုပ်သား လုပ်ကိုင်ခွင့်ရရှိထားသော လုပ်ငန်းများ ဟူ၍ ဆောင်းပါးများရေးသားခဲ့သေးသည်။
၎င်း၏ မိသားစုမှာ ထိုသို့ကျိကျိတတ်ချမ်းသာနေသော်လည်း တပ်မိသားစုဝင်များနှင့် ပြည်သူလူထုကို အစားအသောက်အနေအထိုင် ခြိုးခြံကြရန် မင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းများတွင် မကြာခဏထည့်သွင်းပြောဆိုလေ့ရှိသည်။
ပဲခူးတိုင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တစ်ခုတွင် ၉ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကာ CDM တွင် ပါဝင်နေသည့် တပ်သားကောင်းထက်အောင်က တပ်ချုပ်၏ ခြိုးခြံချွေတာရေးမိန့်ခွန်းကို ကိုယ်တိုင်နားထောင်ခဲ့ရသူဖြစ်သည်။
ကပစစက်ရုံတွင် အာဏာမသိမ်းမီ သူတာဝန်ထမ်းနေစဉ် စက်ရုံသို့ ရောက်လာသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကွမ်းစားလျှော့ကာ ကြက်ဥကို ပို၍ဝယ်စားကြရန် စစ်သည်များကို ဩဝါဒခြွေခဲ့သေးသည်ဟု တပ်သားကောင်းထက်အောင်က ပြန်ပြောပြသည်။
“ကွမ်းစားနေတဲ့ စစ်သည်တစ်ယောက်ဆိုရင် တစ်ရက်ကို ၂၀၀ ဆိုရင် တစ်လကို ကျပ်ခြောက်ထောင်ကျတယ်ပေါ့။ ကွမ်းမစားဘဲ ချွေတာပြီး မိသားစုအတွက် ကြက်ဥဝယ်စားကြဖို့ အဲဒီလိုပြောတာ။ ကျွန်တော်လည်း အဲဒီတစ်ခွန်းပဲ နားထောင်လိုက်တယ်။ ကျန်တာ ဆက်နားမထောင်တော့ဘူး” ဟု ၎င်းက ပြောသည်။
တပ်ချုပ်စီးနင်းလာသည့် ရဟတ်ယာဉ်အတွင်း သီးသန့်တပ်ဆင်ထားသည့် ဆိုဖာထိုင်ခုံကိုပင်လျှင် သာမန်စစ်သည်များ တစ်သက်နှင့်တစ်ကိုယ် ကိုင်ကြည့်ရန်ပင် အခွင့်အရေးမရနိုင်သလို၊ စုတ်ပြတ်ကာ မလုံမလဲဖြစ်နေသည့် ဘားတိုက်၌ နေထိုင်ရသည့် ၎င်းကဲ့သို့ တပ်သားအဆင့်များ အိပ်မက်၍ပင် မရသည့် အဆောင်အယောင်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရယူသုံးစွဲနေသည်ဟု တပ်သားကောင်းထက်အောင်က ဆိုသည်။
“သူနဲ့က မိုးနဲ့မြေလောက်ထိကို ကွာတယ်” ဟု တပ်သားကောင်းထက်အောင်က မှတ်ချက်ပြုသည်။
မကြာသေးမီက မိန့်ခွန်းတစ်ခုတွင် မင်းအောင်လှိုင်က တိုင်းသူပြည်သူများ ဆန်နှင့် ဆီ လျှော့စားကြရန် တိုက်တွန်းခဲ့ပြီး သိန်းပေါင်းများစွာ ကုန်ကျနိုင်သည့် တိုင်းခန်းလှည့်လည်ရေးခရီးစဉ်များတွင်လည်း နိုင်ငံတော်စီမံကိန်းကြီးများမှသည် တပ်တွင်းမိသားစုများ စားဝတ်နေရေးအထိ အလေအလွင့်မရှိစေရန် ဆော်ဩလေ့ရှိသည်။
အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားသည့်ပြင် မင်းအောင်လှိုင်၏ သားသမီးများဖြစ်ကြသော အောင်ပြည့်စုံ၊ ခင်သီရိသက်မွန်နှင့် ၎င်းတို့ပိုင်ဆိုင်သော ကုမ္ပဏီခြောက်ခုကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူခဲ့သည်။
အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့သည့် တပ်ချုပ်သားသမီးပိုင်ကုမ္ပဏီများမှာ A & M မဟာကုမ္ပဏီ၊ Sky One ဆောက်လုပ်ရေးကုမ္ပဏီ၊ The Yangon Restaurant၊ Yangon Gallery ပန်းချီပြခန်း၊ Everfit ကုမ္ပဏီ( ပြည်လမ်း City Mall ဈေးဝယ်စင်တာအပေါ်ထပ်ရှိ GymFitness ကာယလေ့ကျင့်ခန်း)၊ Seventh Sense ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းကုမ္ပဏီတို့ဖြစ်သည်။