ဆောင်းပါး

စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ 

သက်ရှင်ထင်ရှားရှိနေဆဲ စစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဗြောင်ကျကျ ချိုးဖောက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးစီးသော လက်ရှိတပ်မတော်က တိုင်းပြည်အာဏာသိမ်းယူခဲ့သည်မှာ သုံးလပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တရားဝင်အရပ်သားအစိုးရတစ်ဖွဲ့လုံးကို ဖြုတ်ချကာ အသက် ၆၅ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အတင်းအဓမ္မ အာဏာသိမ်းခဲ့သည်။ အငြိမ်းစားယူသွားပြီဖြစ်သော စစ်ခေါင်းဆောင်ကြီးများ ဖန်တီးတည်ဆောက်ခဲ့သော အယောင်ပြဒီမိုကရေစီသည် ငုပ်လျှိုးပျောက်ကွယ်သွားကာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် ဗိုလ်ကျစိုးမိုးအုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်စနစ် ပြန်လည်ခေါင်းထောင်လာခဲ့သည်။

ကိုယ့်တံတွေးကို ပြန်မျိုချဖို့ ဝန်မလေးသူ စစ်ဗိုလ်ချုပ်ကြီးများသည် ပြည်သူလူထုဆန္ဒကို ဖယ်ကြဉ်လျက် အချိန်မရွေး အာဏာသိမ်းရန် လက်တွန့်မည်မဟုတ်ကြောင်း လက်တွေ့ သက်သေပြလိုက်ခြင်းလည်းဖြစ်သည်။ 

စစ်အာဏာသိမ်းပြီး ရက်အနည်းငယ်ကြာပြီးနောက် စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့အလိုမရှိသော သန်းပေါင်းများစွာသော ပြည်သူလူထုသည် လမ်းပေါ်ထွက်လာခဲ့ကြသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြမှုများသည် အချိန်သုံးလရှိလာပြီဖြစ်သည့် ယနေ့အချိန်အထိ ရှင်သန်နေဆဲဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုကို ကျည်အစစ်များဖြင့်ပါ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့သဖြင့် အရပ်သားပြည်သူ ၈၀၀ ဝန်းကျင် သေဆုံးခဲ့ရပြီးဖြစ်ကာ ၄၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်ပြုခြင်း မရှိသည့်အပြင် အနောက်နိုင်ငံကြီးများက အရေးယူပိတ်ပင်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ၏ ဖိအားပေးမှုများကို လျစ်လျူရှုလျက် စစ်ကောင်စီက အတင်းအဓမ္မ အာဏာသိမ်း အုပ်ချုပ်ဖို့ ကြိုးပမ်းနေသည်မှာ သုံးလတိုင်ခဲ့ပြီဖြစ်သည်။

“တော်တော်ကို အာဏာရူးတဲ့ကိစ္စပဲ။ ကိုယ့်အချင်းချင်းကိုလည်း အာဏာလက်လွှဲပေးချင်တဲ့စိတ် မရှိဘူး။ တိုင်းပြည်တစ်ပြည်ဆိုတာ အစိုးရရယ်၊ ပြည်သူရယ်၊ နိုင်ငံရဲ့အကျယ်အဝန်းရယ် ဒါတွေပြည့်စုံမှု မရှိဘဲ ဘယ်လိုလုပ် ရပ်တည်မှာလဲ။ တစ်ချိန်ချိန်မှာတော့ ကျရှုံးမှာပဲ” ဟု ဆိုလာသူမှာ ဗိုလ်မှူးဟိန်းသော်ဦး ဖြစ်သည်။ 

မိတ္ထီလာအခြေစိုက် တပ်မ ၉၉ မှ ဗိုလ်မှူးဟိန်းသော်ဦးမှာ စစ်အာဏာသိမ်းမှုကြောင့် သူ အနှစ် ၂၀ နီးပါး တာဝန်ထမ်းဆောင်လာခဲ့သည့် စစ်တပ်ကို ကျော်ခိုင်းစွန့်ခွာခဲ့သူ စစ်တပ်အရာရှိတစ်ဦးဖြစ်သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ပတ်သက်၍ ဗိုလ်မှူးဟိန်းသော်ဦးက “အောက်မှာ တော်တဲ့အရာရှိတွေ၊ ဗိုလ်ချုပ်တွေရှိနေတာပဲ။ ဒါကို မလွှဲပေးချင်ဘူး။ အောက်ကို ဒုက္ခပေးသလို တပ်မတော်ရော တိုင်းပြည်အတွက်ကော သူ့မိသားစုအတွက်ကော ဒုက္ခပေးနေတာ” ဟု ဆိုသည်။ 

ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီလက်နက်ကိုင်များ အကြမ်းဖက်ဖြိုခွင်းခဲ့စဉ်။ (ဓာတ်ပုံ − Myanmar Now)

ကြိုတင်စီစဉ်ခဲ့သော အာဏာသိမ်းမှု 

ဗိုလ်ချုပ်မှူးကြီးသည် အာဏာသိမ်းအစီအစဉ်ကို ရှေးဦးမဆွကပင် အသေအချာ အကွက်ချ စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်မှ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အထိ ထိပ်တန်းဗိုလ်ချုပ်များကို မကြာခဏ အပြောင်းအလဲပြုလုပ်ကာ တပ်တွင်းဩဇာ အခိုင်အမာတည်ဆောက်ခဲ့သည်။  ၎င်းထက် များစွာငယ်ရွယ်သော အသက် ၄၀ ကျော်၊ ၅၀ စွန်းစွန်းအရွယ် စစ်ဗိုလ်ချုပ်များကို တပ်မတော်တွင် အလွန်အရေးပါ အရာရောက်သော ထိပ်တန်းရာထူများ ခန့်အပ်ခဲ့သည်။ 

(လက်ရှိ တပ်တွင်းထိပ်တန်းရာထူး ရရှိထားသူ ဗိုလ်ချုပ်ကြီးများအကြောင်း အောက်တွင် သီးသန့်ဖော်ပြထားပါသည်။) 

တပ်ချုပ်သည် ထိုသို့ တပ်တွင်းအပြောင်းအလဲများပြုလုပ်ခဲ့သည်နှင့် တစ်ချိန်တည်းမှာပင် ၎င်း၏ နိုင်ငံရေးအိပ်မက်ကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကတည်းက မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည်။ 

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ငါးလခန့်အလိုက ရုရှားသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် နှစ်ပေါင်း ၄၀ ကျော် စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးအတွေ့အကြုံများ ရှိထားပြီးဖြစ်သဖြင့် တိုင်းပြည်အတွက် ဆက်လုပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ထို့ပြင် ဂျပန်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင်လည်း “ကျွန်တော်ရဲ့ အတွေ့အကြုံများကို နိုင်ငံတော်နဲ့ ပြည်သူအတွက် ဆောင်ရွက်ကြိုးပမ်းပေးသွားပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ နိုင်ငံသားအခွင့်အရေးနဲ့အညီ နိုင်ငံတော်ရဲ့အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲမကျင်းပမီ လအနည်းငယ်အလိုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သော နိုင်ငံရေးပါတီ ၃၄ ခုနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် အာဏာသိမ်းယူရေး အလားအလာနှင့် ပတ်သက်၍ စကားဦးသန်းခဲ့ကြသည်။ 

စစ်တပ်အကြီးအကဲနှင့် တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို မလိုလားသော နိုင်ငံရေးပါတီခေါင်းဆောင်အချို့က ရွေးကောက်ပွဲအတွက် အကူအညီတောင်းခံခဲ့ကြသည့်အပြင် အာဏာသိမ်းယူရန်ပင် တောင်းဆိုခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးပြောခဲ့သော စကားတစ်ခွန်းမှာ “ကျွန်တော် မလုပ်ရဲတာ ဘာမှမရှိဘူး” ဟူ၍ဖြစ်သည်။ 

သူနှင့် ဩဂုတ်လအတွင်း တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီများမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။ သို့သော် ထိုနိုင်ငံရေးပါတီခေါင်းဆောင်အချို့ကို သူက အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့သည်။

အာဏာသိမ်းယူရေးလမ်းကြောင်း 

ရွေးကောက်ပွဲကာလတစ်လျှောက်လုံးတွင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိဖြင့် စောင့်ကြည့်နေခဲ့သည်။ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးစီးသော စစ်တပ်က စဉ်ဆက်မပြတ် ဝေဖန်ခဲ့သည်။ 

ရွေးကောက်ပွဲမတိုင်မီ ရက်အနည်းငယ်အလို နိုဝင်ဘာ ၂ ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ပိုမိုပြည့်စုံစွာ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ယခင်ရွေးကောက်ပွဲများတွင်ပင် မဖြစ်ပေါ်ခဲ့သည့် ချွတ်ယွင်းချက် အားနည်းချက်များ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိနေရသည်ဟု တပ်မတော်က သဘောထားထုတ်ပြန်ခဲ့သည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အစိုးရအဖွဲ့က တာဝန်ယူရပြီး ကော်မရှင်ကလည်း အစိုးရအဖွဲ့ကို တာဝန်ခံရသဖြင့် ရွေးကောက်ပွဲ၌ လွတ်လပ်၍ တရားမျှတမှု ရှိမရှိ ဝေဖန်ရာတွင် ကော်မရှင်ကို ဝေဖန်ခြင်းထက် အစိုးရကို ဝေဖန်ရခြင်းဖြစ်ကြောင်း” ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ 

နောက်တစ်ရက်ဖြစ်သည့် နိုဝင်ဘာ ၃ ရက်တွင် ဗိုလ်ချုပ်မှူးကြီးက ရန်ကုန်အခြေစိုက် Popular သတင်းဌာနကို အင်တာဗျူးပေးရာတွင် နိုဝင်ဘာ ၂ ရက် တပ်မတော်ထုတ်ပြန်ချက်က သတိထားပြီး လုပ်ဆောင်နိုင်ရန် သတိပေးခြင်းဖြစ်ကြောင်း အတိအလင်းပြောကြားခဲ့သည်။ 

“နိုင်ငံရဲ့ သိက္ခာကတော့ အထိအခိုက် မခံနိုင်ဘူး။ ကျွန်တော်တို့ မဖြစ်စေချင်လို့ သတိပေးတာပါ” ဟု ယင်းအင်တာဗျူးတွင် သူက ထင်သာမြင်သာ ပြောကြားခဲ့သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်း အခိုင်အမာရရှိထားပြီးဖြစ်သည်။ စစ်တပ်ကျောထောက်နောက်ခံပြုထားသော ပြည်ခိုင်ဖြိုးပါတီက ၂၅ ရာခိုင်နှုန်းသာသာ အနိုင်ရရုံမျှဖြင့် စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ ပူးပေါင်းကာ လွတ်လွတ်ကင်းကင်း အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။

သို့သော် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အများထင်မြင်ထားသည်ထက်ပင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီအတွက် ခါးသီးစရာ ရလဒ်ဖြစ်သည်။ အရှုံးကို ရှောင်ရှားရန် ရွေးကောက်ပွဲကော်မရှင်ကိုသာ လက်ညှိုးထိုးအပြစ်ဖို့ရန် ဖြစ်လာသည်။ 

ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်သစ်ခေါ်ယူရန် နီးကပ်လာသည်နှင့်အမျှ ပြည်ခိုင်ဖြိုးပါတီနှင့် ၎င်း၏ မိတ်ဖက်အချို့၏ ရွေးကောက်ပွဲကော်မရှင်နှင့် အနိုင်ရ NLD ပါတီအပေါ် ဝေဖန်တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာသည်။ 

စစ်တပ်ကလည်း ရွေးကောက်ပွဲမဲစာရင်း မှားယွင်းမှုများရှိနေသည်ဟူသော စွပ်စွဲချက်များ ဆက်တိုက်ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲရလဒ် တရားဝင်မှုကို နှောင့်ယှက်ဖျက်ဆီးရန် အချိန်ကိုက် လှုပ်ရှားကြတော့သည်။ ကြေညာချက်များ ပြိုင်တူထုတ်ပြန်ကြသည်။ ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြပွဲများလည်း ဖန်တီးကြသည်။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှတ်တော်သစ်များ ခေါ်ယူတော့မည်ဖြစ်သည်။ မကြာမီအစိုးရအဖွဲ့သစ်လည်း ပေါ်ထွက်လာမည်ဖြစ်သည်။ စစ်တပ်ကလည်း ပို၍ပြင်းထန်သော ထုတ်ပြန်ချက်များ ဆက်တိုက်ထုတ်ပြန်လာသည်။ တစ်ဖက်တွင်လည်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် တချို့သော အုပ်စုများက ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်းနှင့် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲများ နေ့ညမပြတ် ပြုလုပ်လာကြသည်။ 

စစ်တပ်၏ ထုတ်ပြန်ချက်များ၊ ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်များ၏ အစီအမံဖြစ်သော ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်းနှင့် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲများအကြား နိုင်ငံရေးအခြေအနေ တင်းမာသထက်တင်းမာလာသည်။ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ နိုင်ငံရေးအကျပ်အတည်းဖြစ်နေပြီး အစိုးရ၊ လွှတ်တော် သို့မဟုတ် ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန် စစ်တပ်က အပူတပြင်းတောင်းဆိုလာသည်။ 

လွှတ်တော်သစ်ခေါ်ယူခြင်း မပြုမီ ဇန်နဝါရီ ၂၆ ရက်တွင် စစ်တပ်က နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက်များကိုပင် မရမက ခေါ်ယူခဲ့သော ထိုသတင်းစာရှင်းလင်းပွဲ၌ မည်သူမျှ အရေးတယူ အလေးမထားခဲ့သော ရွေးကောက်ပွဲနှင့်ပတ်သက်သော တပ်မတော်၏ ထုတ်ပြန်ချက်ချက်များကိုပင် ထပ်မံရှင်းလင်းခဲ့သည်။ အကြောင်းသော်ကား သူတို့ရည်မှန်းချက်ကို ရောက်ရှိစေရန်ဖြစ်သည်။ 

လွှတ်တော်ခေါ်ရန် ၂ ရက်သာ လိုတော့သည့် ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် အာဏာမသိမ်းဟု မမှတ်ယူနိုင်ကြောင်း တပ်မတော်တာဝန်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။ 

နောက်တစ်ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လိုက်နာခြင်းမရှိလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ဖျက်သိမ်းလို့ရကြောင်း လူသိရှင်ကြား ထပ်မံပြောကြားလိုက်ခြင်းဖြင့် အာဏာသိမ်းယူနိုင်သည့် အခြေအနေသည် ပို၍ နီးကပ်လာတော့သည်။ အချိန်ကိုက်ပင် ရန်ကုန်အပါအဝင် မြို့ကြီးတချို့တွင် တပ်မတော်သံချပ်ကာယာဉ်များ လမ်းပေါ်ရောက်လာသည်။ 

ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ စစ်တပ်၏ တောင်းဆိုချက်များအပေါ် ဥပဒေအရ ဖြေရှင်းနိုင်ကြောင်း NLD က တုံ့ပြန်ခဲ့သည့်နည်းတူ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲရလဒ်အပေါ် မည်သူမှ ကျော်လွန်လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း၊ ပြည်သူလူထု၏ ဆန္ဒသဘောထားကို အပေးအယူလုပ်၍ မရနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကလည်း ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည်။

ထိုအခြေအနေတွင် တပ်မတော်က မကြာခဏထုတ်ပြန် ပြောကြားနေသော နိုင်ငံရေးအကျပ်အတည်းမှာ လိပ်ခဲတည်းလည်းဖြစ်နေပြီး အဆိုးဆုံးအနေအထားအထိ အခြေအနေတင်းမာလျက်ရှိသည်။

နောက်ရက်များတွင် တပ်မတော်နှင့် NLD အစိုးရအဖွဲ့ကြား တွေ့ဆုံသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေများကိုမူ မည်သည့်ဘက်ကမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ ဇန်နဝါရီ ၃၁ ရက်နေ့တွင် နေပြည်တော်၏ နိုင်ငံရေးအခြေအနေမှာ မုန်တိုင်းကြီးတိုက်ခိုက်တော့မည့်အလား ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်နေခဲ့သည်။ 

ထိုနေ့ည သန်းခေါင်ယံ၌ နေပြည်တော်တွင် စစ်သားအပြည့်တင်ဆောင်လာသော စစ်ကားများစွာ ဖြတ်သန်းသွားလာလျက်ရှိကြောင်း ဗီဒီယိုမှတ်တမ်းများ တွေ့လာရပြီး နံနက်အစောပိုင်းတွင် နေပြည်တော်သို့ ဖုန်းခေါ်ဆို၍ မရတော့ပေ။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် လူအများ အိပ်ရာထချိန်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီဖြစ်သည်။ 

ပြည်သူလူထုအားလုံး နှစ်အနည်းငယ် ထိတွေ့ခံစားခဲ့ရသော တစ်ပိုင်းတစ်စဒီမိုကရေစီသည်လည်း ထိုအာဏာသိမ်းနံနက်ခင်းနှင့်အတူ ပျောက်ကွယ်သွားတော့သည်။ 

ဖေဖော်ဝါရီ ၂၂ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူစုလူဝေးကြီးကို ရန်ကုန်မြို့လယ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now) 

စစ်ဗိုလ်ချုပ်ကြီးများသာ စိုးမိုးခြယ်လှယ်

စစ်အာဏာသိမ်းမှုကို လက်တွေ့အထမြောက်စေခဲ့သူတစ်ဦးမှာ ဒုတိယသမ္မတဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေပင်ဖြစ်သည်။ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အစိုးရအဖွဲ့ဝင်များ၊ ရွေးကောက်ခံအမတ်များကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်ဖြင့် စစ်တပ်အကြီးအကဲကို နိုင်ငံတော်အာဏာလွှဲအပ်ခဲ့သည်။

ထိုဖြစ်စဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြောင်ပြောင်တင်းတင်း သွေဖွယ်လျက်ရှိသည်။ အကြောင်းမှာ အခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတကသာ အရေးပေါ်အခြေအနေကို ကြေညာပြီး အာဏာကို ကာကွယ်ရေးဦးစီးချုပ်ထံသို့ ခေတ္တလွှဲပြောင်းရမည်ဟု ဖော်ပြထားသောကြောင့် ဖြစ်သည်။ 

အာဏာသိမ်းယူသည့်နေ့တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဒုသမ္မတဦးမြင့်ဆွေဦးဆောင်ကာ ကျင်းပခဲ့သည်။ နောက်တစ်ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ 

စစ်ကောင်စီကို ဖွဲ့စည်းလျှင်ဖွဲ့စည်းချင်း ရွေးကောက်ပွဲတွင် တစ်နေရာမှပင် အနိုင်မရခဲ့သော နိုင်ငံရေးပါတီခေါင်းဆောင်များဖြစ်သော ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေနှင့် ဖဒိုမန်းငြိမ်းမောင်တို့ကို အရပ်သားအဖွဲ့ဝင်များအဖြစ် ထည့်သွင်းခဲ့သည်။ 

နောက်ပိုင်းတွင် ရခိုင်၊ ရှမ်း၊ ကချင် ကယား စသည့် တိုင်းရင်းသားအရပ်သားများကို ထပ်မံဖြည့်စွက်ခန့်အပ်ခဲ့သော်လည်း လက်ရှိ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် အထွေထွေအဝဝသော အရေးများကို စစ်ဗိုလ်ချုပ်ကြီးများကသာ ချုပ်ကိုင်ခြယ်လှယ်ကာ စီမံခန့်ခွဲလျက်ရှိသည်။

ထို့အတူ စစ်ကောင်စီအစိုးရအဖွဲ့တွင်လည်း ဦးသန်းရွှေနှင့် ဦးသိန်းစိန်လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်ဗိုလ်ချုပ်ဟောင်းအများစုပင်ဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် 

၁၉၅၅ ခုနှစ်တွင် မွေးဖွားခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြှောက်စားမှုကြောင့် အသက်ငယ်ငယ်ရွယ်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့သူဖြစ်သည်။ စစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအရ အရပ်သားအမည်ခံ အစိုးရအဖွဲ့ကို စစ်အစိုးရက အာဏာလွှဲပြောင်းခြင်းမပြုမီ တပ်ချုပ်ဖြစ်လာခဲ့သည်။

အစိုးရဝန်ထမ်းတစ်ဦး၏ သားဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၁၉ တက်ရောက်ခဲ့သူဖြစ်ကာ အရာရှိငယ်ဘဝက ရှမ်း − ၁ ဟုခေါ်သော မှော်ဘီအခြေစိုက် အမှတ် ၃၁၃ ခြေမြန်တပ်ရင်း၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အဆိုပါတပ်ရင်းမှာ ဝန်ကြီးချုပ်ဟောင်းနှင့် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၊ သမ္မတဟောင်း ဦးသိန်းစိန်တို့ တာဝန်ထမ်းဆောင်ခဲ့ဖူးသော တပ်လည်းဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီးသည် ကချင်ပြည်နယ် တနိုင်းအခြေစိုက် ခလရ − ၈၆၊ စစ်ကိုင်းတိုင်း ဝန်းသိုအခြေစိုက် ခမရ − ၁၁၁ တို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ 

၂၀၀၃ ခုနှစ်တွင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ၂၀၀၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၀၅ ခုနှစ် ဧပြီလအထိ ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ၂၀၀၆ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၇ ခုနှစ်အတွင်း အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်ခဲ့သည်။ 

၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် တပ်မတော်တွင် နံပါတ်သုံးအဆင့်ရှိ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်လာခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးဖြစ်ခဲ့သည်။ 

သူ၏ ဇနီးမှာ တက္ကသိုလ်ဆရာမဟောင်း ဒေါ်ကြူကြူလှဖြစ်ပြီး ၎င်းတို့တွင် သားတစ်ဦးနှင့် သမီးတစ်ဦးရှိသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ စစ်အာဏာသိမ်းမှုမတိုင်မီကပင် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အနောက်နိုင်ငံများက ဒဏ်ခတ်အရေးယူခြင်း ခံခဲ့ရသူဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံကြီးများက ထပ်မံဒဏ်ခတ်အရေးယူထားသည်။ ထို့ပြင် ၎င်း၏သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့ကို အမေရိကန်နိုင်ငံက ပစ်မှတ်ထားအရေးယူခဲ့ပြီး ၎င်းတို့ပိုင် ကုမ္ပဏီခြောက်ခုကိုလည်း စီးပွားရေးအရ ဒဏ်ခတ်အရေးယူခဲ့သည်။ 

ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း 

စစ်အာဏာသိမ်းမှုတွင် ဒုတိယတာဝန်ရှိဆုံးပုဂ္ဂိုလ်ဖြစ်ကာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့်အပြင် စစ်ကောင်စီတွင်လည်း ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သူဖြစ်သည်။ 

စစ်တက္ကသိုလ်အပတ်စဉ် ၂၂ တက်ရောက်ခဲ့သူဖြစ်ကာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ လက်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တစ်ပတ်စဉ်တည်း အတူတက်ရောက်ခဲ့သူဖြစ်သည်။ 

၁၉၈၁ ခုနှစ်တွင် ဒုဗိုလ်အဖြစ် စစ်တပ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အရာရှိငယ်ဘဝတွင် အမြောက်တပ်ရင်း၊ ခြေလျင်နှင့် ခြေမြန်တပ်ရင်းများနှင့် စစ်ဌာနချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ်ရှိ ခမရ ၃၇၉ တွင် တပ်ရင်းမှူးဖြစ်ခဲ့သည်။ 

၂၀၀၁ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တွင် စစ်ဦးစီးမှူးပထမတန်း (G1) အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ စစ်ဗျူဟာမှူးဖြစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်၌ ကလေးဝအခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် စစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်ခဲ့သည်။ 

၂၀၀၆ ခုနှစ်တွင် ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးဖြစ်လာခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်ခဲ့သည်။ 

၂၀၁၀ တွင် အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ၂၀၁၁ ခုနှစ် မတ်လတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်လာခဲ့သည်။ 

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှာ တပ်တွင်း၌ တိုက်ခိုက်ရေးနှင့် အုပ်ချုပ်ရေးနှစ်ခုလုံးတွင် ထူးချွန်သူ စစ်သားကောင်းဖြစ်သည်ဟု နာမည်ရပြီး စိတ်သဘောထား တင်းမာပြတ်သားသူအဖြစ်လည်း နာမည်ကြီးသူဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် တပ်ရင်းတပ်ဖွဲ့များကို တိုက်ရိုက်ညွှန်ကြားအမိန့်ပေးသူလည်းဖြစ်သည်။ 

သူ၏ဇနီးမှာ အကနည်းပြ ဒေါ်သန်းသန်းနွယ်ဖြစ်သည်။  ဇနီးသည်၏ ယခင်အိမ်ထောင်နှင့် သားသမီးများသာရှိပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် သားသမီးထွန်းကားခြင်း မရှိပေ။ 

ဗိုလ်ချုပ်ကြီးမြထွန်းဦး 

စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ အာဏာမသိမ်းမီက တပ်မတော်တွင် နံပါတ်သုံးအဆင့်ရှိ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်သည်။ စစ်အာဏာသိမ်းမှုအပြီးတွင် နံပါတ်သုံးအဆင့် တပ်ရာထူးမှ လျှောကျကာ ကာကွယ်ရေးဝန်ကြီးအဖြစ်သာ ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ 

၁၉၆၁ ခုနှစ်တွင် မွေးဖွားသူ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၅ တက်ရောက်ခဲ့သူဖြစ်သည်။ ၎င်းနှင့် တစ်ပတ်စဉ်တည်းတက်ရောက်ခဲ့သူများမှာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် အာဏာသိမ်းပြီးနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်လာသူ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့ဖြစ်သည်။ 

တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ကို ဖျက်သိမ်းပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးတွင် စစ်ဦးစီးပထမတန်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အလွန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်သူအဖြစ် တစ်ပေးခံခဲ့ရသူလည်းဖြစ်သည်။ 

တပ်မတော်ထိပ်တန်းရာထူး ရုပ်သိမ်းခံခဲ့ရပြီးဖြစ်သဖြင့် အဆိုပါ တွက်ဆချက်မှာ လက်ရှိအချိန်တွင် မှန်ကန်နိုင်ခြင်း မရှိတော့ပေ။ 

ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး စသည့် အရေးပါသော နေရာဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တပ်မတော်တွင် လွန်စွာအရေးပါသော စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အထိ ရာထူးအဆင့်ဆင့် တိုးမြှင့်ခံခဲ့ရသူဖြစ်သည်။ 

စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံအစိုးရများနှင့် ဆက်ဆံရေးတည်ဆောက်ရေး စစ်ကောင်စီက အစ္စရေးထောက်လှမ်းရေးဟောင်း လော်ဘီကို ငှားရမ်းရာတွင် အဓိကကိုင်တွယ်ခဲ့သူဖြစ်သည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦး၏ ဇနီးမှာ ဒေါ်သက်သက်အောင်ဖြစ်ပြီး ၎င်းတို့တွင် သားသမီးရှိမရှိ သေချာစွာ မသိရပေ။ 

ဗိုလ်ချုပ်ကြီးတင်အောင်စန်း  

စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားသူဖြစ်ကာ စစ်တက္ကသိုလ်အပတ်စဉ် ၂၃ တက်ရောက်ခဲ့သူဖြစ်သည်။ 

ဗိုလ်ချုပ်ကြီးသူရသက်ဆွေ အငြိမ်းစားယူသွားပြီးနောက် ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာ အမေရိကန်နိုင်ငံတွင် စစ်သင်တန်းတက်ရောက်အောင်မြင်ခဲ့သူ ရှားရှားပါးပါး ဗိုလ်ချုပ်တစ်ဦးဖြစ်သည်ဟု သိရသည်။ ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် သိုသိုသိပ်သိပ်နေတတ်သူဟုလည်း တပ်အသိုင်းအဝိုင်းက ဆိုသည်။ 

ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာ စစ်အာဏာသိမ်းပြီးနောက် တပ်ရာထူးမှ လျှောကျကာ စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဖြစ်လာခဲ့သည်။ ၎င်း၏နေရာတွင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်သောင်း၏ သားတစ်ဦးဖြစ်သူ မိုးအောင်ကို ဗိုလ်ချုပ်ကြီးရာထူးဖြင့် ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် ခန့်အပ်ခဲ့သည်။

စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ ဇနီးမှာ ဒေါ်သန်းသန်းအေးဖြစ်ပြီး ၎င်းတို့တွင် သမီးတစ်ဦးရှိသည်။ 

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် 

စစ်ကောင်စီအဖွဲ့ဝင် လေတပ်ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ ရာထူးအတက်မြန်ခဲ့သူတစ်ဦးဖြစ်ကာ တပ်တွင်း၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံတစ်ဦးဖြစ်သည်ဟုလည်း နာမည်ကြီးသည်။ 

၁၉၆၄ ခုနှစ်တွင် မွေးဖွားသူ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၆ တက်ရောက်ခဲ့သူဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင်းက ဖြစ်ပွားသော လောက်ကိုင်စစ်ပွဲအတွင်း လေကြောင်းမှတိုက်ခိုက်စဉ် တရုတ်နိုင်ငံအတွင်း ကျည်ဆန်ကျရောက်မှုဖြင့် ထိုစဉ်က လေတပ်စစ်ဦးစီးအရာရှိချုပ်ဖြစ်သူ ဗိုလ်ချုပ်စန်းလွင် အရေးယူခံရပြီးနောက် လေတပ်စခန်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်မောင်မောင်ကျော်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

ဗိုလ်ချုပ်ကြီးခင်အောင်မြင့် အနားယူသွားချိန်တွင် မောင်မောင်ကျော်မှာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဖြစ်လာပြီး ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့သည်။ 

လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ ဦးနေဝင်းခေတ်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ သားဖြစ်ပြီး ၎င်း၏အစ်ကိုဖြစ်သူ ဦးသန့်ကျော်မှာ ဦးသိန်းစိန်လက်ထက်က ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ မရီးတော်စပ်သူ ဦးသန့်ကျော်၏ဇနီး ဒေါ်အိအိခင်ဧမှာ လက်ရှိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်ပြီး ဧပြီ ၂၄ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဂျာကာတာ အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် အစီအစဉ်အားလုံးကို ဦးစီးဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။ 

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ ဇနီးဖြစ်သူမှာ ဒေါ်အောင်မာမြင့်ဖြစ်ပြီး ၎င်းတို့တွင် သားနှစ်ဦးရှိသည်။ 

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း

စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် စစ်တပ်တွင် အသက်အငယ်ဆုံး ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံတော်၊ အနာဂတ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမည့်သူအဖြစ်လည်း အများဆုံး ထင်ကြေးပေးခံရသူဖြစ်သည်။

လက်ရှိတွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သည်။ အဆိုပါရာထူးသည် ဒုတိယဗိုလ်ချုပ်ကြီးများအဆင့် စစ်ဆင်ရေးအထူးအဖွဲ့မှူးများရှိနေသော်လည်း တပ်မတော်၌ နံပါတ် ၄ အဆင့် အရေးပါဆုံးသော ရာထူးဟုဆိုနိုင်သည်။

၁၉၆၈ ခုနှစ်တွင် မွေးဖွားသူ ၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၀ တက်ရောက်ခဲ့သူဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် အသက် ၁၀ နှစ်ကျော် ငယ်ရွယ်သူလည်းဖြစ်သည်။ 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် ၂၀၁၇ ခုနှစ်တွင် စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသူဖြစ်ကာ ထိုအချိန်က အသက် ၄၈ နှစ်အရွယ်သာ ရှိသေးသည်။ 

ထိုအချိန်က စစ်တိုင်းမှူးများတွင် အသက်အငယ်ဆုံးဖြစ်သော မိုးမြင့်ထွန်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးအဆင့်တိုးပေးကာ တပ်မတော်တွင် လွန်စွာအရေးပါသော စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ခန့်အပ်ခဲ့သည်။ ထိုမတိုင်မီက မိုးမြင့်ထွန်းမှာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သည်။

စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် တပ်မတော်စစ်ဦးစီးအရာရှိချုပ် (ကြည်း) တာဝန်အပြင် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၆) အဖြစ် ပူးတွဲတာဝန်ယူထားသူလည်းဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားလေရာ အနီးကပ်လိုက်ပါရသူဖြစ်သဖြင့် တပ်မတော်အတွင်း တခြားဗိုလ်ချုပ်ကြီးများထက် ဩဇာကြီးမားသူဟု ဆိုနိုင်သည်။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ ဇနီးမှာ ဒေါ်ခိုင်ပပချစ်ဖြစ်ပြီး ၎င်းတို့တွင် သားသမီးသုံးဦးရှိသည်။ 

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် 

စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် NLD အစိုးရလက်ထက်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအစား ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် ဝန်ကြီးများအနက် စစ်ကောင်စီလက်ထက်တွင် ဆက်လက်ခန့်အပ်ခြင်းခံရသည့် တစ်ဦးတည်းသော အစိုးရအဖွဲ့ဝန်ကြီးတစ်ပါးဖြစ်သည်။

၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် နဝတကောင်စီအတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦးနှင့်အတူ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့သူ ဗိုလ်မှူးချုပ်လွန်းမောင်၏ သားဖြစ်သည်။ ဗိုလ်သင်တန်းအပတ်စဉ် ၆၄ (OTS – 64) တက်ရောက်ခဲ့သူဖြစ်သည်။  

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်လာခဲ့သည်။ ၎င်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် NLD အစိုးရလက်ထက်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။ 

ထိုအချက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အာဏာသိမ်းမှုကို ကြိုတင်ကြံစည်ခဲ့သည်ကို ထောက်ပြနေသော အချက်တစ်ချက်ပင်ဖြစ်သည်။ အကြောင်းမူကား စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ဆက်လက်ခန့်ထားခဲ့သည်သာမက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ်ပါ ခန့်အပ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသော ပြည်ထဲရေးဝန်ကြီးအပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ်ပါ ခန့်အပ်ခြင်းခံရသူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အထူးယုံကြည်ကိုယ်စားခြင်းခံရသူ ဗိုလ်ချုပ်ကြီးတစ်ဦးလည်းဖြစ်သည်။ 

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးမဖြစ်မီက တပ်မတော်တွင် စစ်ဥပဒေချုပ်အဖြစ်လည်းကောင်း၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ရသူဖြစ်သည်။

သူ၏ ဇနီးမှာ ဒေါ်နီလာစိန်ဖြစ်ပြီး ၎င်းတို့တွင် သားသုံးယောက်ရှိသည်။ 

ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး 

တပ်မတော် စစ်ဥပဒေချုပ်ဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အထူးယုံကြည်ကိုယ်စားခံရသူဟု ယူဆနိုင်သည်။ အကြောင်းမူကား အခြားသော ထိပ်တန်းဗိုလ်ချုပ်ကြီးများရှိနေသော်လည်း သူ့ကို စစ်ကောင်စီအတွင်းရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် စစ်တက္ကသိုလ်အပတ်စဉ် ၂၅ တက်ရောက်ခဲ့သူဖြစ်သည်။ ၎င်းနှင့်အတူ တစ်ပတ်စဉ်တည်းတက်ရောက်ခဲ့သူများမှာ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဟောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် လက်ရှိ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဖြစ်သူ ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ ဖြစ်သည်။

တပ်တွင်း၌ နည်းဗျူဟာနှင့် စိတ်ဓာတ်စစ်ဆင်ရေးဆရာကြီးဖြစ်သူဟု နာမည်ကျော်ကြားသူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမှာ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ထိုမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သည်။ ထို့နောက်တွင် စစ်ဥပဒေချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီတွင် အထူးအရေးပါလှသော အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ ဇနီးဖြစ်သူမှာ ဒေါ်ဥမ္မာမြင့်ဖြစ်ပြီး ၎င်းတို့တွင် သားတစ်ဦး၊ သမီးနှစ်ဦး ရှိသည်။ 

ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး

စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးဖြစ်ပြီး တပ်မတော်၏ လက်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်လည်းဖြစ်သည်။ ၁၉၆၆ ခုနှစ်တွင် မွေးဖွားခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးမှာ ဗိုလ်သင်တန်းအပတ်စဉ် ၇၇ (OTS – 77) တက်ရောက်ခဲ့သူဖြစ်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးပထမတန်း (G1) အဖြစ်လည်းကောင်း၊ တပ်မ ၁၁ တွင် တပ်မမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်ပြီးနောက် ၂၀၀၈ ခုနှစ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၀ မေလတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခန့်အပ်ပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကို စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် အွန်လိုင်းမှတဆင့်ပြုလုပ်သည့် အာဆီယံထောက်လှမ်းရေးမှူးချုပ်များ၏ အစည်းအဝေးတွင် အာဏာသိမ်းစစ်ကောင်စီ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက မြန်မာနိုင်ငံ၏ ထောက်လှမ်းရေးမှူးချုပ်အဖြစ် တက်ရောက်ခဲ့သည်။

သူ၏ ဇနီးမှာ ဒေါ်နီလာဖြစ်ပြီး ၎င်းတို့တွင် သမီးတစ်ဦးရှိသည်။

စစ်ကောင်စီပြင်ပ အထူးအရေးပါသော အခြားဗိုလ်ချုပ်ကြီးများ 

​အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်းယုံကြည်အားထားသည့် ဗိုလ်ချုပ်ကြီးများကို စစ်ကောင်စီနှင့် တပ်မတော်ထိပ်တန်းရာထူးဌာနများတွင် ခွဲဝေနေရာချထားပေးထားဟန်ရှိသည်။ တပ်မတော်တွင် နံပါတ် ၃ အဆင့်ရှိသူ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို စစ်ကောင်စီတွင် ထည့်သွင်းထားသော်လည်း တပ်မတော်၏ ထိပ်တန်းရာထူးမှ ဖယ်ရှားခဲ့သည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦး၏ နေရာကို တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အစားထိုးခန့်အပ်ခဲ့သည်။ သို့သော် ၎င်းကို စစ်ကောင်စီတွင် နေရာပေးခြင်းတော့ မရှိပေ။ 

ဗိုလ်ချုပ်ကြီးမောင်မောင်အေး မှာ ၂၀၁၅ ခုနှစ်ကတည်းက တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်လာခဲ့သူဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် ပုံမှန်ပြုလုပ်လေ့ရှိသည့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းကြီးများကို ဦးစီးဆောင်ရွက်ခဲ့ရသူဖြစ်သည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၅ တက်ရောက်ခဲ့သူဖြစ်ပြီး ၎င်းနှင့်အတူ တစ်ပတ်စဉ်တည်းတက်ရောက်ခဲ့သူများမှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ စစ်ကောင်စီနယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် ကစထ (၆) လက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီး ၂၀၁၅ ခုနှစ်တွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်လာသည်။

သူ့ရှေ့တွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်ခဲ့သူများမှာ ဒုတိယဗိုလ်ချုပ်ကြီးအောင်ငြိမ်းနှင့် ဗိုလ်ချုပ်ကြီးလှဌေးဝင်းတို့ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မြှောက်စားမှုဖြင့် ရာထူးအတက်မြန်ခဲ့သူတစ်ဦးမှာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ဟေင်းတစ်ဦးဖြစ်သူ ဦးအောင်သောင်း၏သား ဗိုလ်ချုပ်ကြီးမိုးအောင်ဖြစ်သည်။ 

ဗိုလ်ချုပ်ကြီးမိုးအောင်မှာ ရေတပ်စစ်ဦးစီးအရာရှိချုပ်ဘဝကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံခြားခရီးစဉ်အများစုတွင် လိုက်ပါခဲ့ရသူဖြစ်ကာ အာဏာသိမ်းပြီးနောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရသူဖြစ်သည်။ 

ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးအဖြစ် ထည့်ထားသော်လည်း တပ်ရာထူးပေးခြင်း မရှိတော့ဘဲ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ်သာ ခန့်အပ်ခဲ့သည်။ ထို့အတူ ဗိုလ်ချုပ်ကြီးမိုးအောင်ကို ရေတပ်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးထားသော်လည်း စစ်ကောင်စီတွင် ထည့်သွင်းထားခြင်း မရှိပေ။ 

ပြည်ခိုင်ဖြိုးပါတီတွင် အမာလိုင်းအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးဖြစ်သူဟု သတ်မှတ်ခြင်းခံရသူ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သားကြီးဖြစ်သူမှာ တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်ကြီးမိုးအောင်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၈ တက်ရောက်ခဲ့သူဖြစ်သည်။  

စစ်ကောင်စီအဖွဲ့ဝင်မဟုတ်သော်လည်း အခြားအရေးပါသော ဗိုလ်ချုပ်ကြီးတစ်ဦးမှာ မျိုးဇော်သိန်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံတော်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းမှာ တပ်မတော်တွင် အရေးပါသော ထိပ်တန်းရာထူးတစ်ခုဖြစ်သည့် စစ်ရေးချုပ်တာဝန်ယူထားသည်။ 

ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းမှာလည်း စစ်တက္ကသိုလ်အပတ်စဉ် ၂၈ တက်ရောက်ခဲ့သူဖြစ်သည်။ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်မှ နေပြည်တော်သို့ အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး နောက်ပိုင်းတွင် စစ်ရေးချုပ်ဖြစ်လာခဲ့သည်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အသစ်ခန့်အပ်ခဲ့သည့် ရဲချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဖြစ်သည်။ ၎င်းမှာ စစ်ကောင်စီ၏ ဒုတိယပြည်ထဲရေးဝန်ကြီးလည်းဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဖြိုခွင်းရာတွင် အဓိကအားဖြင့် တိုက်ရိုက်ပါဝင်ပတ်သက်သူ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးပင်ဖြစ်သည်။ 

ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၉ တက်ရောက်ခဲ့သူဖြစ်ကာ ယခင်က အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်များတွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

လက်ရှိ တပ်မတော်တွင် အသက်အငယ်ဆုံးသော ဒုတိယဗိုလ်ချုပ်ကြီးဖြစ်သူမှာ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်ခဲ့သူ ကျော်စွာလင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မေလအတွင်း စစ်ထောက်ချုပ်အဖြစ် နေပြည်တော်သို့ ရောက်ရှိလာချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းမှာ အသက် ၄၈ နှစ်အရွယ်ခန့်သာ ရှိသေးသည်။ 

စစ်ထောက်ချုပ်ရာထူးမှာ တပ်မတော်တွင် အထူးအရေးပါသော ထိပ်တန်းရာထူးတစ်ခုဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းမတိုင်မီက စစ်ထောက်ချုပ်ဖြစ်ခဲ့သူများမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌလုပ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့ဖြစ်သည်။ 

စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၅ တက်ရောက်ခဲ့သူဖြစ်ကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးမဖြစ်ခင်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တပ်မှူးဖြစ်ခဲ့သည်။ ဇနီးဖြစ်သူမှာ ဒေါက်တာနန်းကူကူးဖြစ်ပြီး ၎င်းတို့တွင် သမီးတစ်ဦးရှိသည်။

Show More

Related Articles

Back to top button