သတင်း

NCA နှစ်ပတ်လည်ပွဲတက်သူ ၃ ဦးကို ABSDF အရေးယူ

ဗိုလ်ချုပ်ကြီးများ ပြုလုပ်သည့် ငြိမ်းချမ်းရေးစာချုပ်နှစ်လည်ပွဲသို့ သွားရောက်ခဲ့သူ ထိပ်တန်းတာဝန်ရှိသူ ၃ ဦးကို အဖွဲ့က ပြင်းပြင်းထန်ထန် အရေးယူကြောင်း ABSDF က ကြေညာလိုက်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်ကျင်းပသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ရှစ်နှစ်ပြည့်အခမ်းအနား တက်ရောက်ခဲ့သော ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း အပါအဝင် သုံးဦးကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ပြင်းထန်စွာ အရေးယူလိုက်သည်။

ကျောင်းသားတပ်မတော် (ABSDF) ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း ၊ ရဲဘော်စောမောင်မောင်ဦးနှင့် ရဲဘော်မင်းဇော်တို့ကို အဖွဲ့အစည်းမှ ပေးအပ်ထားသည့် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာတာဝန်များကို ရုပ်သိမ်းလိုက်ကြောင်း ယနေ့ (အောက်တိုဘာ ၁၆) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ထို ၃ ဦးသည် နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NCA ၈ နှစ်ပြည့်အခမ်းအနား တက်ရောက်ခဲ့ရာ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် အရေးယူကြောင်း ကြေညာချက်ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အပစ်ရပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်သည့် ကျောင်းသားတပ်မတော်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပြီး စစ်ဒေသများခွဲကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသည်။

၂၀၂၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ABSDF ဗဟိုကော်မတီအစည်းအဝေး၌ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်ပြုသည့်လုပ်ရပ်များ ပူးပေါင်းဆောင်ရွက်သွားမည် မဟုတ်ဟု ဆုံးဖြတ်ချက် ချထားကြောင်း ABSDF ဗဟိုကော်မတီဝင် ဆလိုင်းယောအောင်က Myanmar Now နှင့် သီးသန့်အင်တာဗျူးတွင် ပြောထားသည်။

“၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ပြီးတဲ့နောက် ကျွန်တော်တို့အဖွဲ့အစည်းမှာ ဗဟိုကော်မတီအစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ထားတာက ၂၀၂၁ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်ပြုတဲ့ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးဆိုပြီး ဆုံးဖြတ်ထားတယ်” ဟု ဆိုသည်။

ABSDF ၏ အရေးယူကြောင်း ကြေညာချက်။

ABSDF အနေဖြင့် စစ်ခေါင်းဆောင်ဖိတ်ကြားသော NCA ရှစ်နှစ်ပြည့်ပွဲကို တက်ရောက်မည်မဟုတ်ကြောင်း၊ ထိုသို့ တက်ရောက်ရန် အဖွဲ့ဝင် မည်သူ့ကိုမျှ တာဝန်ပေးထားခြင်း မရှိကြောင်း အောက်တိုဘာ ၁၄ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အရေးယူမှုနှင့် ပတ်သက်ပြီး နေပြည်တော်ပွဲ တက်ရောက်ခဲ့သူ ၃ ဦး၏ တုံ့ပြန်ချက် မရရှိသေးပေ။

အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် NCA ၈ နှစ်ပြည့်အခမ်းအနားကို ABSDF မှ ရဲဘော်မျိုးဝင်းအပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ခိုင်စိုးနိုင်အောင်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ တက်ရောက်ခဲ့သည်။

အခြား နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့တချို့အပါအဝင် စစ်ကောင်စီနှင့် နီးစပ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ဘက်မှ ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ပြန်တိုက်ခိုက်ခဲ့သော KNU, ABSDF နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ဘုံနိုင်ငံရေးသဘောတူညီချက်အဖြစ် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများကို အဆုံးသတ်ခြင်း မရှိဘဲ မည်သည့်နိုင်ငံရေးဆွေးနွေးပွဲမျှ ပြုလုပ်ရန် မရှိကြောင်း အောက်တိုဘာ ၁၂ တွင် ထုတ်ပြန်ထားသည်။

(မှတ်ချက် – သတင်းတွင် အဖွဲ့မှ ထုတ်ပ​ယ်ကြောင်း ဟူသည့် စကားလုံးများကို အရေးယူကြောင်း ဟု ပြန်လည် ပြင်ဆင်ထားပါသည်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button