မေးမြန်းခန်း

“NCA ရဲ့ အခန်းကဏ္ဍကို မေ့လိုက်တော့။” – ABSDF

လွန်ခဲ့သော ၃၅ နှစ်၊ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံမှ ပေါက်ဖွားလာသည့် ကျောင်းသားတပ်သည် စစ်တပ်က အာဏာသိမ်းထပ်သိမ်းလိုက်ချိန်တွင် အပစ်ရပ်စာချုပ်ကို ကျောခိုင်းကာ တော်လှန်ရေးခရီး ဆက်လျှောက်နေသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သည် ၂၀၁၅ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ၂၀၂၁ စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက်တွင် မျိုးဆက်သစ်တော်လှန်ရေးသမားများကို မွေးထုတ်ကာ တိုက်ပွဲပြန်ဝင်နေသည့်အဖွဲ့ဖြစ်သည်။

နိုင်ငံအနှံ့ ခုခံတော်လှန်မှုများကို လေကြောင်း၊ လက်နက်ကြီးများပါသုံး၊ ရက်ရက်စက်စက် သတ်ဖြတ် စသည့် နည်းမျိုးစုံဖြင့် ဖိနှိပ်ပြနေသည့် အာဏာသိမ်း စစ်ကောင်စီက အောက်တိုဘာ ၁၅ တွင် NCA ၈ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင်ပြုလုပ်ရန် စီစဉ်နေချိန်တွင် ABSDF၏ သဘောထား၊ လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို သိရှိနိုင်ရန် ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ထံ ဆက်သွယ်မေးမြန်းထားပါဿည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်။ ဓာတ်ပုံ-ပေးပို့

လက်ရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ အခြေအနေနဲ့ နွေဦးတော်လှန်ရေးရဲ့ အနာဂတ်ကို ABSDF အနေနဲ့ ဘယ်လိုမျိုး ရှုမြင်သုံးသပ်ထားသလဲ။

ဒီတိုက်ပွဲက အဆုံးသတ်တိုက်ပွဲပဲ။ နောက်တစ်ခုက အနိုင်ကို တိုက်ရမှာ၊ ဘာကြောင့်လဲဆိုတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တာ အခုဒီအချိန်ထက် ကြီးတဲ့ နိုင်ငံရေးလှုပ်ရှားမှု ပေါ်ပေါက်ခဲ့တာ မရှိပါဘူး။ ကျွန်တော်တို့ ခေတ်ကာလမှာ ၈၈ လူထုအရေးတော်ပုံက အကြီးမားဆုံးပေါ့လေ၊ ၈၈ နောက်ပိုင်းမှာ ၂၀၂၁ လူထုအရေးတော်ပုံက အကြီးမားဆုံးပေါ့။ တစ်တိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ ရွာဇနပုဒ်ပါမကျန် စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြတဲ့အတွက်ကြောင့် ဒီပွဲမှာ အနိုင်ကို တိုက်ရမယ်။ ဒီပွဲမှာ မနိုင်ဘူးဆို ကျွန်တော်တို့ အနာဂတ်တွေ ကျွန်တော်တို့ မျိုးဆက်သစ်တွေဟာ ဘယ်တော့မှ နာလန်ထူလာနိုင်စရာ အကြောင်းမရှိတော့ဘူး။ ဒါကြောင့် ဒီပွဲကို ကျွန်တော်တို့က အနိုင်ကို တိုက်ရမယ်။ ဒီအပေါ်မှာ နံပါတ်တစ်ကတော့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးက ပိုအရေးကြီးတယ်။ ဒီအပေါ်မှာ အခြေခံပြီးတော့ ပူးပေါင်းဆောင်ရွက်ကြရမယ်။ လက်တွဲပြီးတော့ အလုပ်တွေပိုလုပ်ကြရမယ်လို့ မြင်ပါတယ်။

စစ်ကောင်စီက NCA ရှစ်နှစ်ပြည့်အခမ်းအနားကို အကြီးအကျယ်လုပ်ဖို့ ပြင်နေတယ်။ ABSDF က NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားပြီးလည်းဖြစ်တယ်။ ဆိုတော့ ဒီလိုမျိုး အခမ်းအနားကျင်းပတဲ့ အပေါ်မှာ ဘယ်လိုမျိုး သဘောထားရှိပါသလဲခင်ဗျာ။

ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါမှာ မနေ့က ငြိမ်းချမ်းရေးနဲ့ ဒီနေ့ ငြိမ်းချမ်းရေး မတူတော့ဘူးလို့ ထင်ပါတယ်။ မနေ့က နိုင်ငံရေးအခင်းအကျင်းနဲ့ ဒီနေ့ နိုင်ငံရေးအခင်းအကျင်း မတူပါဘူး၊ လက်ရှိတိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုရင် အခုဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်ကို မူတည်ပြီး သွားမှ ကျွန်တော်တို့ တိုင်းပြည်အတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရမယ်လို့ ထင်ပါတယ်။ ဒါကြောင့် စစ်တပ်က ကြီးမှူးကျင်းပတဲ့ NCA ရှစ်နှစ်မြောက် အခမ်းအနားဆိုတာကလည်း ငြိမ်းချမ်းရေးတည်ဆောက်တာ မဟုတ်ပါဘူး။ ဒါဟာ ရုပ်ပြသဘောပဲ ဖြစ်မယ်၊ တကယ်အနှစ်သာရရှိတဲ့ ငြိမ်းချမ်းရေးမဟုတ်ပါဘူး။

အနှစ်သာရရှိတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုရင်တော့ နံပါတ်တစ်က ထိုးစစ်ဆင်နေတဲ့ဟာတွေ အကုန်လုံးရပ်ဖို့ လိုတယ်။ နောက်တစ်ခုက ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုတယ်။ အဲ့လိုမျိုးဟာတွေ လုပ်လာတယ်ဆိုရင်တော့ ကျွန်တော်တို့က စဉ်းစားလို့ ရတာပေါ့ဗျာ။ 

နောက်တစ်ခုကလည်း ရှေ့လာမယ့် နိုင်ငံရေးအခင်းအကျင်းမှာ စစ်တပ်မပါတဲ့ နိုင်ငံရေးကို တည်ဆောက်ဖို့ပါ၊ စစ်တပ်ရဲ့ တာဝန်က စစ်တန်းလျားမှာ နေမယ်၊ တိုင်းပြည်ကို ကာကွယ်မယ်၊ ဒီနိုင်ငံရေးကိစ္စတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ငြိမ်းချမ်းရေးကို သူတည်ဆောက်လို့လည်း မရပါဘူး။ ငြိမ်းချမ်းရေးကို တည်ဆောက်ရမှာက အစိုးရက တည်ဆောက်ရမယ်၊ ကျွန်တော်တို့ အားလုံး တည်ဆောက်ရမယ်။ ကျွန်တော်တို့နဲ့ တွေ့ရုံနဲ့ ငြိမ်းချမ်းရေးကို မရပါဘူး၊ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်အပေါ်မှာ အခြေခံပြီး တည်ဆောက်မှ ငြိမ်းချမ်းရေးရနိုင်မယ်လို့ မြင်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် အစိုးရအဖွဲ့ ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးစဉ်။ ဓာတ်ပုံ-EPA

NCA ပွဲကို စစ်ကောင်စီဘက်က ဖိတ်ကြားခဲ့ရင် တက်ရောက်ဖို့ အစီအစဉ်ရှိမလား။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ပြီးတဲ့နောက် ကျွန်တော်တို့ အဖွဲ့အစည်းမှာ ဗဟိုကော်မတီအစည်းအဝေး ခေါ်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ထားတာက ၂၀၂၁ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်ပြုတဲ့ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးဆိုပြီး ဆုံးဖြတ်ထားတယ်။

ဘာကြောင့်လဲဆိုတော့ ဒီအာဏာသိမ်းမှုက ဒီမိုကရေစီကို ဆိတ်သုဉ်းစေတာပဲလေ၊ ဒီမိုကရေစီကို ဖျက်ဆီးလိုက်တာပဲ။ ဒါကို ကျွန်တော်တို့ လက်ခံလို့ မရဘူး။ သူ့ကို (စစ်ကောင်စီကို) နိုင်ငံရေးအရ အသိအမှတ်ပြုစေတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် NCA နဲ့ ပတ်သက်တဲ့ အခမ်းအနားဆိုတာ သူ့ကို နိုင်ငံရေးအရ အသိအမှတ်ပြုတာပဲ။ ဒီပွဲကို ကျွန်တော်တို့ တက်ရောက်မှာ မဟုတ်ပါဘူး။

NCA  က ပျက်ပြယ်သွားပြီးလို့ ABSDF က ပြောခဲ့တာမျိုး ရှိပါတယ်။ဘာကြောင့် ဒီလိုပြောနိုင်တာပါသလဲ။

NCA ဆိုတာက ပျက်ပြယ်ခြင်း မပျက်ပြယ်ခြင်း ဆိုတာထက်ကို NCA အရ ရှေ့ကို ဆက်သွားလို့ မရတော့ဘူး။ NCA က စာချုပ်တစ်ခုဖြစ်တယ်၊ သမိုင်းတစ်ခုလည်း ဖြစ်တယ်။ နိုင်ငံရေးအခင်းအကျင်းအရ ဆက်သွားလို့ မရတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့က ဆက်မလုပ်တော့တာပဲ။

NCA အခင်းအကျင်းအရ ၂၀၂၁ ခုနှစ် မတိုင်ခင်အထိ ကျွန်တော်တို့ ရှိနေခဲ့တယ်။ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအခင်းအကျင်း ပြောင်းသွားတာကြောင့် ဆက်သွားလို့ မရတော့ဘူး။ NCA က ရပ်သွားပြီပေါ့ဗျာ၊ NCA ရဲ့ အခန်းကဏ္ဍကို မေ့လိုက်တော့။ နိုင်ငံရေးအခင်းအကျင်းအသစ်တစ်ခု ဖြစ်လာပြီ။ အဲ့ဒီအသစ်အပေါ်မှာ ကျွန်တော်တို့ ဘယ်လိုသွားကြမလဲပေါ့။ ငြိမ်းချမ်းရေး လိုချင်တယ်ဆို ကျွန်တော်တို့ ဘယ်လိုသွားကြမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားဖို့လိုတယ်။

၂၀၁၃ နိုဝင်ဘာက ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၂၅ နှစ်ပြည့် အခမ်းအနား။ ဓာတ်ပုံ – EPA

ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည် ထူထောင်ဖို့အတွက် NCA စာချုပ်က အကူအညီပေးနိုင်မှာလား။ ဥပမာ အပစ်ရပ်လက်မှတ်ထိုး၊ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲလုပ်၊ ဒါမှ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်မယ်ဆိုပြီး စစ်ခေါင်းဆောင်က ပြောနေတာ တကယ်ဖြစ်နိုင်ပါ့မလား။

NCA ကို အခြေခံပြီး ဖက်ဒရယ်ကို သွားမယ်ဆိုရင် ဒီနေ့ကာလမှာ အခက်အခဲအများကြီးကို ရှိမယ်။ ရှေ့ဆက်သွားမယ်ဆိုရင် အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်ကို အခြေခံပြီး သွားမှ ရမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ဖက်ဒရယ်ပေါ်ထွန်းရေးဆိုတာ စစ်တပ်က လုပ်ပေးမှ မဟုတ်ဘူး၊ ကျွန်တော်တို့ကိုယ်တိုင် လုပ်မှ ရမှာ။ စစ်တပ်ကပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေါ်မယ်၊ စစ်တပ်ကပဲ နိုင်ငံရေးဆွေးနွေးပွဲတွေ ခေါ်မယ်လို့ မရဘူး။ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် လုပ်ရမှာ၊ သူခေါ်ပေးမှ ရမယ့်ဟာ မဟုတ်ဘူး။ ဖက်ဒရယ်ဒီမိုကရေစီကို သွားတဲ့လမ်းကြောင်းမှာ ဘယ်သူက ခလုတ်ကန်သင်းဖြစ်နေလဲ၊ ဖြစ်တဲ့ ခလုတ်ကန်သင်းကို ရှင်းရမှာပဲ၊ နိုင်ငံရေးအရ ရှင်းမှာလား၊ စစ်ရေးအရ ရှင်းမှာလား။ ကျွန်တော့်အယူအဆအရဆိုရင် နိုင်ငံရေးအရ ရှင်းပြရမယ်။ နိုင်ငံရေးအရ ဆွေးနွေးလို့ မရဘူးဆိုရင် အခြေအနေတစ်ခု အဖြေတစ်ခုကို ရှာရမှာပေါ့ဗျာ။ 

စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ လာဖို့ ပါးစပ်က ခေါ်နေတယ်။ ဒါပေမဲ့ တစ်တိုင်းပြည်လုံးအနှံ့ကို လေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်ထိုးစစ်တွေ လုပ်နေတယ်။ ဒီအပေါ်မှာရော ဘယ်ပြောချင်လဲ။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံရေးအခင်းအကျင်းအသစ်တွေ ဖြစ်လာတယ်။ တစ်တိုင်းပြည်လုံး ဆိုးဆိုးဝါးဝါး ဖြစ်လာတဲ့ တရားခံဘယ်သူလဲ။ စစ်တပ်က ဖန်တီးလို့ ဒီပြဿနာတွေ ဖြစ်တာ။ ရန်ကုန်မြို့မှာ တိုက်ပွဲတွေ ဖြစ်ဖူးလား၊ မန္တလေးမှာ တိုက်ပွဲတွေ ဖြစ်ဖူးလား၊ စစ်ကိုင်းတို့ မကွေးတို့မှာ တိုက်ပွဲတွေ ဖြစ်ဖူးလား။ ၂၀၂၁ မတိုင်ခင် တိုက်ပွဲတွေ ဖြစ်ဖူးတာ နယ်စပ်ဒေသတွေမှာပဲ ဖြစ်ခဲ့တာ၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာမှ ရန်ကုန်မှာဆိုရင်လည်း ဘယ်သူမှ ငြိမ်းငြိမ်းချမ်းချမ်း နေလို့မရဘူး။ မန္တလေးမှာဆိုလည်း လုံလုံခြုံခြုံနေလို့မရဘူး။ ဘယ်မှာမှ လုံလုံခြုံခြုံနေလို့ မရဘူး။ အဲ့ဒါတွေ ဖြစ်အောင် ဖန်တီးခဲ့တာ ဘယ်သူဖန်တီးခဲ့တာလဲ။ စစ်တပ်ကပဲ ဖန်တီးတာ ကျွန်တော်တို့ ဖန်တီးတာ မဟုတ်ဘူး။ သူရွေးခဲ့တဲ့လမ်း ကျွန်တော်တို့ ရွေးခဲ့တာ မဟုတ်ဘူးနော်၊ သူရွေးခဲ့တဲ့လမ်းပဲ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)- ချင်းတွင်းဒေသ၊​ အခြေခံစစ်ပညာသင်တန်းဆင်းပွဲတစ်ခု။ ဓာတ်ပုံ – ABSDF

ပြည်သူလူထုကိုရော သတင်းစကားပါးလိုတာ ဘာများရှိပါသေးသလဲ။

တော်လှန်ရေးဆိုတာက နေ့ချင်းညချင်းပြီးတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အချိန်ကာလတစ်ခုတော့ ယူရမယ်။ ဒါကြောင့် စိတ်ရှည်ဖို့လိုတယ်။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊ ဒါပေမဲ့ ကိုယ်လုပ်ရမယ့်အလုပ်ကို ပိုပြီးတော့ ကြိုးစားလုပ်ဖို့လိုမယ်။ ဒီနေ့တော်လှန်ရေးဟာ နောက်ဆုံးတော်လှန်ရေးပါ။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးရဲ့ နောက်ဆုံးတော်လှန်ရေးပါ ၊ တူတာတွေလည်း ရှိမယ်၊ မတူတာတွေလည်း ရှိမယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဘုံသဘောတူညီချက်က စစ်အာဏာရှင်စနစ် ပြုတ်ကျရေးပဲ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button