သတင်း

ဂန့်ဂေါမြို့နယ် ရဲစခန်းမှ ရဲနှင့် စစ်သား ၇၀ ခန့် စခန်းကို စွန့်ခွာ

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကိုင်းတိုင်းတွင်လည်း တိုက်ပွဲဖော်ဆောင်လျက်ရှိသည့် အင်အားကောင်းသည့်စခန်းတစ်ခုမှ စစ်ကောင်စီတပ် ဆုတ်ခွာသွားသည်ဟု ABSDF က ပြောသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာရဲစခန်းတွင် တပ်စွဲထားသည့် ရဲနှင့် စစ်သား ၇၀ ခန့် နိုဝင်ဘာ ၄ ရက်နေ့တွင် စခန်းစွန့်ခွာသွားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် (၃) စစ်ကြောင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဂန့်ဂေါမြို့ မြောက်ဘက် မိုင် ၄၀ ခန့်အကွာ၊ ကလေး-ဂန့်ဂေါ ကားလမ်းဘေး အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ထိုရွာရှိ ရဲစခန်း၌ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ အင်အားအများအပြားဖြင့် တပ်စွဲထားခဲ့သည်။

မည်သည့်အကြောင်းကြောင့် စွန့်ခွာသွားသည်ကို မသိရသေးပေ။ အထက်အမိန့်မရဘဲ စခန်းမှ ထိုသို့ ထွက်ခွာသည်ဆိုပါက ကြီးမားသည့်အမှု ကျူးလွန်ခြင်းဖြစ်သည်ဟု လေ့လာသူတို့က ထောက်ပြကြသည်။

၁၉၅၂ ခု တပ်မတော်အက်ဥပဒေတွင် ထိုသို့သော စခန်းစွန့်မှုမျိုးသည် သေဒဏ်ထိုက်သည့် ပြစ်မှု ကျူးလွန်မှုဟု ပြဋ္ဌာန်းထားသည်။

ထိုအက်ဥပဒေပုဒ်မ ၃၂ တွင် တပ်စခန်း၊ ခံတပ်၊ တာဝန်ကျနေရာ၊ ကင်းတစ်ခုခုကို ရှက်ဖွယ်ကောင်းစွာ စွန့်ပစ်ခြင်း၊ (ရန်သူထံ) ပေးအပ်ခြင်းတို့သည် သေဒဏ်ထိုက်သည်ဟု ပြဋ္ဌာန်းထားသည်။

ဒကစ ခေါ် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်အထိ ဆုတ်ခွာမည်ဟု သတင်းရရှိထားကြောင်း ABSDF Column 3 ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

“မြောက်ခင်ရန်းကနေ ပြည်သူ့စစ်အမာခံကျေးရွာ ဟံသာဝတီမှာရှိတဲ့ ရဲစခန်းကို သွားပေါင်းတယ်လို့ ကြားတယ်။ သိထားသမျှက သူတို့ ကလေးမြို့ဒကစအထိကို ဆုတ်မယ်လို့ သိထားရပါတယ်” ဟု ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

တောင်ခင်ရန်းရွာ ရဲစခန်းတည်ရှိရာနေရာပြမြေပုံ (Graphic – Myanmar Now)

နိုဝင်ဘာ ၁ ရက်နေ့နှင့် ၂ ရက်နေ့ ညပိုင်းတွင် တောင်ခင်ရန်းရွာရဲစခန်းကို ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် တောင်ခင်ရန်းရွာမှ မိုင် ၅၀ ကျော် အကွာရှိ ဂန့်ဂေါမြို့တောင်ပိုင်း မင်းရွာရဲစခန်းကိုပါ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး၊ ၁၁ ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

မင်းရွာရဲစခန်း စီးနင်းခံရပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ့စစ်အားကောင်းရာ မြောက်ခင်ရန်းရွာမှ တောင်ခင်ရန်းရွာသို့ မြေပြင်စစ်ကြောင်းထိုးလာသည်ဟု သိရသည်။ ထိုသို့ စစ်ကူရောက်လာသဖြင့် တောင်ခင်ရန်းရွာ ရဲစခန်းကို ဝိုင်းဝန်းပိတ်ဆို့ထားသည့် ကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ ဆုတ်ပေးလိုက်ရတဲ့ ပွိုင့်တစ်ပွိုင့်က မြစ်စပ်ဘက်မှာ မြစ်သာမြစ်ဘက်က ပွိုင့်တစ်ပွိုင့်ရောရှိတာ။ အဲ့ဒီတော့ ဒီအင်အား အကုန်လုံးက မြစ်သာမြစ်အတိုင်း ပြန်ဆုတ်သွားတာ။ ကမ်းပါးတွေနဲ့ဆိုတော့ ကျွန်တော်တို့ကလည်း မမြင်သာဘူးလေ။ သူတို့က မြစ်စပ်က ကမ်းပါးတွေကြောထဲကနေ သူတို့က ညအမှောင်ကို အမှီပြုပြီးတော့ ထွက်သွားတာ” ဟု ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

ထို့နောက် ရဲစခန်းအတွင်း လှုပ်ရှားမှု မမြင်ရသဖြင့် လက်လုပ်လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်၊ ယခင်ကဲ့သို့ တုံ့ပြန်ပစ်ခတ်မှုမရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသည်ကို သိရှိခဲ့ရသည်ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီတပ် ထပ်မံတပ်မစွဲနိုင်ရန် စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ စခန်းနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် နင်းမိုင်းများကို ရှင်းလင်းလျက်ရှိသည်။

“သူတို့ မိုင်းထောင်သွားတယ်လို့ မသင်္ကာတဲ့နေရာလေးတွေ မိုင်းပဲကွဆိုပြီး ဓားလေးတွေနဲ့ လိုက်ဖော်၊ လိုက်ပြီးတော့ ရှင်းလင်းရေးလုပ်နေရတာပေါ့။ စက်ကိရိယာအကူညီတော့ မပါဘူး။ သူတို့ အဓိက ထောင်သွားတာက ကတုတ်ကျင်း ဘန်ကာတွေရဲ့ ဘေးတွေမှာ ပတ်ပတ်လည်မှာ ခြေချနိုင်တဲ့နေရာတွေမှာ ထောင်သွားတာ” ဟု ကိုပြည့်ဖြိုးကျော်က ပြောသည်။

ABSDF သည် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းစဉ် ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်တွင် ပါဝင်လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်သော်လည်း ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များနှင့်အတူ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။

စစ်ကောင်စီလက်အောက်ခံများ ထောင်သွားသည့် မိုင်းကို ရှင်းလင်းနေသည့် ABSDF တပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ − ABSDF Column – 3)

တောင်ခင်ရန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှစတင်ပြီး လမ်းသွားလမ်းလာနှင့် အရပ်သားများထံမှ ငွေကြေးကောက်ခံခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ဖမ်းဆီးသတ်ဖြတ် ခြိမ်းခြောက်မှုများကြောင့် တောင်ခင်ရန်းရွာလုံးကျွတ် စစ်ဘေးရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပေ။

“တောင်ခင်ရန်းကျေးရွာမှာ သူတို့ပျူစောထီးအထိုင်ရှိတဲ့ရွာကနေ လက်နက်ကြီးတစ်ကမ်းစာ ၈ မိုင်ပတ်လည် ဧရိယာထဲမှာရှိတဲ့အတွက် ပြည်သူတွေပုံမှန်အတိုင်း နေထိုင်ရင် သူတို့က လက်နက်ကြီးနဲ့ လှမ်းထုမှာ စိုးရိမ်တဲ့အတွက် ကျွန်တော်တို့က ပြည်သူတွေကို ခုချိန်ထိ မဝင်ခိုင်းသေးဘူးဗျ” ဟု ကျေးရွာ ပအဖအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုညောင်ရမ်းက ပြောသည်။

ဂန့်ဂေါမြို့နယ်တွင် နိုဝင်ဘာပထမပတ်အတွင်း မင်းရွာရဲစခန်းနှင့် တောင်ခင်ရန်းရဲစခန်းကို ကာကွယ်ရေးအဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်  ကလေး-ဂန့်ဂေါ လမ်းမကြီးဘေးရှိ ဟံသာဝတီရွာနှင့် ကန်ရွာရဲစခန်းတို့တွင်လည်းကောင်း၊ ကျောမြို့ရဲစခန်းတွင်လည်းကောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်အဖွဲ့များက အောက်တိုဘာ ၂၇ ရက်က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေးလုပ်ဆောင်နေရာ မြန်မာနိုင်ငံအလယ်ပိုင်း လက်နက်ကိုင်ကာကွယ်ရေးအဖွဲ့များ အားကောင်းရာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း စစ်ကောင်စီတပ်စွဲထားရာနေရာများကို တိုက်ခိုက်လျက်ရှိသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှနှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့မှ စစ်ကောင်စီတပ်အထိုင်စခန်းများကို နိုဝင်ဘာ ၃ ရက်နေ့တွင် တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းစီးနင်းသိမ်းပိုက်ရရှိမှုများရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button