အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရန် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ၊ စစ်အာ ဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တပ်ဖွဲများ နှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) ၏ ကြေညာ ချက်တွင် ပါရှိသည်။
မွန်ပြည်သစ်ပါတီသည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) သဘောတူညီချက်အရ အာဏာသိမ်းစစ်တပ်နှင့် သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်၊ သို့သော် နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ခဲ့ဘဲ ဖက်ဒရယ်အခြေခံမူများကို တင်ပြဆွေးနွေးခဲ့သော်လည်း မျှော်မှန်းရလဒ် လုံးဝ မရှိခဲ့ဟုလည်း ထိုထုတ်ပြန်ချက်က ဆိုသည်။
၁၁ ကြိမ်မြောက်ပါတီညီလာခံတွင် အပစ်ရပ်သဘောတူ စာချုပ်ကို ဆက်လက်ကိုင်ဆွဲမည့် မွန်ပြည်သစ် ပါတီ၏သဘောထားကို လက်မခံနိုင်သည့်အတွက် သဘောထားတူညီသည့် ပါတီအလုပ်အမှုဆောင် တချို့၊ ပါတီရဲဘော် တစ်ချို့နှင့်အတူ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဒုအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်က Myanmar Now ကို ပြောသည်။
“ပါတီညီလာခံ ပြီးတဲ့နောက်ပိုင်း ရည်ရွယ်ချက်တူတဲ့ တပ်ဖွဲ့ဝင်တွေ အချင်းချင်း ညှိနှိုင်းပြီးတော့ ရုတ်တရက် ထုတ်ပြန်ကြေညာချက် ထုတ်လိုက်တယ်။ ထုတ်တဲ့အပေါ်မှာ ပါတီဗဟိုကနေပြီး ဆက်သွယ်လာတာတော့ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် မွန်ပြည်နယ်အတွင်း မွန်ပြည်သစ်ပါတီ (ဗဟို) ၏ လှုပ်ရှား နယ်မြေများကို ရှောင်ရှားသွားမည်၊ ခွဲထွက်ခြင်းမဟုတ်ဘဲ နည်းလမ်းအသစ်ဖြင့် စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်းဆိုသည်။
“ခွဲထွက်တယ်လို့ မသုံးနှုန်းစေချင်ဘူး။ နည်းလမ်းသစ်ရှာတဲ့ အနေနဲ့ပဲ သုံးနှုန်းစေချင်တယ်။ ကျွန်တော် တို့ဟာ ရည်ရွယ်ချက် ပန်းတိုင်ချင်းတူတယ်။ ဒါပေမယ့် ရည်ရွယ်ချက် ပန်းတိုင်ကို သွားတဲ့ အခါမှာ နည်းလမ်းတွေ မတူညီဘူး။ သီးခြားစီ ကိုယ်ယုံကြည်တဲ့ လမ်းကြောင်းအတိုင်း လျှောက်ဖို့အတွက် အကောင်အထည်ဖော်ရခြင်းဖြစ်တယ်” ဟုပြောသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)အဖွဲ့တွင် နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ကို မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်၊ ဒုအဖွဲ့ ခေါင်းဆောင် (၂) နိုင်ရီရီကောင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောတို့ဖြင့် ဖွဲ့စည်းထားသည်။
မွန်ပြည်သစ်ပါတီ၏ လက်ရှိ ဥက္ကဋ္ဌမှာ နိုင်ဟံသာဖြစ်ပြီး ၊ ဒုဥက္ကဋ္ဌမှာ နိုင်အောင်မင်း ဖြစ်သည်။ ခွဲထွက်လာသည့် နိုင်ဇေယျသည် မွန်ပြည်မွန်ပြည်သစ်သည် ၂၀၁၈ ဖေဖော်ဝါရီ တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲနှင့် ပတ်သက်ပြီး မွန်ပြည်သစ် ပါတီ (ဗဟို) ကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
စစ်တပ်၏ ပစ်ခတ်မှုကြောင့် မွန်ပြည်နယ်အတွင်း ပြည်သူအများ သေဆုံးမှုများရှိနေသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၁၃) က ထုတ်ပြန်ထားသည်။ တပ်ရင်းများ အမြောက်တပ်များ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူလူထု ၈ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ဇန်နဝါရီလကုန် အထိ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အရပ်သား ၄၃၅ ဦး သတ်ဖြတ်ခံရပြီး ဒဏ်ရရာရှိသူ ၁၂၆၉ ဦး ရှိသည်ဟု
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Human Rights Foundation of Monland – HURFOM) ၏ ထုတ်ပြန်ချက်အရ သိရသည်။