ဆောင်းပါး

NCA သေသလား ရှင်သလား  

စစ်တပ်စိတ်ကြိုက်အခြေခံဥပဒေကို ဆက်တိုက် ဖောက်ဖျက်ရုံသာမက အပစ်ရပ်စာချုပ်ကို အကြိမ်ကြိမ် ချိုးဖောက်နေသည့် အာဏာသိမ်းခေါင်းဆောင်က NCA ဖုတ်သွင်းပွဲ ကျင်းပခဲ့သည်။

နိုင်ငံတိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များသည် လူ့အဖွဲ့အစည်း၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း မှုကို ဖော်ဆောင်ထိန်းသိမ်းပေးရသူများ ဖြစ်သလို၊ ချက်ချင်းပျက်ပြားစေရန် လုပ်ဆောင်နိုင်သော အင်အားစု လည်းဖြစ်သည့်အလျောက် လက်နက်ကိုင်တပ်ဖွဲ့၏ ထိပ်ဆုံးခေါင်းဆောင်မှ အောက်ခြေတပ်ဖွဲ့ဝင်များ အထိ တစ်ဦးချင်းသည် ဥပဒေကို တင်းတင်းကျပ်ကျပ် လိုက်နာကြရသူများ ဖြစ်သည်။  

နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကို အကာအကွယ်ပေးရန် ရည်ရွယ်ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်ဖွဲ့ကို ဦးဆောင်သူများက အာဏာအလွဲသုံးစားပြုပြီး၊ ဥပဒေကို လေးစားလိုက်နာခြင်းနှင့် ကတိကဝတ်များကို စောင့် ထိန်းကျင့်သုံးခြင်း အလျင်းမရှိတော့လျှင်၊ “အားကြီးသူ နိုင်ကြေး” တောတွင်းဥပဒေကို ကျင့်သုံးလာပြီဆိုလျှင်၊ လူ့အဖွဲ့အစည်းအတွင်း စစ်မက်ဖြစ်ပွားရခြင်းမှသည် နိုင်ငံတခုပျက်သုဥ်းခြင်းအထိ ဆိုးရွားသော ကပ်ဘေးဆိုက် နိုင်ပါသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့သည် မြန်မာ့လူ့အဖွဲ့အစည်းတွင် ထိုကပ်ဘေးဆိုက်သောနေ့ ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျူးလွန်ဖောက်ဖျက်ပြီး၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ကတိကဝတ်များကို လုံးဝလစ်လျူရှုလျက် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တသိုက် လက်နက်အားကိုး ထင်ရာစိုင်း စစ်အာဏာသိမ်းခဲ့ကြသည်။  

ထိုနေ့သည် NCA စာချုပ်ပါ အစုအဖွဲ့အသီးသီး၏ “ယုံကြည်မှု” တစစီပြိုကွဲပျက်စီးသွားသောနေ့ ဖြစ်သည်ဟု ဆိုလျှင် မမှားပေ။ နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် ဆယ်စုနှစ်များစွာ ချုပ်ကိုင်ခဲ့ပြီး တိုင်းရင်းသား ပြည်သူများအပေါ် စိတ်တိုင်းကျ ဖိနှိပ်ဗိုလ်ကျစိုးမိုးအုပ်ချုပ်လာခဲ့သော စစ်တပ်၏ သမိုင်းဆိုးကို မေ့ပျောက်မရ သော်လည်း၊ တိုင်းပြည်၏အနာဂတ်အတွက် သဘောထားကြီးစွာခွင့်လွှတ်ပြီး၊ ခက်ခက်ခဲခဲ ကြိုးပမ်းရယူထား သော အပြန်အလှန်ကတိကဝတ်များကို မင်းအောင်လှိုင်နှင့်အာဏာသိမ်းစစ်တပ်က ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။ 

ရလဒ်အနေဖြင့် နိုင်ငံဖွံ့ဖြိုးမှုလမ်းကြောင်းအပေါ် တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနေသော အခြေအနေကို အာဏာရမ္မက်လောဘဖြင့် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တသိုက်၏ ဖျက်ဆီးလိုက်ခြင်းကို  မြန်မာပြည်သူ တရပ်လုံး လွန်စွာခါးသီးနာကျည်း ရွံရှာခဲ့ကြသည်။

စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံနေသည့် တော်လှန်ရေးသမားများကို စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ််အတွင်း၂၀၂၂ နှစ်ကုန်ပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now 

အာဏာရူး စစ်ခေါင်းဆောင်နှင့် စစ်တပ်ကို အမြစ်ပြတ်တော်လှန်မှရမည် ဟူသော ခံပြင်းမှုနှင့် ခံယူချက်များက နိုင်ငံ၏ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက် တနံတလျားရှိ တိုင်းရင်းသားပြည်သူများအကြား အလို အလျှောက် မွေးဖွားလာခဲ့ကြသည်။ အချိန်တိုအတွင်း မိုးဦးကျမှိုများသဖွယ် နိုင်ငံအနှံ့ ပြည်သူ့တော်လှန်ရေး အဖွဲ့များ (PDFs) အလျှိုအလျှို ဖွဲ့စည်းပေါ်ပေါက်လာပုံက မြန်မာနိုင်ငံသမိုင်းတလျှောက် နယ်ချဲ့တော်လှန်ရေး နောက်ပိုင်း မကြုံစဖူးသော လက်နက်ကိုင် လူထုအုံကြွတော်လှန်ရေးကြီး ဖြစ်ပြီး၊ အကြမ်းဖက်စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို အမြစ်ပြတ်ဖယ်ရှားပစ်မည်ဟူသော သန္နိဋ္ဌာန်ဖြင့် ပေါ်ပေါက်လာခဲ့သည်။ 

ခေတ်အဆက်ဆက် မြန်မာစစ်တပ်ကို လက်နက်ကိုင်တော်လှန်လျက်ရှိသော အင်အားကြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ (ERO) ဖြစ်ကြသော KIA, TNLA, MNDAA, AA, KNU, CNF, KNPP နှင့် ABSDF တို့သည် နွေဦးတော်လှန်ရေးတွင် PDF များကို လေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ ပူးပေါင်း တိုက်ပွဲဆင်ခြင်းဖြင့် ပြည်သူနှင့်အတူ ရပ်တည်ခဲ့ကြသည်။  

ဤသို့ဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နိုင်ငံတကာနှင့် ပြည်တွင်းအသိသက်သေများ ရှေ့မှောက်၌ ထိုစဥ်က သမ္မတဦးသိန်းစိန်အစိုးရ၊ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့အကြား ချုပ်ဆိုခဲ့သော NCA စာချုပ်မှာ ပျက်သုဥ်းသေဆုံးသွားခဲ့သည်။  

အာဏာသိမ်းပြီးကတည်းက NCA စာချုပ်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆက်လက် အကောင်အထည်ဖော် နိုင်ခြင်း မရှိတော့ပါ။ သို့သော် NCA သေဆုံးသွားခြင်းကို လက်မခံနိုင်သေးသော မင်းအောင်လှိုင်နှင့် စစ်ဗိုလ် တသိုက်သည် NCA ဖုတ်သွင်းပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

ထို NCA ဖုတ်သွင်းပွဲအတွက် မင်းအောင်လှိုင်ကိုယ်တိုင် လနှင့်ချီ ကြိုးပမ်းအားထုတ် ပြင်ဆင်ခဲ့ပြီး၊ စာချုပ်ကို လက်မှတ်ထိုးစဥ် ပါဝင်ခဲ့သော ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ်သက်သေများအားလုံးကို ဖိတ်ကြားခဲ့ကာ NCA အသက်ရှိနေသေးကြောင်း ပြသရန် ကြိုးပမ်းခဲ့သည်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ တာဝန်များ ယူခဲ့သော၊  NCA စာချုပ်ကို မွေးဖွားပေးခဲ့သည့်အထဲ လက်သည်တဦးဖြစ်သော  ဦးအောင်မင်းကလည်း NCA ဖုတ်သွင်းပွဲ ကို တတ်ရောက်လာခဲ့သည်။ 

“NCA သေဆုံးသွားပြီ လို့ ပြောနေကြပါတယ်။ NCA မသေပါဘူး။ ယနေ့လုပ်တဲ့ပွဲက သက်သေဖြစ်ပါတယ်” ဟု ဦးအောင်မင်းက စင်ပေါ်တတ်ကာ အားမာန်အပြည့်ဖြင့် ပြောဆိုခဲ့သည်။ 

ပွဲပြီး၍ စင်အောက်တွင် သတင်းသမားများကို ပြောသည့်အခါ “ငြိမ်းချမ်းရေးမှာ…စားပွဲဝိုင်းကို မလာသေးတဲ့သူကို လာအောင်ခေါ်ရမယ်၊ လာပြီးတဲ့သူကိုလည်း ပြန်မထွက်သွားအောင် ဆွေးနွေးဖို့လိုတယ်၊ အဲ့ဒါတော့ လုပ်တတ်ဖို့လိုတာပေါ့” ဟု ဆိုသည်။ 

မင်းအောင်လှိုင် “မလုပ်တတ်ဖူး” ဟု ဦးအောင်မင်း ရည်ညွန်းပြောဆိုလိုက်ခြင်းလော။ သို့တည်းမဟုတ် NCA ၏ ပင်မ ဖွဲ့စည်းတည်ဆောက်ပုံ ပျက်ယွင်းသွားခဲ့ပြီ ဆိုသည်ကို သိထားပြီး၊ NCA ရှေ့ဆက်ရန် မသေချာသော စိတ် အခြေအနေကို ဦးအောင်မင်း တယောက် မဖုံးဖိနိုင်တော့ခြင်းလော။ 

သေချာသည့်အချက်မှာ အာဏာသိမ်းကတည်းက NCA အကောင်အထည်ဖော်မှု ရပ်တန့်နေခဲ့သည်မှာ ငြင်းမရ သော အချက် ဖြစ်သည်။ ထို့ကြောင့် NCA သေသလား၊ ရှင်သလား အထောက်အထား အခြေပြု ဆန်းစစ်တင်ပြ သွားပါမည်။

နေပြည်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရလက်ထက် ၂၀၁၈ ကပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ။ ဓာတ်ပုံ – AFP

NCA အသက်သွင်းပွဲ နှင့် ဖုတ်သွင်းပွဲ ကွာခြားချက်များ  

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဆိုသည်မှာ မှန်ဘောင်သွင်း၊ ပြတိုက်တွင်ထားရန် မဟုတ်ပါ၊ လက်တွေ့အကောင်အထည်ဖော်ရန်ဖြစ်သည်။ ထို့ကြောင့် NCA စာချုပ်ကို အကောင်အထည်ဖော် ရန် အဓိကတာဝန်ရှိသူများ သို့မဟုတ် မူလပိုင်ရှင်များက မည်သူနည်း ဆိုသည့်အချက်မှာ အလွန်အရေးကြီး ပါသည်။ 

NCA စာချုပ်ကို အဓိက အစုအဖွဲ့ကြီး ၅ ခုက ပူးတွဲပိုင်ဆိုင်ခြင်းနှင့် ပူးတွဲအကောင်အထည်ဖော်ရန် တာဝန်ရှိကြသည်။ တနည်းပြောရလျှင် NCA ကို ဖွဲ့စည်းတည်ဆောက်ထားသော အခြေခံအုတ်မြစ်သည် “ပဥ္စဂံ ပုံသဏ္ဌာန်” ဖြစ်သည်။ ၎င်းတို့မှာ (၁) အစိုးရ၊ (၂) ပြည်ထောင်စုလွှတ်တော်၊ (၃) စစ်တပ်၊ (၄) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် (၅) နိုင်ငံရေးပါတီများ ဟူ၍ ဖြစ်သည်။  

စာချုပ်၏ မူလပိုင်ရှင်များက အကောင်အထည်ဖော်မှသာ NCA သည် သက်ဝင်လှုပ်ရှားသော စာချုပ်တခုဖြစ် မည်ဖြစ်ပြီး၊ မူလပိုင်ရှင် အစုအဖွဲ့ကြီး ၅ခု ဖြင့်တည်ဆောက်ထားသော အခြေခံအုတ်မြစ် ပြိုပျက်သွားပြီဆိုလျှင် NCA စာချုပ်သည် အသက်ဝိညာဥ်ကင်းမဲ့သွားပြီ ဖြစ်သည်။ 

ထိုအချက်ကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ရန် ၂၀၁၅ ခုနှစ် NCA မူလဖွဲ့စည်းတည်ဆောက်ပုံ နှင့် ၂၀၂၁ ခုနှစ် NCA ဖွဲ့စည်းတည်ဆောက်ပုံ ပျက်ယွင်းသွားခြင်းကို နှိုင်းယှဥ်လေ့လာနိုင်ရန် အောက်တွင်ဖော်ပြထားသည်။

NCA  သေဆုံးရသည့် အကြောင်းရင်း အသေးစိတ် 

အထက်တွင် နှိုင်းယှဥ်ဖော်ပြထားသော ပုံကားချပ်နှစ်ခုအရ ၂၀၁၅ ခုနှစ် NCA ဖွဲ့စည်းတည်ဆောက်ပုံတွင် ငြိမ်ချမ်းရေးဆွေးနွေးပွဲများမှ ရရှိလာမည့် “နိုင်ငံရေးသဘောတူညီချက်များ” ကို ရွေးကောက်ခံအရပ်သားအစိုးရ က တာဝန်ခံရပြီး၊ “စစ်ရေးသဘောတူညီချက်များ” ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုံခြုံရေးဆိုင်ရာ သီးခြားအာဏာရရှိထားသော စစ်တပ်က တာဝန်ခံရပါသည်။ အဆိုပါ နိုင်ငံရေးနှင့် စစ်ရေး သို့မဟုတ် လုံခြုံရေး ဆိုင်ရာ သဘောတူညီချက်များကို ဥပဒေကဲ့သို့ ခိုင်မာသော “ပြည်ထောင်စုသဘောတူစာချုပ်များ” အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြု တာဝန်ခံရပါသည်။  

NCA ၏ အဓိက အစုအဖွဲ့ ၅ ခုအကြား ထိုလုပ်ငန်းစဥ်များ အကောင်အထည်ဖော်မှုကို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်များအရ ဖြစ်ပေါ်လာသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်နှင့် ရွေးကောက်ခံ အရပ်သားအစိုးရသက်တမ်း ၂၀၁၆ – ၂၀၂၀ ခုနှစ်များအတွင်း “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ” ကို ၄ကြိမ် ကျင်းပခဲ့ပြီး၊ “ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၁၊ ၂ နှင့် ၃” တို့ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုသော ဖြစ်စဥ်များအရ တွေ့မြင်နိုင်ပါသည်။ 

သို့သော် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်များအရ ဖွဲ့စည်းပေါ်ပေါက်ရမည့် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော်များကျင်းပမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းမှု ကို ကျူးလွန်ခဲ့ပြီး၊ ပြည်ထောင်စုလွှတ်တော်များ တည်ရှိမှုကို ပထမဆုံး စတင်ဖျက်ဆီးလိုက်သည်။ 

အကျိုးဆက်အားဖြင့် NCA ဖွဲ့စည်းတည်ဆောက်ပုံ၏ အဓိက အစုအဖွဲ့ကြီး ၅ ခုထဲမှ ပြည်ထောင်စု သဘောတူ စာချုပ်များကို ဥပဒေကဲ့သို့ အတည်ပြုပြဋ္ဌာန်းတာဝန်ခံရသည့် ပြည်ထောင်စုလွှတ်တော် မရှိတော့ပေ။ NCA ၏ ပင်မကျောရိုးသဖွယ်ဖြစ်သော ပြည်ထောင်စုလွှတ်တော် မရှိတော့ခြင်းက NCA သေသလား ရှင်သလား ဆိုသည့် မေးခွန်းအတွက် ရှင်းလင်းစွာ အဖြေပေးထားပြီး ဖြစ်သည်။

သို့ဖြစ်ပါလျက် စစ်ဗိုလ်ချုပ်များသည် နောင်တွင်ရွေးကောက်ပွဲများကျင်းပပြီး ပေါ်ပေါက်လာမည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုနိုင်ပါသည် ဟု မျက်စိပိတ် နားပိတ် တဖက်သတ်ပြောဆိုနေမည်ဆိုလျှင် ၎င်းတို့၏ ညဏ်ရည်နိမ့်ကျလွန်းမှုကို ပြည်သူတရပ်လုံးက ရယ်မောလှောင်ပြောင် ကြပေလိမ့်မည်။ 

NCA သေဆုံးရုံမျှမက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အာဏာခက်မ သုံးဖြာထဲမှ ဥပဒေပြုမဏ္ဍိုင် ဖြစ်သော ပြည်ထောင်စုလွှတ်တော်တည်ရှိမှုကို ငြင်းဆန်ခြင်းသည် ခြေ/ဥကိုပါ တပါတည်း ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ခြေ/ဥကို စစ်ဗိုလ်ချုပ်များ စိတ်ကြိုက် နှစ်ရှည်လများ အချိန်ယူရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ပြည်ထောင်စုလွှတ်တော် မရှိတော့သဖြင့် ထိုလွှတ်တော်က ရွေးချယ်တင်မြှောက်ရသော နိုင်ငံတော် သမ္မတ ဦးဆောင်ဖွဲ့စည်းရသည့် ရွေးကောက်ခံအရပ်သားအစိုးရ တည်ရှိမှုကိုပါ မင်းအောင်လှိုင် ဆက်တိုက် ဖျက်ဆီးခဲ့သည်။ ၂၀၀၈ ခြေ/ဥ ၏ အာဏာခက်မသုံးဖြာထဲမှ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော ရွေးကောက်ခံ အရပ်သား “အစိုးရ” တည်ရှိမှုကို စစ်အာဏာသိမ်းခြင်းဖြင့် ငြင်းဆန်ခြင်းသည် ခြေ/ဥကိုပါ တပါတည်း ဖျက်ဆီး ခဲ့ခြင်း ဖြစ်သည်။  

ထို့ကြောင့် NCA ဖွဲ့စည်းတည်ဆောက်ပုံ၏ အဓိက အစုအဖွဲ့ကြီး ၅ ခုထဲမှ နိုင်ငံရေးသဘောတူညီမှုများကို တာဝန်ခံရသော ရွေးကောက်ခံအရပ်သား “အစိုးရ”လည်း မရှိတော့ပေ။ မင်းအောင်လှိုင်သည် ရွေးကောက်ခံ အရပ်သား သမ္မတ မဟုတ်သလို၊ စစ်ကောင်စီက ဖွဲ့စည်းထားသော ဝန်ကြီးအဖွဲ့သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်များမှတဆင့် ပြည်သူတရပ်လုံးကို ကိုယ်စားပြုသော တရားဝင် ရွေးကောက်ခံ အရပ်သား “အစိုးရ” လုံးဝ မဟုတ်ပါ။ 

ထိုအခါ စစ်တပ်တခုတည်းသာ ကျန်ရှိတော့သည်။ ဤနေရာတွင်လည်း စစ်အာဏာသိမ်းပြီးကတည်းက NCA အမည်နှင့်ဆန့်ကျင်စွာပင် တနိုင်ငံလုံး လက်နက်ကိုင်တိုက်ပွဲများ သမိုင်းတွင် မကြုံဖူးအောင် ကျယ်ပြန့်စွာဖြစ် ပွားလာပြီး၊ NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ထဲမှ KNU, CNF နှင့် ABSDF တို့ နှုတ်ထွက်သွားခဲ့သည်။ ထို့ကြောင့် NCA ဖွဲ့စည်းတည်ဆောက်ပုံတွင် အဓိက အစုအဖွဲ့ကြီး ၅ ခုထဲ မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ပုံသဏ္ဌာန်လည်း ပျက်ယွင်းသွားခဲ့ပြီ ဖြစ်သည်။

ထိုအခြေအနေတွင် NCA အရ “စစ်ရေးသဘောတူညီချက်များ” ကို တာဝန်ခံရသော စစ်တပ်သည် “အရပ်သားများကို ကာကွယ်စောင့်ရှောက်ခြင်း” အခန်းတွင် ပြဋ္ဌာန်းထားသော အချက် (၁၇) ချက်လုံးနီးပါးကို လွန်ခဲ့သော ၂နှစ်ခွဲလုံးလုံး ချိုးဖောက်ခဲ့သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို အောက်တိုဘာ ၉ရက်က စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ နာရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ-Myanmar Now

မင်းအောင်လှိုင်သည် ၂၀၀၈ ခြေ/ဥအရ သမ္မတ ကသာ ခန့်အပ်ခွင့်ရှိသော ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကို သူ့သဘောနှင့်သူ ပြောင်းလဲခန့်အပ်ခဲ့ခြင်း၊ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဥပဒေကို ပြင်ဆင်ခြင်းနှင့် နိုင်ငံရေးပါတီများကို မှတ်ပုံပြန်တင်ခိုင်းခြင်း စသည့် ဥပဒေဘောင်ပြင်ပ တရားမဝင်သော လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ပြီး၊ နောက်ဆုံးကျန်နေသော “နိုင်ငံရေးပါတီများ” အစုအဖွဲ့၏ အဓိက လူထု ထောက်ခံသော နိုင်ငံရေးပါတီကြီးများကို ဖျက်သိမ်းခဲ့သည်။ 

ထို့အပြင် စစ်အာဏာသိမ်းပြီး တရားမဝင် နိုင်ငံတော်အာဏာကိုရယူထားသော မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ကုလသမဂ္ဂ၊ အာဆီယံအသင်းကြီး၊ ဥရောပသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက ယနေ့အချိန်ထိ မြန်မာ နိုင်ငံ၏ နိုင်ငံအကြီးအကဲနှင့် အစိုးရအဖြစ် အသိအမှတ်မပြုကြပါ။ 

NCA ဖုတ်သွင်းပွဲကို အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများဖြစ်ပါလျက် ကုလသမဂ္ဂ ပဋိညာဥ်အရ ရပ်တည်ဆောင်ရွက်ရသော ကုလသမဂ္ဂအဖွဲ့ကြီး၏ ရပ်တည် ချက်နှင့်ဆန့်ကျင်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းလျက်ရှိသည်။ သို့သော် ထိုနိုင်ငံများသည် မင်းအောင်လှိုင်ကို ယနေ့အချိန်ထိ မြန်မာနိုင်ငံ၏ အကြီးအကဲအဖြစ် ၎င်းတို့နိုင်ငံများသို့ အသိအမှတ်ပြု ဖိတ်ကြားခြင်း မရှိခဲ့ပါ။ ကုလသမဂ္ဂသည် ဒီမိုကရေစီနည်းကျ မြန်မာပြည်သူများက ရွေးချယ်တင်မြှောက်ထားသော သမ္မတဦးဝင်းမြင့် အစိုးရကိုသာ ယနေ့အထိ အသိအမှတ်ပြုထားသည်။ သက်သေအထောက်အထားဖြင့် ပြသရလျှင် United Nations Protocol and Liaison Services မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် နောက်ဆုံး ထုတ်ပြန်ထားသည့် ကုလသမဂ္ဂ အသိအမှတ်ပြုထားသော အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအကြီးအကဲများ၊ အစိုးရ အဖွဲ့ အကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးများ စာရင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံအကြီးအကဲ (Head of State) ကို သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည် ဟု ဖော်ပြထားပြီး၊ အစိုးရ အဖွဲ့အကြီးအကဲ (Head of Government) နေရာတွင် “No Prime Minister” ဟု ဖော် ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်ရာထူး ပါဝင်ခြင်းမရှိသဖြင့် ကုလသမဂ္ဂ တရားဝင် စာရင်းတွင် ထိုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။ ထို့ကြောင့် မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် ဖန်တီးရယူထားသော ဝန်ကြီးချုပ်ရာထူး တရားမဝင် ရာထူးသာ ဖြစ်သည်။ 

၂၀၁၅ ခုနှစ် NCA စာချုပ် လက်မှတ်ထိုးချိန်တွင် နိုင်ငံတကာအသိသက်သေအဖြစ် ပါဝင်ခဲ့သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ ဥရောပသမဂ္ဂ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်များ မင်းအောင်လှိုင်၏ NCA ဖုတ်သွင်းပွဲတွင် တတ်ရောက်ခြင်းမရှိတော့ပါ။ 

ဂျပန်အစိုးရတို့သည် မင်းအောင်လှိုင်ကို အသိအမှတ်မပြုကြပါ။ ထို့ကြောင့် မင်းအောင်လှိုင်နှင့် လွန်စွာရင်းနှီးပြီး စစ်ကောင်စီအကျိူးတော်ဆောင် လုပ်နေသော ဆာဆာကာဝါ သည်ပင် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် အဖြစ် NCA ဖုတ်သွင်းပွဲတွင် မမြင်တွေ့ရတော့ခြင်း ဖြစ်သည်။

ထို့အပြင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် စစ်အင်အား အသုံးပြုပြီး အပြစ်မဲ့အရပ်သားပြည်သူများ ကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများ ကျူးလွန်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးခဲ့ပြီး၊ လွတ်လပ် သော အရပ်ဖက်တရားစီရင်ရေးအာဏာ တည်ရှိမှုကိုပါ ငြင်းဆန်ဖျက်ဆီးခဲ့သည်။   

ထိုသက်သေအထောက်အထားများအရ NCA သေဆုံးသွားပြီ ဖြစ်သလို၊ ဖွဲ့စည်းပုံအခြေခံတခု၏ ပင်မကျောရိုး ဖြစ်သော အာဏာသုံးရပ်၏ မူလပုံသဏ္ဌာန်များ ပျက်စီးသွားသဖြင့် ၂၀၀၈ ခုနှစ် ခြေ/ဥ လည်း ပျက်သုဥ်း သွားပြီ ဆိုသည်မှာ အလွန်ထင်ရှားလှပါသည်။ 

ဤမျှရှင်းလင်းထင်ရှားနေပါလျက် အာဏာသိမ်းခြင်းကို ၂၀၀၈ ခြေ/ဥနှင့်အညီ အာဏာ ထိန်းသည်၊ NCA ရှင်နေသေးသည်ဟု ကြိုးစားပမ်းစား NCA ဖုတ်သွင်းပွဲကျင်းပပြီး လိမ်ညာနေခြင်းသည် မြန်မာပြည်သူများနှင့် နိုင်ငံတကာကို လှည့်စားခြင်းထက် မင်းအောင်လှိုင်သည် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေခြင်းသာ ဖြစ်သည်။

Show More

Related Articles

Back to top button