သတင်း

မွန်လက်နက်ကိုင်နှစ်ဖွဲ့ မဟာမိတ်ပြု၊ စစ်ရှိန်မြှင့်မည်ဟုဆို

၂၀၂၁ နောက်ပိုင်း နိုင်ငံတောင်ပိုင်းတွင် ပေါ်ပေါက်လာသည့် MSRF နှင့် MSDF တို့က မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ပြီး ပူးပေါင်းစစ်ဆင်သွားမည်ဟု ဆိုသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ယမန်နေ့ (ဧပြီ ၇ ရက်) တွင် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်သည်ဟု မွန်ပြည်ကာကွယ်ရေးတပ် (MSDF) က ပြောသည်။

စစ်ဆင်ရေးများတွင် အတူတကွ တိုက်ပွဲဝင်သွားမည်ဟု MSDF ၏တပ်မှူးဖြစ်သူ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

“တစ်တိုင်းပြည်လုံးနဲ့ယှဉ်ရင် ကျွန်တော်တို့ မွန်ပြည်နယ်က စစ်ရေးလှုပ်ရှားမှု အနည်းဆုံးပဲ၊ စစ်ဒေသအသီးသီးမှာ စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ အကြီးအကျယ် လုပ်နေကြတယ်၊ ပူးပေါင်းရတဲ့ ရည်ရွယ်ချက်ကလည်း စစ်ရေးလှုပ်ရှားမှုတွေ ဒီထက်လုပ်နိုင်ဖို့ပဲ” ဟု ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

မွန်လက်နက်ကိုင်များ တစ်စုတစ်စည်းတည်းဖြစ်မှ မျှော်မှန်းထားသည့် စစ်ရေးရည်မှန်းချက်များ ပြီးမြောက်မည်ဟုလည်း MSDF တပ်မှူးက ပြောသည်။

၎င်းတို့အဖွဲ့သည် မွန်ပြည်နယ်မြောက်ပိုင်း ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် ဒေသများတွင် အခြေစိုက်လှုပ်ရှားသည်။

MSRF သည် မွန်ပြည်နယ်တောင်ပိုင်း ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမတစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့နှင့် ပူးတွဲ လှုပ်ရှားနေသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာကာ မဟာမိတ်ဖွဲ့လိုက်သည့် ထိုနှစ်ဖွဲ့တွင် တပ်အင်အား မည်မျှရှိသည်ကို ပြောခွင့်ရသူတို့က ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြပေ။

MSDFမှ တာဝန်ရှိသူတချို့က မွန်ပြည်နယ်တွင် နိုင်ငံရေးအရ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီတွင် ပါဝင်ကြသည်။

ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ နိုင်မွန်စိုင်းက မွန်ပြည်နယ်အတွင်းရှိ အခြားတော်လှန်ရေးတပ်များကို မဟာမိတ်များအဖြစ် ပူးပေါင်းနိုင်ရေး ဆက်လက်ကြိုးစားနေသည်ဟု ပြောသည်။

“ဖော်ဖော်ဝါရီလထဲမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ဒုတိယအကြိမ်ညီလာခံကျင်းပပါတယ်၊ အဲဒီညီလာခံမှာပဲ မွန်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ စစ်ရေးနိုင်ငံရေး ပူးပေါင်းဖို့ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်၊ အဲဒါပြီးတာနဲ့ မွန်ကာကွယ်ရေးတပ် MSDF ကို ဆက်သွယ်တာဖြစ်တယ်.. အခြားမွန်တော်လှန်ရေးအဖွဲ့တွေကိုလည်း ဆက်သွယ်နေတာတွေ ရှိပါတယ်” ဟု နိုင်မွန်စိုင်းက ပြောသည်။

ကောင်စီ၏ ကိုယ်စားလှယ်များသည် အမျိုးသားညီညွတ်ရေးအစိုးရတွင်လည်း ပါဝင်နေကြသည်။

၎င်းတို့မှာ ကာကွယ်ရေးဝန်ကြီး ဒုတိယဝန်ကြီး နိုင်ကောင်းရွက်၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏနှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး မင်းဇေယျာဦးတို့ ဖြစ်သည်။

မွန်ပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ အများအပြားရှိသည်။ ထင်ရှားသည့်အဖွဲ့များအနက် တစ်ခုမှာ မွန်ပြည်သစ်ပါတီ၏ လက်နက်ကိုင်တပ်ဖြစ်သည်။ မကြာသေးမီက ထိုအဖွဲ့တွင် အာဏာသိမ်းတပ်ကို တိုက်ရေး မတိုက်ရေးနှင့် ပတ်သက်ပြီး ၂ ဖွဲ့ ကွဲသွားသည်။ ခွဲထွက်သွားသည့် အဖွဲ့မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) – NMSP AD ဟု အမည်ခံယူထားသည်။

အချို့မြို့နယ်များတွင် NMSP AD, မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တို့ လှုပ်ရှားနေသည်။

မွန်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်များလည်း ရှိသည်။ KNU ထိန်းချုပ်နယ်မြေများတွင် ၂၀၂၁ တွင် ပေါ်ပေါက်လာသည့်  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လည်း လှုပ်ရှားနေသည်။

Show More

Related Articles

Back to top button