အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွေးကောက်ပွဲဥပဒေဖြင့် KNU သထုံခရိုင်ဥက္ကဋ္ဌအပါအဝင် တော်လှန်ရေးအဖွဲ့ဝင်များကို စစ်တပ် အမှုဖွင့်

ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းဖြင့် ကျင်းပမည့် စစ်ကော်မရှင်က ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးထားသူ အများအပြား ရှိနေပြီး KNU၊ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF များကိုလည်း အမှုဖွင့်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် ဥက္ကဋ္ဌ အပါအဝင် တော်လှန်ရေးအဖွဲ့ဝင်များ၊ သတင်း သမားအချို့ကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ထားသလို အရပ်သားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း စစ်ကော်မရှင်က ယမန်နေ့တွင် ထုတ်ပြန်သည်။

KNU တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်က နိုဝင်ဘာလ ၅ ရက်နေ့တွင် ရွေးကောက်ပွဲအား တိုက်ဖျက်သွားရန်ကြေညာချက် ထုတ်ပြန်ခဲ့သဖြင့် ခရိုင်ဥက္ကဋ္ဌ ပဒိုစောမြင့်ပါ ၂၂ ဦးတို့အား သထုံမြို့နယ်၊ သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(ခ) ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။

စစ်ကော်မရှင်၏ ပထမအကြိမ် ရွေးကောက်ပွဲပြုလုပ်မည့်နေရာများထဲ ပါဝင်သော မွန်ပြည်နယ် ငါးမြို့နယ်တွင် ကျိုက်ထို၊ သထုံတို့ ပါဝင်နေသည်။ KNU အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ ကျိုက်ထို၊ ဘီးလင်း၊ သထုံ နှင့် ဖားအံ စသည့် မြို့နယ် လေးခုနှင့် မော်စကိုမြို့နယ် အသစ်တစ်ခုသည် တပ်မဟာ (၁) အဖြစ် ဖွဲ့စည်းထားသည်။

စစ်ကော်မရှင်က အမှုဖွင့်ထားသည် ဆိုသည့်အပေါ် သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်ထံ ဆက်သွယ်ထားသော်လည်း ဆက်သွယ်မရသေးပေ။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပေါင်းနားရပ်ကွက်မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်(၁) ဦးသက်ဝေထွန်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့တွင် စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ ဆိုင်ကယ် ဖြင့်သွားစဉ် PDF များက ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ထိုသူများကို  နိုဝင်ဘာလ ၃ ရက်နေ့တွင် ဆင်ဖြူကျွန်း နယ်မြေရဲစခန်းတွင်  ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၄ (ခ)ဖြင့် အမှုဖွင့်ထားကြောင်း  သိရသည်။ 

“AAMIJ News” Facebook Page တွင် ရန်ကုန်တိုင်း၊ အလုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအား လူထုမှ အထင်အမြင်လွဲမှားစေမည့်စာများအား နှောင့်ယှက်ရေးသားဖြန့်ဝေခဲ့သဖြင့် ထို Page မှ တာဝန်ရှိသူများအား နိုဝင်ဘာ ၇ ရက်နေ့တွင် အလုံမြို့မရဲစခန်းတွင် ပုဒ်မ ၂၄(က) ဖြင့်အမှုဖွင့်ထားကြောင်း ပါရှိသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းတိုအား ဝေဖန်ခဲ့သူ  ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ပုလဲရွာနေ မယမုံဦး (၃၀ နှစ်) နှင့် ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာများရေးသားဖြန့်ဝေသည်ဟု ဆိုကာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နေ ဒေါက်တာခင်မတို့အား  ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရေး ဆောင်ရွက် နေသည်ဟု ဆိုသည်။ 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီး၌ စိုက်ထူထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းဆိုင်းဘုတ်အား  ဖျက်ဆီးသည်ဟုဆိုကာ ထိုရွာမှဦးကျော်မြင့် (၆၅)နှစ်အား ပုဒ်မ ၂၆(က)/၂၄(က) ဖြင့် ဖမ်းဆီး အမှုဖွင့်ထားကြောင်း သိရသည်။ 

အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သော ရွေးကောက်ပွဲ ဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်၍ အောက်တိုဘာလ ၂၉ ရက်နေ့ထိ အမှု ၄၀ မှုအတွက် အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၈၈ ဦး အရေးယူထားကြောင်း စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အောက်တိုဘာလ ၃၁ ရက်နေ့ နေပြည်တော်၌ ပြုလုပ်သော ရွေးကောက်ပွဲအစည်းအဝေး တစ်ခုတွင် ပြောထားသည်။

KNU သထုံခရိုင်၏ ထုတ်ပြန်ကြေညာချက်။

ထိုအတောအတွင်း ဒါရိုက်တာ သုံးဦး အပါအဝင် အနုပညာရှင် ငါးဦးကို စစ်တပ်က ရွေးကောက်ပွဲဥပဒေနှင့် ဖမ်းဆီး အရေးယူထားသည်။ 

စစ်တပ်မှ ထုတ်ပြန်ထားသည့်နောက်ပိုင်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ထပ်မံဖမ်းဆီးမှုများ ပြုလုပ်နေရာအောက်တိုဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ ကိုကျော်သီဟန် (၄၆ နှစ်) နှင့် တောင်ကြီးမြို့ နေ မသန်းသန်းစိုး(ခ) ဟန်နီလင်း (၃၁ နှစ်) ၊ နိုဝင်ဘာလ ၁ ရက်နေ့ တွင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် ဂျူးရတီကို၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နေ ကိုထွန်းထွန်းဝင်း (၃၁ နှစ်) နှင့် ကိုဖြိုးမင်းသန့် (၁၅ နှစ်)၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နေ မကျော့ဆုလာဘ် (၃၂ နှစ်) တို့ကိုလည်းကောင်း ဖမ်းဆီးခဲ့သည်။

ထို့ကြောင့် ယမန်နေ့ ထုတ်ပြန်ကြေညာချက်မှ တစ်ဦးအပါအဝင် စစ်ကော်မရှင် က ဖမ်းဆီးထိန်းသိမ်းထားသူ ၉၄ ဦးထက်မနည်းရှိလာသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်တာ၊ ထောက်ပြတာ လက်မခံဘူးဆိုတာကို ပြနေတာပဲ။ အကြောက်တရားနဲ့လည်း မဲပေးအောင်၊ ရွေးကောက်ပွဲမှာ ပါဝင်လာအောင် အရေးယူပြနေတာပဲလို့တော့ မြင်တယ်”ဟု ပဲခူးတိုင်းမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကပြောသည်။

နိုင်ငံတကာအသိမှတ်ပြုခံရရေးအတွက် အာဏာသိမ်းစစ်တပ်တဖြစ်လဲ စစ်ကော်မရှင်သည် ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဟု ကြေညာထားသည်။

ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ ကျင်းပသွားမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ KNU အပါအဝင် တိုင်းရင်းသားအဖွဲ့များ၊ နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့များက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အတုအယောင် ဟန်ပြ ရွေးကောက်ပွဲဖြစ်သောကြောင့် မပူးပေါင်းကြရန် ၊ တိုက်ဖျက်ချေမှုန်းရန် ထုတ်ပြန်ထားကြသည်။

စစ်ကော်မရှင်သည် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့ဝင် ၁၃ ဦး၊ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ဦးတို့ကို ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှုဖြင့် အမှုဖွင့်ထားသည်။ အာရက္ခတပ်တော်(အေအေ)နှင့် PDF တပ်ဖွဲ့ဝင်များကို ဧရာဝတီတိုင်း၊ လေးမျက်နှာ မြို့နယ်၊ အိုင်သပြုနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်။

သြဂုတ်လ ၂၇ ရက်နေ့က ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ မဲပေးစက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်နေစဥ် ဒရုန်းဖြင့် ဗုံးကြဲချမှု အတွက် AA ကို အမှုဖွင့်သည်ဟု စစ်ကော်မရှင်ဘက်က ဆိုသည်။

အရပ်သားပြည်သူများ နေထိုင်ရာ သာသနိကအဆောက်အအုံများကို တိုက်ခိုက်မှု လုံးဝမရှိခဲ့ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ရခိုင်အခြေစိုက် One Nation News ကို ထိုစဉ်က ဖြေကြားထားသည်။

ရခိုင်မြို့နယ်အများစု သိမ်းပိုက်ထားသော အာရက္ခတပ်တော်ကလည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း ပြောထားသည်။

Related Articles

Back to top button