အာဏာသိမ်းစစ်တပ်က ၎င်းတို့ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲအား နှောင့်ယှက်ဖျက်ဆီးသည်ဟု ဆိုကာ အသက်မပြည့်သေးသူများ၊ အနုပညာရှင်များအပါဝင် အရပ်သားများကို ဖမ်းဆီးနေရာ ၉၀ ဦး ထက်မနည်း ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားမှုဖြင့် အသက် ၁၅ နှစ်အရွယ် တစ်ဦးအပါအဝင် ခုနစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ထိုသူများသည် ရွေးကောက်ပွဲမဲဆွယ် ဗီနိုင်းပျက်စီးစေမှု၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကို ဆဲဆိုထိုးကြိတ်မှု၊ အပါအဝင် လူမှုကွန်ရက်တွင် ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းကို ဝေဖန်ရေးသားမှုတို့ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှ မျိုးမင်းဆွေ(ခ)မင်းမင်း (၄၇ နှစ်) ကို အောက်တိုဘာလ၂၄ ရက်နေ့တွင် လည်းကောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ ကိုကျော်သီဟန် (၄၆ နှစ်) နှင့် တောင်ကြီးမြို့နေ မသန်းသန်းစိုး(ခ) ဟန်နီလင်း (၃၁ နှစ်) ကိုလည်းကောင်း ဖမ်းဆီးခဲ့သည်။
ထို့နောက် နိုဝင်ဘာလ ၁ ရက်နေ့ တွင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် ဂျူးရတီကို၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နေ ကိုထွန်းထွန်းဝင်း (၃၁ နှစ်) နှင့် ကိုဖြိုးမင်းသန့် (၁၅ နှစ်)၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နေ မကျော့ဆုလာဘ် (၃၂ နှစ်) တို့ကိုလည်းကောင်း ဖမ်းဆီးခဲ့သည်။
ယင်းမတိုင်မီ ဒါရိုက်တာ သုံးဦး အပါအဝင် အနုပညာရှင် ငါးဦးကို စစ်တပ်က ရွေးကောက်ပွဲဥပဒေနှင့် ဖမ်းဆီး အရေးယူထားသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့ကြသူများအား ပုံဖျက်ရိုက်ကူးထားသည့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းတိုကို အောက်တိုဘာလ ၂၇ ရက်နေ့က မြဝတီရုပ်သံလိုင်းမှတဆင့် ထုတ်လွှင့်ပြသခဲ့သည်။
မိနစ် ၃၀ ခန့်ကြာ ဝါဒဖြန့်ဇာတ်လမ်းတိုတွင် နေတိုး၊ နေဝင်း၊ မြင့်မြတ်၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ ခြူးလေးအစရှိသည်တို့က ဇာတ်လမ်းတွင် အဓိက သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)က ရိုက်ကူးထားသည်။
အဆိုပါဇာတ်လမ်းတိုတွင် ပါဝင်သရုပ်ဆောင်ကြသူများကို လူအများစုက အပြင်းအထန် ဝေဖန်ခဲ့ကြပြီး ထိုသရုပ်ဆောင်များအား သပိတ်မှောက်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့ကြသည်။
ထို့နောက် စစ်တပ်က ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာ အောင်ရေချမ်း၊ ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခ) ကျော်မင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့ အား ဖမ်းဆီးအရေးယူခဲ့သည်။
ထိုသို့ဖမ်းဆီးပြီးနောက် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲလှုံဆော်ရေး၊ မဲဆွယ်ရေးစသည့်လုပ်ငန်းများအတွက် ဝါဒဖြန့်ယန္တရားတွင် မဖြစ်မနေပါဝင်ကြရမည်ဖြစ်ကြောင်း အနုပညာရှင်များကို စစ်တပ်က ခေါ်ယူသတိပေး ထားသည်ဟု အနုပညာရှင်အသိုင်းအဝိုင်းထံက သိရသည်။
နိုင်ငံတကာ အသိအမှတ်ပြုခံရရေးအတွက် အာဏာသိမ်းစစ်တပ် တစ်ဖြစ်လဲ စစ်ကော်မရှင်သည် ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်သည်။
ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး အပိုင်း (၂) ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ ကျင်းပသွားမည်ဖြစ်သည်။
စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပါတီခြောက်ခုမှ ကိုယ်စားလှယ် လောင်း ၃၉၅၁ ဦး၊ တိုင်းနှင့်ပြည်နယ်မှ ဝင်ပြိုင်မည့် ၅၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီး ပုဂ္ဂလ ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
အမြင့်ဆုံး သေဒဏ်အထိ ချနိုင်သော ရွေးကောက်ပွဲဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် ဇူလိုင်လမှ စတင်၍ အောက်တိုဘာလ ၂၉ ရက်နေ့အထိ အမှုပေါင်း ၄၀ မှုအတွက် အမျိုးသား ၈၃ ဦး နှင့် အမျိုးသမီးငါးဦး စုစုပေါင်း ၈၈ ဦးကို အရေးယူထားကြောင်း စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အောက်တိုဘာလ ၃၁ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သော ရွေးကောက်ပွဲ အစည်းအဝေးတွင် ပြောထားသည်။
ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ရွေးကောက်ပွဲနှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေပုဒ်မ ၂၃(က)ဖြင့် လူအများစုကို ဖမ်းဆီးအရေးယူနေခြင်း ဖြစ်သည်။
စစ်တပ်ထွက်ပေါက်၊ ဟန်ပြ ရွေးကောက်ပွဲအဖြစ် ပြည်သူလူထုက သတ်မှတ်ထားသော်လည်း စစ်တပ်က အပြင်းအထန် ဖမ်းဆီးအရေးယူနေသဖြင့် လူထုအကြား စိုးရိမ်မှု မြင့်တက်လာနေကြောင်း ပြည်သူသုံးဦး ထက်မနည်းက ဆိုသည်။
“ဘယ်ပါတီမှလည်း မဲမပေးချင်လို့၊ No Vote လုပ်မယ်တွေးထားတာ။ ခုလိုရွေးကောက်ပွဲ ဝေဖန်တာနဲ့ အရေးယူတော့ မဲပေးရင်ဘယ်လိုလုပ်ဦးမလဲ မသိသေးဘူး။ သူတို့ (စစ်ကော်မရှင်) ကတော့ အကြောက်တရားနဲ့ ဖိအားပေးပြီး ရွေးကောက်ပွဲကို လုပ်မှာပဲ” ဟု ရန်ကုန်တိုင်းမှ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ရွေးကောက်ပွဲကို မဲမပေးလိုသည့် အသက် ၄၀ ကျော်အရွယ် နေပြည်တော်ဒေသခံ အမျိုးသားတစ်ဦးကမူ
“စစ်တပ်က ရွေးကောက်ပွဲကို မရတဲ့နည်းနဲ့ရအောင်လုပ်မှာပဲ” ဟု မှတ်ချက်ပြုသည်။
စစ်ကော်မရှင်အနေဖြင့် ၎င်းတို့ရွေးကောက်ပွဲ ပျက်ပြားစေရန် လှုံ့ဆော်မှုများ၊ဝါဒဖြန့်နေမှုများကို စုံစမ်း ဖော်ထုတ်ကာ ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်သော ရွေးကောက်ပွဲ အစည်းအဝေး၌ စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီးက ပြောထားသည်။



