တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ချဉ်းကပ်လာရာ စစ်ကောင်စီတပ်နှင့် ယမန်နေ့ (စက်တင်ဘာ ၁၇) တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။
နံနက် ၉ နာရီခန့်က မူဆယ်မြို့တောင်ဘက် စွမ်စော်ရပ်ကွက်နှင့် ၅ မိုင်ခန့်အကွာ ဝိန်းနန်းကျေးရွာအနီးသို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များ ရောက်လာစဉ် TNLA က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်၊ TNLA သည် ပြီးခဲ့သည့်ရက်အနည်းငယ်ကတည်းက မြို့အနီး ချဉ်းကပ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က TNLA စခန်းများကို ထိုးစစ်ဆင်ရန် ဝိန်းနန်းကျေးရွာအနီးမှ လမ်းကြောင်းများကို အသုံးပြုနေသောကြောင့် ထိုနေရာသည် နှစ်ဖက်တပ်များအတွက် အရေးပါသည်ဟု ဒေသခံများက ဆိုကြသည်။
“စစ်တပ်က ဒီမနက် တောင်ပေါ်တက်သွားတာ။ TNLA လည်း ရှိနေတယ်။ ရွာနားရောက်တော့ တိုက်ပွဲ စဖြစ်တာပဲ။ လက်နက်ငယ်ရော၊ လက်နက်ကြီးသံတွေရော မြို့ထဲကနေ အကျယ်ကြီး ကြားနေရတယ်” ဟု မူဆယ်မြို့ စွမ်စော်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ယမန်နေ့က ပြောသည်။
စစ်ကောင်စီ အခြေစိုက်စခန်းကလည်း တိုက်ပွဲဖြစ်သည့်နေရာကို လက်နက်ကြီးများ ပစ်ကူခဲ့သည်၊ မွန်းလွဲ ၁ နာရီအချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်၊ TNLA က ယမန်နေ့ညအထိ ဆုတ်ခွာခြင်း မရှိသေးကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာအနီး ဝိန်းနန်းကျေးရွာတွင် ထိခိုက်ပျက်စီးမှုရှိမရှိ ဒေသခံများကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ်မရသေးပေ။
ထိုနေရာသည် မူဆယ်မြို့ကို အနီးကပ်ခြိမ်းခြောက်နိုင်သည့် စစ်ရေးအရ အရေးပါသောနေရာဖြစ်လာသည်၊ စစ်ကောင်စီတပ်နှင့် TNLAတို့သည် ယခင်က ထိုရွာအနီး ပစ်ခတ်တိုက်ခိုက်ခြင်း မရှိခဲ့ကြပေ။

ယမန်နေ့ နံနက်က စစ်ရေးတင်းမာနေသည့် မူဆယ်မြို့မှ ၁၀ မိုင်ကျော်အကွာ မူဆယ်-နမ့်ခမ်း လမ်းမကြီးဘေး စယ်လန့်ကျေးရွာအုပ်စုရှိ TNLA တပ်ဖွဲ့များ စခန်းချထားရာ လွယ်တေမှိုင်းတောင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးနေကြောင်း သိရသည်။
TNLA တပ်ဖွဲ့ဝင်တစ်ဦးကလည်း ယမန်နေ့က ကွတ်ခိုင်မြို့မှ လာသော စစ်ကားများကို TNLA ကွန်မန်ဒိုတို့က တိုက်ခိုက်လျက်ရှိကြောင်း ပြောသည်။
“ကွတ်ခိုင်မြို့ကနေ စစ်ကား ၁၀ စီး တက်လာတယ်။ ဝိန်းနန်းမှာ ဒီမနက် တက်လာတဲ့ စစ်တပ်ကို ကွန်မန်ဒိုတွေက တိုက်နေတယ်။ စယ်လန့်မှာတော့ တပ်စွဲထားတဲ့ စစ်တပ်လည်း တောင်ပေါ်ကို တက်နေတယ်။ ဘယ်ကို ထိုးမလဲ အတည်ပြုလို့မရသေးဘူး” ဟု သူက စက်တင်ဘာ ၁၇ တွင် ပြောသည်။
သို့သော်လည်း လွယ်တေမှိုင်းတောင်အနီး ထိုးလာသည့် စစ်ကြောင်းနှင့် ယနေ့အထိ တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း သိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေသောကြောင့် စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာနှင့် မိုင်းဆတ်ရွာတို့မှ ဒေသခံများက ကျေးရွာဘုန်းကြီးကျောင်းဝင်း အပါအဝင် လုံခြုံမည်ဟု ယူဆရသည့် နေရာများသို့ တိမ်းရှောင်နေကြသည်။
မူဆယ်မြို့အနီး တိုက်ပွဲများနှင့် ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းမရသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်း ထုတ်ပြန်ခြင်းမရှိပေ။
ဩဂုတ် ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် TNLA တို့ စယ်လန့်ကျေးရွာအုပ်စုအနီး တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ဒေသခံထောင်ချီသည် မူဆယ်မြို့ပေါ်သို့ တစ်လကြာ တိမ်းရှောင်ခဲ့ရသည်။
တိုက်ပွဲများဖြစ်နေသော်လည်း မူဆယ်မြို့တွင်လည်း ယခုလဆန်းတွင် တရုတ်ဘက်မှ နယ်စပ်ဂိတ် ဖွင့်လိုက်သောကြောင့် နိုင်ငံအနှံ့မှ လူထောင်ချီသည် တရုတ်နိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေရန် ရောက်ရှိနေကြသဖြင့် မြို့တွင်း လူစည်ကားနေသည်။
ရှမ်းမြောက်တွင် အခြေစိုက်သော TNLA သည် ယခုနှစ် နှစ်လယ်ကတည်းက စစ်ကောင်စီတပ်နှင့် မူဆယ်မြို့အနီး တိုက်ပွဲများ ပြင်းထန်နေသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်တည်ရှိရာ မူဆယ်မြို့သည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ဒေသဖြစ်ပြီး မူးယစ်ဆေး၊ လောင်းကစားနှင့် ရာဇဝတ်မှု များပြားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



