သတင်း

ကွတ်ခိုင်ရှိ TNLA စခန်းကို လေယာဉ်၊ ဒရုန်း သုံးပြီး စစ်ကောင်စီ တိုက်ခိုက်

ယမန်နေ့ (စက်တင်ဘာ ၂၂) တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်း၊ ကြည်းကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောသည်။

ယခုလဆန်းကတည်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ အကြိမ်ကြိမ်ထိုးစစ်ဆင်နေသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ကွတ်ခိုင်မြို့နယ်အကြား နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးအနီး ခိုမုန်းကျေးရွာမှ သုံးမိုင်ကျော်သာ ကွာဝေးသော တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသည့် ထိုစခန်းကို ယမန်နေ့ နံနက် ၁၁ နာရီခန့်ကစပြီး တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ လားရှိုးမြို့မှ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက တိုက်ပွဲဖြစ်ပွားရာ TNLA စခန်းအနီး မွန်းလွဲ ၁ နာရီခန့်တွင် လာရောက် ပစ်ခတ်၊ ဗုံးကြဲခဲ့သည်၊ ၂ နာရီခန့်တွင် နောက်တစ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

“မနေ့ကတော့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ရှိတယ်။ ကျွန်တော်တို့ တပ်စခန်းတွေ ထိခိုက်ပျက်စီးမှု ဘာမှ မရှိခဲ့ဘူး။ သူတို့ဘက်က ဒီတိုင်း တောထဲမှာ လေကြောင်းနဲ့ ရမ်းသန်းပစ်ခတ်သွားတာ။ ကျွန်တော်တို့လူတွေလည်း ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူး” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က Myanmar Now ကို ယနေ့ ပြောသည်။

မြေပြင်တပ်တွင် အင်အား ၂၀၀ ကျော်ခန့် ပါဝင်သည်၊ ရမခ လက်အောက်ခံ တပ်ရင်းများ၊ ပန်ဆေးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ် စသည့် အဖွဲ့များမှ ဖြစ်သည်၊ အဝေးထိန်းဒရုန်းများတွင် ၆၀ မမ ဗုံးသီးများ ချိတ်ဆွဲ၍ ၄ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ယမန်နေ့ ညဉ့်နက်ချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် လက်နက်ငယ်တချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တားအိုက်ကျော်က ပြောသည်။

ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ လွယ်ကီလောက်တပ်စခန်းနှင့် နမ့်ဖက်ကာတပ်စခန်းတို့မှ တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အနီးရှိ နာထန်၊ မန်ကန်၊ ခိုမုန်း၊ ဟိုပေါ်ရွာအနီးသို့ လက်နက်ကြီးဖြင့် အကြိမ် ၅၀ ကျော် ပစ်ခတ်ခဲ့ကြောင်း TNLA ဘက်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာအနီး ခိုမုန်းကျေးရွာအတွင်း ထိခိုက်ပျက်စီးခြင်း မရှိဟု သိရသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေ။

ယနေ့တွင် အဆိုပါတပ်စခန်းအနီး နှစ်ဖက်စောင့်ကြည့်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က ခိုမုန်းရွာအနီး နေရာယူထားသလို TNLA က တောင်ကုန်းပေါ်ရှိ စခန်းတွင် ဆက်လက်နေရာယူထားသည်။

ယမန်နေ့က မူဆယ်မြို့နယ်အတွင်းတွင်လည်း နှစ်နေရာ တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် တပ်မ (၉၉) ခြေမြန်တပ်ရင်း အမှတ် (၄၁၉)၊ လုံထန်ပြည်သူ့စစ် ပူးပေါင်းပြီး မွန်းတည့် ၁၂ နာရီခန့်တွင် မူဆယ်မြို့နယ်အတွင်းရှိ ဆိုင်ခေါင်ရွာအနီး၊ မွန်းလွဲ ၂ နာရီခန့်တွင် ဟိုပေါ်ရွာအနီး ထိုးစစ်ဆင်လာသည်ဟု သိရသည်။

ယမန်နေ့က ပြင်းပြင်းထန်ထန်ဖြစ်ပွားသည့် အဆိုပါ တိုက်ပွဲ ၃ ခုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး ၎င်းတို့ထံမှ သေနတ် ၃ လက်၊ လက်ထောက် ၂ လက်၊ ၆၀ (မမ) ၆ လုံး၊ ဗုံးသီးအပြင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ယနေ့ ထုတ်ပြန်သည်။

စက်တင်ဘာ ၂၂ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိသည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

မူဆယ်တွင် တိုက်ပွဲဆက်

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီက TNLA ကို ရင်ဆိုင်ရာတွင် ရှမ်းပြည်နယ်အတွင်း အများအပြားရှိသည့် ပြည်သူ့စစ်အဖွဲ့များကို အသုံးပြုနေသည်။

စက်တင်ဘာ ၁၈ မှ စပြီး မူဆယ်မြို့မှ ၁၀ မိုင်ခန့်အကွာ မူဆယ်-နမ့်ခမ်းလမ်းမကြီးအနီး TNLA စခန်းရှိရာ လွယ်တေမှိုင်းတောင်ကို စစ်ကောင်စီတပ်နှင့် နမ့်ခမ်းမြို့မပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက နေ့စဉ် ထိုးစစ်ဆင်နေသည်ဟု သိရသည်။

စက်တင်ဘာ ၁၈ တွင် နမ့်ကပ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့၍ မန်ကန်၊ မိုင်းဆတ်၊ ပန်ဟုပ်၊ စယ်လန့်နှင့် နမ့်ကတ်ကျေးရွာတို့မှ ရွာတစ်ထောင်ကျော်သည် မူဆယ်-နမ့်ခမ်းလမ်းမကြီးဘေးရှိ တုန်ခွမ်ရွာနှင့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာတွင် တိမ်းရှောင်နေကြရသည်။

လွယ်တေမှိုင်းတောင်သည် မူဆယ်-နမ့်ခမ်း-ကွတ်ခိုင် စသည့် မြို့သုံးခုဆုံသည့် နေရာရှိ တောင်ကုန်းတစ်ခုဖြစ်ပြီး စစ်ရေးအရ နယ်မြေစိုးမိုးမှု ရယူနိုင်ရန် စစ်ကောင်စီတပ်က အကြိမ်ကြိမ် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆကြသည်။

“ဒီနေ့ တိုက်ပွဲ ပိုပြင်းထန်မယ်လို့ ပြောနေကြတယ်။ မိုင်းဆတ်ရွာခံတွေလည်း ကား ၄ စီးနဲ့ ဒီမနက်ကပဲ ပြေးကုန်ကြပြီ။ စစ်ကောင်စီက ဂေါင်ရာရွာထဲမှာ နေပြီး ပစ်နေတာ” ဟု အမည်မဖော်လိုသည့် မိုင်းဆတ်ရွာခံတစ်ဦးက ယနေ့နံနက်ပိုင်းက ပြောသည်။

ယခုနှစ် ဩဂုတ်လဆန်းမှ စတင်ပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် TNLA နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်နှင့် TNLA တို့သည် စက်တင်ဘာ ၁၇ ကလည်း မူဆယ်မြို့မှ ၅ မိုင်အကွာတွင်လည်း တိုက်ပွဲဖြစ်ခဲ့ကာ  မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင်လည်း တိုက်ပွဲများ ရှိနေသည်။ မိုးကုတ်ဒေသ တိုက်ပွဲများတွင် TNLA က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းပြီး စစ်ဆင်နေခြင်း ဖြစ်သည်။

ယခုနှစ် ဇူလိုင် ၂၃ မှ စက်တင်ဘာ ၂၂ အထိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲစုစုပေါင်း ၅၅ ကြိမ် ဖြစ်ပွားခဲ့သည်ဟု TNLA ထံမှ သိရသည်။

မူဆယ်-နမ့်ခမ်းလမ်းမကြီးဘေး တုန်ခွမ်ရွာနှင့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာသို့ တိမ်းရှောင်လာသော မူဆယ်ဒေသခံများကို စက်တင်ဘာ ၁၉ က တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button