မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ပြန်လည်အကောင်အထည်ဖော်နေသည့် မြင်းခြံသံမဏိစက်ရုံကို ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်လည်ပတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြခဲ့သည်။ စစ်ကောင်စီသတင်းများကလည်း ထိုစက်ရုံတွင် အီတလီနိုင်ငံအခြေစိုက်ကုမ္ပဏီ Danieli ကုမ္ပဏီမှ ကျွမ်းကျင်ဝန်ထမ်း ၃ ဦးကို လက်ဆောင်သစ်သီးခြင်းများ ပေးအပ်လက်ခံနေသည့် ပုံများ ဖော်ပြခဲ့သည်။
စစ်တပ် ထိန်းချုပ်ထားသော မြင်းခြံသံမဏိစက်ရုံသို့ စစ်ခေါင်းဆောင် မကြာသေးမီက သွားရောက်မှုမှာ အီတလီကုမ္ပဏီ Danieli ကာလကြာရှည် ဆက်လက်လုပ်ဆောင်နေကြောင်း သံသယကို အတည်ဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ထားသော်လည်း ၎င်း၏ လုပ်ငန်းလည်ပတ်သည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းဖော်ပြခြင်းမရှိသည့် Danieli ကုမ္ပဏီသည် ယခုနှစ်အစောပိုင်းတွင် စစ်ကောင်စီ၏ မြင်းခြံစီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ရှမ်းအခြေစိုက်အရပ်ဘက်အဖွဲ့ Shan State Frontline Investment Monitor -SSFIM) က ပြစ်တင်ရှုတ်ချခဲ့သည်။ “မြန်မာစစ်တပ်နဲ့ ကာလရှည်ကြာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ခဲ့သည့်အတွက်” ဟု SSFIM က ဆိုထားသည်။
မြင်းခြံသံမဏိစက်ရုံ၏ လုပ်ငန်းပိုင်းတစ်ခုဖြစ်သော အလုပ်ရုံ Meltshop (သံနှင့် သံအပိုင်းအစများကို အရည်ကြိုပြီး သံမဏိအဖြစ်ပြုလုပ်သည့် အလုပ်ရုံ) အမှတ် (၁) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် ၂၀၁၇ ခုနှစ်တွင် အရှုံးပေါ်ပြီးနောက် ပိတ်သိမ်းထားခဲ့ရာမှ ၂၀၂၃ ခုနှစ် မတ်လနှောင်းပိုင်းတွင် တစ်စိတ်တစ်ပိုင်း ပြန်လည် စတင်လည်ပတ်ကြောင်း စစ်ကောင်စီမီဒီယာများက ကြေညာခဲ့သည်။
ပြန်လည်ဖွင့်လှစ်သည့်ထားသည့် သံမဏိစက်ရုံသည် ၎င်း၏ ပထမဆုံး ၉ မီတာ သံမဏိပြားများ၊ အရည်ပျော်သံရိုင်းများဖြင့် ပြုလုပ်ထားသည့် တစ်စိတ်တစ်ပိုင်းအချောထည်များကို ထုတ်ကုန်အမျိုးမျိုး ထပ်မံထုတ်လုပ်နိုင်သည်ဟု သိရသည်။
မြင်းခြံသံမဏိစက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းသံထည်ပစ္စည်းများကို မြန်မာနိုင်ငံ၏ အကြီးဆုံး သံသတ္တုသိုက်တစ်ခုဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အပြင်ဘက်ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) မှ ရထားလမ်းဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ပင်းပက်သံမဏိစက်ရုံကို စက်မှုဝန်ကြီးဌာန၊ မြန်မာစစ်တပ်ပိုင်ကုမ္ပဏီ မြန်မာ့စီပွားရေးကော်ပိုရေးရှင်း (MEC)၊ ရုရှားအစိုးရပိုင် Rostec လုပ်ငန်းစု၏ လက်အောက်ခံ VO Tyazhpromexport တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ Rostec သည် မြန်မာစစ်တပ်အတွက် လက်နက်၊ စစ်သုံးယာဉ်များ အဓိက တင်ပို့ပေးနေသည့် ကုမ္ပဏီလည်း ဖြစ်သည်။
၎င်းသည် ကုန်ကျစရိတ်သက်သာသော သံမဏိချောင်းများ (စတီးလ်ချောင်းများ) ပြုလုပ်ရန် သုံးနိုင်သော pig iron (သံအရိုင်းတုန်း) များကို ထုတ်လုပ်နိုင်မည့် ရုရှား Romelt လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ စက်ရုံ၏ စွမ်းအင်လိုအပ်ချက်အတွက် ရှမ်းပြည်နယ် ကျေးသီးမြို့နယ်တွင် သိမ်းယူထားသော မြေဧက အများအပြား မှ ကျောက်မီးသွေးတူးဖော်အသုံးပြု မည်ဖြစ်ကြောင်း SSFIM မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် သတင်းထုတ်ပြန်ခဲ့သည်။
Danieli ကုမ္ပဏီသည် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ၊ မြေယာသိမ်းယူမှုများကြောင့် ဒေသခံများက ကန့်ကွက်နေသည့် ပင်းပက်သံမဏိစက်ရုံစီမံကိန်းဖြစ်ပေါ်လာရေးအတွက် အကူအညီပေးနေသည်ဟု ပအိုဝ်းလူငယ်အဖွဲ့ (Pa-O) က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထောက်ပြထားသည်။
Danieli ကုမ္ပဏီသည် ရှမ်းအရပ်ဘက်အဖွဲ့အစည်း SSFIM ၏ အစီရင်ခံစာအပေါ် လူသိရှင်ကြား တုန်ပြန့်ခြင်းမရှိသေးသလို အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး Myanmar Now က မေးမြန်းရန်အတွက် ဆက်သွယ်သော်လည်း အကြောင်းပြန်ခြင်းမရှိပေ။ ထို့အတွက် ရန်ကုန်မြို့ရှိ အီတလီသံရုံးသို့ ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော Danieli ကုမ္ပဏီ အကြောင်းမေးမြန်းရာတွင် အီတလီသံရုံးက အီတလီကုမ္ပဏီများသည် ၎င်း၏ရုံးတွင် မှတ်ပုံတင်ရန် မလိုအပ်ကြောင်းနှင့် အဆိုပါ Danieli ကုမ္ပဏီနှင့်လည်း တိုက်ရိုက် အဆက်အသွယ်မရှိကြောင်း ပြောဆိုလာသည်။
မြန်မာစစ်တပ်၏ လက်နက်ထုတ်လုပ်ရေးကြောင့် စိုးရိမ်မှု
မြင်းခြံနှင့် ပင်းပက်သံမဏိစက်ရုံများ အပြည့်အဝ စတင်လည်ပတ်သည်နှင့် တစ်ပြိုင်နက် နိုင်ငံ၏ သံနှင့် သံမဏိ နှစ်စဉ်တန်ချိန် ၂ သန်း လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း စစ်တပ်က ဆိုထားသည်။
အခြေခံအဆောက်အအုံ (infrastructure) များ တည်ဆောက်ရန်အတွက်ဟုဆိုကာ အကြောင်းပြထားသော၊ သံနှင့်သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းတွင် စစ်ကောင်စီက အပြင်းအထန်အကောင်အထည်ဖော် ရင်းနှီးမြုပ်နှံမည့်အခြေအနေသည် သံသယဖြစ်ဖွယ်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မှ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း တိုင်းပြည်နှင့် အပြစ်မဲ့ပြည်သူများအပေါ် များပြားလှသော ကျူးလွန်၊ ဖျက်ဆီးမှုများကြောင့် မေးခွန်းထုတ်စရာဖြစ်လာသည်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့တိုက်ခိုက်မှုများတွင် စာသင်ကျောင်းများ၊ ဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်ထောင်ပေါင်းများစွာသည် ပစ်မှတ်ဖြစ်လာသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က မေလတွင် စစ်ဘက်ဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံများညွှန်ကြားရေးမှူးရုံး (Office of the Chief of Defence Industries) က အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော်တန်ဖိုးရှိသည့် ကုန်ကြမ်းများ၊ စတီးလ်ထုတ်ကုန်များအပါအဝင် စက်ယန္တရားများနှင့် စက်ပစ္စည်းများ ဝယ်ယူအသုံးပြုခဲ့ကြောင်း “ဒေါ်လာဘီလျံချီသော သေမင်းတမန်ကုန်သွယ်မှု” အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ (SAC-M) ၏ ဇန်နဝါရီလအစီရင်ခံစာတွင်လည်း မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံများညွှန်ကြားရေးမှူးရုံး လက်အောက် လက်နက်ထုတ်လုပ်ရေးစက်ရုံ ၂၅ ခုနှင့် ပတ်သက်၍ ဖော်ပြထားပြီး စစ်တပ်၏ လက်နက်ထုတ်လုပ်မှုများတွင် နိုင်ငံခြားကုမ္ပဏီများ ပါဝင်ပတ်သက်မှုကို မီးမောင်းထိုး ဖော်ပြခဲ့သည်။
အီတလီကုမ္ပဏီ Danilei သည် SAC-M အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လက်နက်လုပ်ငန်းကို ပံ့ပိုးပေးသည့် နိုင်ငံတကာအဖွဲ့အစည်းများစာရင်းတွင် မပါဝင်ပါ။ Danilei ကုမ္ပဏီအကြောင်းကို SAC-M အား မေးသောအခါတွင် SAC-M ကိုယ်စားလှယ်က “Danieli ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း သံမဏိထုတ်လုပ်ရေးလုပ်ငန်းတွင် ပါဝင်နေသည်ကို သတိပြုမိကြောင်းနှင့် နိုင်ငံတွင်း အရည်အသွေးမြင့် သံမဏိထုတ်လုပ်မှုကို အားကောင်းစေရန် ဆက်လက်ကြိုးပမ်းမှုတွင် ပါဝင်ကြောင်း” ဆိုထားသည်။
Myanmar Now က ရရှိထားသည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ပေါက်ကြားလာသည့် ကာကွယ်ရေးဝန်ကြီးဌာန လျှို့ဝှက်စာတမ်းတွင် “စစ်ဘက်သုံးသံမဏိ” သို့မဟုတ် သီးခြား ferroalloys များ ပေါင်းထည့်ခြင်းဖြင့် ခိုင်ခံ့သော သံမဏိကို အသုံးပြု၍ “အရည်အသွေး ပိုမြင့်သော လက်နက်များ ထုတ်လုပ်ရန်” ရည်ရွယ်ချက်ကို အလေးပေးဖော်ပြထားသည်။ ferroalloy သည် သံသတ္တုတစ်မျိုးဖြစ်ပြီး ခရိုမီ၊ တိုက်တေနီယံနှင့် သံဖြူတို့ ပေးစပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် သံမဏိအမျိုးအစား ရရှိနိုင်မည်ဖြစ်သည်။
Ferroalloys ကို လက်နက်ခဲယမ်းများအပြင် တင့်ကား၊ ယာဉ်နှင့် အမြောက်အစိတ်အပိုင်းများ ပြုလုပ်ရေးအတွက် ကာကွယ်ရေးစက်မှုလုပ်ငန်း ညွှန်ကြားရေးဦးစီးဌာန စစ်လက်နက်စက်ရုံများတွင် “စမ်းသပ်ရန်” စာရင်းသွင်းထားကြောင်း စစ်တပ်၏ သိပ္ပံနှင့် နည်းပညာဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ferroalloy များကို ထုတ်လုပ်ရန်အတွက် နည်းပညာ အားနည်းသဖြင့် အခြားနိုင်ငံများမှ တင်သွင်းရကြောင်း ဖော်ပြထားပြီး “အထူးသံမဏိ” ထုတ်လုပ်မှုအတွက် ပြည်တွင်းထုတ်ကုန် ferroalloys ရှိလျှင် အခြားနိုင်ငံများကို မှီခိုအားထားမှု လျှော့ချနိုင်မည်ဖြစ်သည်ဟု ဆိုထားသည်။
မြန်မာစစ်တပ်၏ ferroalloys ထုတ်လုပ်နိုင်မှု လက်ရှိအခြေအနေကို မသိရှိရသေးသော်လည်း စက်မှုဝန်ကြီးဌာနက မြင်းခြံစက်ရုံနှင့် ပတ်သက်သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ထုတ်ပြန်ချက်တစ်ခုတွင် စစ်တပ်က သတ္တု (alloys) များ ပါဝင်သည့် ကုန်ကြမ်းများကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း ဖော်ပြထားသည်။
စစ်အာဏာရှင်စနစ်အဆက်ဆက် Danieli ၏ ပါဝင်မှု
SSFIM အစီရင်ခံစာတွင် Danieli ကုမ္ပဏီသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အစိုးရလက်ထက် ၁၉၇၉ ခုနှစ်က ပြင်ဦးလွင်တွင် ပထမဆုံးသော သံမဏိနှင့် သံစက်ရုံ တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ ထို့ပြင် အဆိုပါ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်တွင် ဖွင့်လှစ်ခဲ့သော မကွေးတိုင်းဒေသကြီး အောင်လံမြို့ ကျောက်စွယ်ကျိုးရွာတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးသံမဏိစက်ရုံကို ထူထောင်ရန်အတွက်လည်း ကူညီခဲ့ကြောင်း ဖော်ပြထားသည်။
ကျောက်စွယ်ကျိုးရွာရှိစက်ရုံကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ကြီးကြပ်လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က MEC သည် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ရှိသည်။ MEC ကို ၁၉၉၇ ခုနှစ်တွင် စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေလက်ထက်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်အတွက် အကျိုးအမြတ်များစွာ ရှာပေးနိုင်သည့် ရင်းမြစ်တစ်ခု ဖြစ်လာသည်။ နောက်ပိုင်းတွင် ပုဂလိကပိုင်အဖြစ် ပြောင်းလဲခဲ့သော်လည်း တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး (Office of the Quartermaster General) အောက်တွင် ရှိနေဆဲဖြစ်သည်။ MEC သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အမေရိကန်၊ ဥရောပနှင့် ဗြိတိန်တို့၏ ပိတ်ဆို့အရေးယူမှုခံရသော ပထမဆုံးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကနေဒါအစိုးရသည် အာဏာမသိမ်းခင်တည်းကပင် MEC ကို အရေးယူဒဏ်ခတ်ပိတ်ဆို့ထားသည်။
MEC ဝက်ဆိုက်ဖော်ပြချက်အရ ၂၀၀၄ ခုနှစ်တွင် Danieli ကုမ္ပဏီသည် ရန်ကုန်မြို့ ရွာမတွင် တည်ရှိသည့် MEC ပိုင် သံမဏိစက်ရုံ အဆင့်မြှင့်တင်ခြင်းအတွက်လည်း ကူညီပေးခဲ့သည်။
မြင်းခြံစက်ရုံစီမံကိန်းအတွက် ၂၀၀၄ ခုနှစ်တွင် တရုတ်နိုင်ငံဖွံ့ဖြိုးရေးဘဏ်(CDB) ၏ ချေးငွေ ယူရို ၁.၁ ဘီလျံ (ဒေါ်လာ ၁.၁၇၆ ဘီလျံ) ဖြင့် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ ရယူပြီး စက်ရုံကို စတင်တည်ဆောက်ခဲ့သည်။
Myanmar Now က ရရှိခဲ့သော ၂၀၂၁ ခုနှစ် နိုဝင်ဘာလ စစ်တပ်၏ စက်ရုံများဆိုင်ရာ အချက်အလက်စာရွက်စာတမ်းများတွင် Danieli ကုမ္ပဏီ (အီတလီနည်းပညာကို အသုံးပြု၍) သံမဏိပြားများနှင့် အချပ်များ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းဖော်ပြထားသည်။
မြင်းခြံစက်ရုံအတွက် ရယူထားသည့် အကြွေးများအပါအဝင် များပြားလှသော နိုင်ငံတကာအကြွေးများကို အရပ်သားဦးဆောင်သော အစိုးရက အာဏာလွှဲပြောင်းရယူပြီးချိန်တွင် တာဝန်ယူခဲ့ရပြီး MEC က ၎င်းတို့၏ အကြွေးများကို ရှောင်လွှဲ တိမ်းရှောင်ခဲ့သည်။ မြင်းခြံစက်ရုံဖွင့်ပွဲအခမ်းအနားတွင် Danieli ကုမ္ပဏီတည်ထောင်သူ Danieli ၏ မြစ်ဖြစ်သူ Giacomo Mareschi Danieli (လက်ရှိ Danieli ၏ CEO) ကိုယ်တိုင် တက်ရောက်ခဲ့သည်။ Danieli ကုမ္ပဏီသည် မီလန်စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဘီလျံ အမြတ်ရရှိနေသည့် ကုမ္ပဏီဖြစ်သည်။
မေလ ၃၁ ရက်နေ့ ရက်စွဲတပ် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် သစ်သီးခြင်းလက်ခံနေသူ “နိုင်ငံခြားပညာရှင်များ” ဓာတ်ပုံကဲ့သို့ပင် လွန်ခဲ့သည့် ၁၃ နှစ် နအဖလက်ထက် ထိုစက်ရုံတွင် ဗိုလ်ချုပ်သီဟသူရတင်အောင်မြင့်ဦးထံမှ လက်ဆောင်ရယူသူမှာ Mareschi Danieli ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းဌာနများက ထုတ်ပြန်ခဲ့သည်။ ယခုအချိန်တွင်မှု သံမဏိစက်ရုံတွင် သူ့ကုမ္ပဏီ မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို သေချာမသိရပေ။
Mareschi Danieli သည် မြန်မာရုံးခွဲ၏ ဒါရိုက်တာ ၆ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ရေးဌာန (DICA) မှတ်တမ်းတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ကုမ္ပဏီအသစ်အဖြစ် ပြန်လည်မှတ်တမ်းတင်ခဲ့သော်လည်း စီမံအုပ်ချုပ်မှု ပြောင်းလဲခြင်းမရှိပေ။ ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအချက်အလက်တွင်လည်း မြင်းခြံသံမဏိစက်ရုံ တည်ရှိရာကို မြင်းခြံမြို့ ဆားခါးကျေးရွာအနီးဟု ဖော်ပြထားသည်။
အာဏာသိမ်းပြီး ၆ လအကြာ ဩဂုတ်လတွင် မြန်မာစစ်တပ်က မြင်းခြံသံမဏိစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရန်အတွက် စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းကို တာဝန်ပေးကာ အမြန်ဆုံး လည်ပတ်ရန် ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စစ်ခေါင်းဆောင်ကိုယ်တိုင် မြင်းခြံသံမဏိစက်ရုံသို့ သွားရောက်လည်ပတ်ခဲ့ပြီး မြန်မာ့သံနှင့် သံမဏိလိုအပ်ချက်အတွက် အဓိကမောင်းနှင်မည့် လုပ်ငန်းဟု ပြောဆိုခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီ၏ စက်မှုဝန်ကြီးဌာနက Danieli ၏ ဝန်ထမ်းဟောင်း Damir Mezulic ကို စက်ရုံအတွက် အကြံပေးအနေဖြင့် ခန့်အပ်ခဲ့သည်။ သူက အောက်တိုဘာလတွင် စက်ရုံညွှန်ကြားရေးမှူးနှင့် တွေ့ဆုံပြီး အလုပ်ရုံ အမှတ် (၁) အတွက် အလုပ်သမားခန့်အပ်ခြင်း၊ ကုန်ကြမ်းများတင်သွင်းခြင်းအပါအဝင် ပြန်လည်ဖွင့်လှစ်ရန်အတွက် အကြံပြုခဲ့သည်။
အာဏာမသိမ်းမီ ကာလတွင်လည်း စစ်ခေါင်းဆောင်က ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် ဥရောပသို့ သွားရောက်ကာ Danieli ၏ အီတလီဌာနချုပ်သို့ သွားရောက်ခဲ့ပြီး ကုမ္ပဏီလုပ်ငန်းလည်ပတ်မှု လုပ်ဆောင်ချက်များကို သွားရောက်လေ့လာခဲ့ကြောင်း အစိုးရသတင်းများတွင် ဖော်ပြခဲ့သည်။
စစ်ခေါင်းဆောင်သည် အဆိုပါနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ABS Steelworks စက်ရုံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုစက်ရုံခရီးစဉ်မှတ်တမ်းဓာတ်ပုံတွင် သူနှင့်အတူ တွေ့ရသည့် အမည်ဖော်ပြမထားသော ပုဂ္ဂိုလ်မှာ Danieli ၏ ဥက္ကဋ္ဌဟု ယူဆရသူ Gianpetro Benedetti ဖြစ်နေသည်။ တစ်ချိန်က စီးပွားရေးအရ အဆင်မပြေသည့် စက်ရုံကို Danieli က တစ်ယူရိုဖြင့် ဝယ်ယူခဲ့သည့် လုပ်ငန်းတစ်ခုကို Benedetti ၏ ဦးဆောင်မှုအောက်တွင် ဥရောပ၏ ထိပ်တန်းသံမဏိထုတ်လုပ်သည့် နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး Danieli ၏ ကိုယ်တိုင် “စိုက်ပျိုးထုတ်လုပ်သူနှင့် သံမဏိထုတ်လုပ်သူ” အဖြစ် စက်မှုလုပ်ငန်းတွင် ကြွေးကြော်နိုင်ခဲ့ခြင်းကို စစ်ခေါင်းဆောင်က စိတ်ဝင်စားဖွယ်ရှိသည်။
မြန်မာစစ်ခေါင်းဆောင် ABS Steelworks စက်ရုံသို့ သွားရောက်လည်ပတ်ပြီး မကြာမီ လပိုင်းအတွင်း NLD အစိုးရက MEC ထုတ်ယူထားသော မြင်းခြံသံမဏိစက်ရုံအတွက် တရုတ်ချေးငွေအပေါ် အတိုးပေးသည့် အတိုးနှုန်းမှာ တစ်နှစ်လျှင် စုစုပေါင်း ဒေါ်လာ ၁၂၇ သန်းရှိကြောင်း ကြေညာခဲ့သည်။ ၎င်းသည် ၎င်း၏ လုပ်ငန်းလည်ပတ်မှု၏ ပထမအဆင့်ကိုပင် မရောက်ရှိခဲ့ဘဲ ပင်းပက်စက်ရုံအပါအဝင် အခြားသော နိုင်ငံပိုင်စက်မှုစီမံကိန်း ၂၃ ခုနှင့်အတူ ဆိုင်းငံ့ထားရသည်။
ရန်ကုန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်လေ့လာသူတစ်ဦးက အာဏာသိမ်းစစ်ကောင်စီသည် ယခင် NLD အစိုးရ မအောင်မြင်ခဲ့သော စီမံကိန်းများကို သက်သေပြရန်အတွက် ရပ်ဆိုင်းထားသည့် စီမံကိန်းများကို ပြန်လည်စတင်နေပြီဟု ၂၀၂၁ ခုနှစ် သြဂုတ်လတွင် Myanmar Now ကို ပြောသည်။
“သူတို့က နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာ။ အရင်အရပ်သားအစိုးရက ရပ်ဆိုင်းထားတာတောင် လုပ်နိုင်တယ်လို့ သူတို့က ပြချင်တယ်” ဟု လေ့လာသူက ပြောသည်။
ကုန်ကြမ်းမှ ကုန်ချောအဆင့်သို့
စက်ရုံပိတ်သိမ်းပြီးနောက်ပိုင်းတွင် Danieli က မြန်မာ့သံနှင့် သံမဏိစျေးကွက်များဆိုင်ရာ ဆွေးနွေးပွဲများ ဦးဆောင် ကျင်းပခဲ့သည်။ ၂၀၁၉ ခုနှစ် မေလက မန္တလေးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် Danieli ၏ အရာရှိတစ်ဦးက ကုမ္ပဏီအနေဖြင့် စက်ရုံစီမံကိန်းအဆင့်ဆင့်တွင် လိုအပ်သည့် နေရာများတွင် ပါဝင်ပေးနေပြီး စက်ရုံ လွယ်ကူစွာ ပြန်လည်စတင်နိုင်ရန်နှင့် ထိန်းသိမ်းနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီပေးနေသည်ဟု ဆိုခဲ့သည်။
အွန်လိုင်းဆိုရှယ်မီဒီယာတွင် ၎င်းအရာရှိကိုယ်တိုင် “မိမိတို့အနေဖြင့် စက်ရုံ၏ ကုန်ကြမ်းမှ ကုန်ချောအဆင့်သို့ ရောက်ရှိနိုင်မည့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပါဝင်ပေးနေကြောင်း” လွှင့်တင်ပြောဆိုခဲ့သည်။
တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ၂၀၁၉ ခုနှစ်တွင် Danieli ကုမ္ပဏီသည် ယူရို သန်း ၈၀၀ (အမေရိကန်ဒေါ်လာ ၈၉၆ သန်း) ကို NLD အစိုးရ၏ သံမဏိစီမံကိန်းဖော်ဆောင်ရန်အတွက် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း အီတလီဘာသာစကားဖြင့် ဖော်ပြခဲ့သည်။ အသေးစိတ်အချက်အလက်ကို ဖော်ပြထားခြင်းမရှိပေ။
သို့သော်လည်း NLD အစိုးရနှင့် Danieli ကြား ချုပ်ဆိုထားသော စာချုပ်ကို အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်က စာဖြင့် အတည်ပြုခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (MoPFI) က လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Myanmar Now က တွေ့ရှိထားသော မှတ်တမ်းများတွင် စာချုပ်ပါ သဘောတူညီမှုများအရ အဆိုပါနှစ်က Danieli သို့ ယူရို ၄ ဒသမ ၉၅ သန်း (ဒေါ်လာ ၅ ဒသမ ၅၄ သန်း) ပေးဆောင်ရန်အတွက် လိုငွေ ခွင့်ပြုပေးရန် တောင်းဆိုထားသည်။ ကျပ်ငွေ ၂၀ ရာခိုင်နှုန်း ကျဆင်းမှုကြောင့် ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းကုန်ကျငွေအတွက် နောက်ထပ် ကျပ် ၁.၅၆၄ ဘီလျံ ထပ်မံ တောင်းဆိုခဲ့သည်။ ထိုစဉ်က ယူရို ၈၃၀,၀၀၀ ကျော် (ဒေါ်လာ ၉၃၀,၀၀၀ ကျော်) နှင့် ညီမျှသော ငွေပမာဏ ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် NLD ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက မြင်းခြံစက်ရုံ ပြန်လည်လည်ပတ်နိုင်စေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကုမ္ပဏီများ အဆိုပြုလွှာတင်သွင်းနိုင်ရန် ထုတ်ပြန်ရာ ကုမ္ပဏီငါးခု ဝင်ရောက် တင်သွင်းခဲ့ပြီး မည်သည့်ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိလိုက်ကြောင်း မသိရပေ။ အဆိုပါကုမ္ပဏီ ငါးခုတွင်လည်း Danieli မပါဝင်ခဲ့ပေ။ Danieli ကိုယ်တိုင် တင်ဒါခေါ်ယူခဲ့ခြင်း သို့မဟုတ် ထိုအစီအစဉ်တွင် ပါဝင်ခဲ့ခြင်း ဟုတ်မဟုတ်ကို မသိရပေ။
ကိုဗစ်ဒုတိယလှိုင်း နောက်ပိုင်း အာဏာမသိမ်းမီ ၆ လအလိုတွင် ကနဦးရွေးချယ်မှု ထွက်ပေါ်လာသော်လည်း မည်သည့်ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်ကို မသိရပေ။
ဥရောပနှင့် အမေရိကန်တို့က မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ စတင်ပြုလုပ်ပြီး နောက်ပိုင်းတွင် နိုင်ငံတကာကုမ္ပဏီများကို နိုင်ငံတွင်းမှ နုတ်ထွက်ရန်၊ စစ်တပ်နှင့် မပူးပေါင်းရန် ပြည်သူများကသာမက နိုင်ငံတကာ လူ့အခွင့်အရေးထောက်ခံသူများကပါ ဖိအားပေးခဲ့သည်။
အာဏာသိမ်းပြီး တစ်လခန့်အကြာ ၂၀၂၁ ခုနှစ် မတ်လတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်ကောင်စီ ဖြိုခွင်းမှု အရှိန်မြင့်လာရာ အီတလီသတင်းအေဂျင်စီ Avvenire က ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း “အခြေအနေနှင့် ဖြစ်ထွန်းနေမှုများကို စိုးရိမ်ပြီး ဂရုတစိုက်ရှိနေဆဲဖြစ်သည်” ဆိုသော Danieli ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ ၎င်းတို့တွင် မြန်မာနိုင်ငံအတွက် “အထူးညွှန်ကြားချက်များ” မရှိကြောင်း၊ ဝန်ထမ်းအရေအတွက်ကို ဆက်လက် ကန့်သတ်ထားဆဲဖြစ်ကြောင်းလည်း မှတ်ချက်ပြုထားသည်။
နောက်တစ်ရက် မတ်လ ၂၁ ရက်နေ့တွင် ပြည်တွင်း Danieli ကုမ္ပဏီဝန်ထမ်းတစ်ဦးက အလုပ်အကိုင်ရှာဖွေသည့်ကွန်ရက် (LinkedIn) တွင် ရန်ကုန်အခြေစိုက် နေ့စဉ် လုပ်ငန်းများကြီးကြပ်ရန်၊ Danieli ထုတ်ကုန်များအတွက် စျေးကွက်ဖော်ဆောင်ရန် အထွေထွေမန်နေဂျာရာထူးအတွက် ဝန်ထမ်းခေါ်ယူနေသည့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါမှတ်တမ်းအရ အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း Danieli က လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဟု သိရသည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွက် ၂၀၂၂ ခုနှစ် ဇွန်လတွင် Danieli ကုမ္ပဏီက စစ်ကောင်စီထံ ပေးသွင်းခဲ့သည့် အခွန်ငွေအချက်အလက်များကို Distributed Denial of Secrets ဝက်ဆိုက်တွင် ဖော်ပြခဲ့သည်။ Danieli ကုမ္ပဏီသည် နာမည်မဖော်ပြထားသော ရန်ကုန်မြို့၊ ရွာမရှိ အလုပ်ရုံအတွက် ပြန်လည်မွမ်းမံရေး ကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၃၂,၉၅၅ သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။ Myanmar Now အနေဖြင့် MEC လုပ်ကိုင်နေသည့် ရွာမရှိ သံမဏိစက်ရုံ ဟုတ်မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိပါ။
၂ နှစ်တာ ကာလအတွင်း မြင်းခြံသံမဏိစက်ရုံတွင် Danieli ကုမ္ပဏီ၏ ပါဝင်မှုများကို သိသာထင်ရှားစွာ တွေ့ရှိရသည်။ ဧပြီလ ၂၆ ရက်နေ့က အင်တာနက် Youtube စာမျက်နှာတွင် မြင်းခြံစက်ရုံ၊ အလုပ်ရုံအမှတ် (၁) ၏ သံရည်ကျိုခြင်းနှင့် သံပြားထုတ်လုပ်ခြင်း လုပ်ငန်းစဉ် ရုပ်သံ တင်ဆက်ခဲ့သည်။ ၁၃ မိနစ်စာ ရုပ်သံတွင် သံရည်ကျိုခြင်းလုပ်ငန်းစဉ်အတွက် စက်ပစ္စည်းများဖြစ်သည့် charging bucket, electric arc furnaces, Ladle refining furnace တို့ကို အသုံးပြုထားပြီး စက်ပစ္စည်းများအားလုံးတွင် Danieli အမှတ်တံဆိပ်များ ဖော်ပြထားသည်။
တစ်လအကြာတွင် မင်းအောင်လှိုင်ကိုယ်တိုင် အဆိုပါ စက်ရုံသို့ သွားရောက်ပြီး Danieli ကုမ္ပဏီဝန်ထမ်းများကို သစ်သီးခြင်းလက်ဆောင်ပေးနေပုံ ဓာတ်ပုံမှတ်တမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။
အရေးယူပိတ်ဆို့မှုကို ကျော်လွှားနေ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး ကျင့်ဝတ်သိက္ခာပိုင်းအရ မေးခွန်းထုတ်ရာတွင် ပိတ်ဆို့အရေးယူမှုများကို ဖောက်ဖျက်ခြင်း ရှိမရှိ ကိစ္စရပ်လည်း ပါဝင်သည်။ မြန်မာစစ်တပ်အတွက် ကုန်ကြမ်း၊ ငွေကြေးအရင်းအမြစ်များနှင့် လက်နက်များကို ဖြတ်တောက်ရာတွင် လက်ရှိ အရေးယူဆောင်ရွက်ချက်များမှာ လုံလောက်မှုမရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့များက အခိုင်အမာ ထောက်ပြထားသည်။
“မြန်မာနိုင်ငံအပေါ် အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ စစ်တပ်ကို အထောက်အပံ့ပေးတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို တားဆီးဖို့ လုံလောက်မှု မရှိသလောက်ပါပဲ” ဟု Justice for Myanmar (JFM) မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က ပြောသည်။
“သံမဏိလုပ်ငန်းဟာ မြန်မာစစ်တပ်အတွက် ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်ပြီး သူတို့ရဲ့ လက်နက်ထုတ်လုပ်ရေးအတွက် သံမဏိလိုအပ်ပါတယ်။ Danieli ကုမ္ပဏီအနေနဲ့ ၎င်းတို့ရဲ့ စီးပွားရေး၊ ငွေကြေး၊ ကုန်ပစ္စည်းတွေက မြန်မာစစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အပံ့မဖြစ်စေဖို့ လိုအပ်ပါတယ်”
စစ်ကောင်စီ၏ စက်မှုဝန်ကြီး ချာလီသန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အရေးယူဒဏ်ခတ်ပိတ်ဆို့သည့် စာရင်းတွင်ထည့်သွင်းထားပြီး ဥရောပနိုင်ငံများသို့ ခရီးသွားလာခွင့်နှင့် ဥရောပနိုင်ငံများမှ ငွေကြေးလက်ခံရယူနိုင်ခွင့်ကိုလည်း ပိတ်ပင်ထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်၊ အီးယူ၊ ဗြိတိန်တို့က အဖွဲ့အစည်း ၁၆၅ ခုကို ပိတ်ဆို့အရေးယူထားသည်။ သို့သော်လည်း ထိုနိုင်ငံတကာအင်အားစုများအနက် တစ်ခုကသာ အမှန်တကယ် အရေးယူခြင်း ဖြစ်သည်၊ အဖွဲ့အစည်း ၁၆၅ ခုထဲတွင်လည်း သုံးပုံနှစ်ပုံကသာ ပစ်မှတ်ထားအရေးယူခံနေရခြင်း ဖြစ်သည်၊ ဤအခြေအနေမှာ စစ်တပ်အတွက် အခွင့်ကောင်းဖြစ်နေသည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ မေလအစီရင်ခံစာတွင် ဖော်ပြထားသည်။
“ပိတ်ဆို့အရေးယူမှုများကို အလွယ်တကူ ကျော်လွှားနိုင်သလို ထိရောက်မှုက အကန့်အသတ်ဖြစ်နေတယ်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
အရေးယူပိတ်ဆို့မှုများသည် အဆိုပါကုမ္ပဏီ ကွန်ရက်တစ်ခုလုံးတွင် သက်ရောက်မှုမရှိ၊ အရေးယူရန်အတွက် ပုဂ္ဂလိကကဏ္ဍကို အားကိုးနေရပြီး အဖွဲ့အစည်းများအချင်းချင်း ညှိနှိုင်းဆောင်ရွက်ခြင်းမပြုခဲ့ကြောင်းလည်း ဖော်ပြထားသည်။
Danieli ကုမ္ပဏီကို ပိတ်ဆို့အရေးယူမှု ချိုးဖောက်မှုများအတွက် ဥရောပသမဂ္ဂနှင့် အီတလီအစိုးရက စုံစမ်းစစ်ဆေးခြင်းရှိမရှိ မသိရသေးပေ။
ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ Danieli ကုမ္ပဏီသည် ရုရှားနိုင်ငံအတွက် အထောက်အပံ့ပေးနေသည်ဟု ပြီးခဲ့သည့် ဇွန်လတွင် စွပ်စွဲထားသည်။ ယူကရိန်းနှင့် ရုရှား စစ်ပွဲဖြစ်ပွားနေချိန်တွင် Danieli သည် ရုရှားစက်ရုံများနှင့် ပူးပေါင်းကာ နျူကလီးယားရေငုပ်သင်္ဘော၊ တင့်ကားတို့ ထုတ်လုပ်ရန် အကူအညီပေးခြင်းဖြင့် “တရားဝင်မှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ” ကို ချိုးဖောက်ခဲ့ကြောင်း ဝန်ကြီးဌာနက တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ Danieli ရုံးခွဲ၏ ဒါရိုက်တာများထဲမှ တစ်ဦးလည်းဖြစ်သလို Danieli ရုံးချုပ်၏ ဒုဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးအရာရှိချုပ် Alessandro Brussi က အီတလီသတင်းစာ Corriere della Sera နှင့် အင်တာဗျူးတွင် ကုမ္ပဏီက ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် အီးယူ၏ အရေးယူဒဏ်ခတ်မှုများကို လေးစားကြောင်း ပြောကြားခဲ့ပြီး ရုရှားနိုင်ငံအတွင်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို “သိသိသာသာလျှော့ချ” ထားကြောင်းလည်း ပြောဆိုခဲ့သည်။ ထို့ပြင် အရေးယူဒဏ်ခတ်ပိတ်ဆို့ထားသောအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုလုပ်ဆောင်ခဲ့ခြင်းကို ငြင်းဆိုလိုက်သည်။ ထုတ်လုပ်ခဲ့သော သံမဏိကုန်ပစ္စည်းများကို မည်သူက အသုံးချမည်ဆိုသည်ကိုမူ ကုမ္ပဏီက ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း ဆိုထားသည်။
“ကျွန်တော်တို့ရဲ့ စက်တွေဟာ ကားကိုယ်ထည်ကနေ သံချပ်ကာကားတွေအထိ မရေတွက်နိုင်သော သံမဏိတွေကို ထုတ်လုပ်ပေးနေပါတယ်” ဟု Brussi က ပြောကြားခဲ့သည်။ “ရောင်းပြီးတာနဲ့ ပိုင်ဆိုင်သူတွေက ဘယ်လိုအပြောင်းအလဲတွေ လုပ်မလဲဆိုတာ ကျွန်တော်တို့ သေချာပေါက် ထိန်းချုပ်လို့မရပါဘူး။ အာမခံနိုင်တာကတော့ ကျွန်တော်တို့ဖောက်သည်တွေဟာ ဒဏ်ခတ်အရေးယူပိတ်ဆို့ခံထားရသူတွေ မဟုတ်ဘူး ဆိုတာပါပဲ”
အဆိုပါအဖြေကြောင့် Denieli ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ပေါ်ပေါက်လာသဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန်ခြင်းမရှိခဲ့ပေ။
JFM မှ မရတနာမောင်က အရေးယူပိတ်ဆို့မှုများကို ကျော်လွန်၍ လုပ်ဆောင်နေရန် လိုအပ်နေပြီ ဖြစ်သည်ဟု ပြောသည်။ နိုင်ငံတကာ ဥပဒေ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်မူများ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ပေးအပ်သည့် လမ်းညွှန်ချက်များကို ထည့်သွင်း စဉ်းစားသင့်ကြောင်းလည်း သူက ပြောသည်။
SAC-M ၏ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီတစ်ခုသည် အဆိုပါစံနှုန်းများနှင့်အညီ “မြန်မာစစ်တပ်၏ လက်နက်ထုတ်လုပ်ရေးတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ၎င်း၏ လုပ်ဆောင်မှုများတွင် ပါဝင်နိုင်သည့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်ကို ဖော်ထုတ်ရန် မျှော်လင့်ထားကြောင်း ရှင်းပြခဲ့သည်။”
SAC-M မှ အမည်မဖော်လိုသူတစ်ဦးက Danieli ကုမ္ပဏီသည် ၎င်းတို့ထုတ်ကုန်အသုံးပြုသူများနှင့် ပတ်သက်ပြီး မည်သို့သောစိစစ်မှုများရှိသည်ကို သေချာမသိရကြောင်း၊ မြန်မာနိုင်ငံရှိ ၎င်းတို့၏ မိတ်ဖက်ကုမ္ပဏီများကို အကြောင်းကြားခဲ့ခြင်း ရှိမရှိကိုလည်း မသိရကြောင်း ဆိုသည်။
ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်က အီတလီသံရုံး၏ Danieli အပေါ် အကြောင်းပြန်ခြင်းနှင့် ပတ်သက်၍ “အဖွဲ့ဝင်နိုင်ငံတွေဟာ ၎င်းတို့ ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အရေးယူဒဏ်ခတ်ခြင်းကို ချိုးဖောက်မှုရှိပါက တာဝန်ခံရမည်ဖြစ်ကြောင်း” ပြောဆိုခဲ့သည်။
ကုမ္ပဏီနှင့် တိုက်ရိုက်အဆက်အသွယ်မရှိကြောင်း ပြောဆိုထားသည့် အီတလီသံရုံးကလည်း အီတလီကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအတွက် သေချာစိစစ်ရန် လိုအပ်မည်၊ ဥရောပသမဂ္ဂ၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာရမည်ဟု အကြိမ်ကြိမ် ပြောဆိုထားပြီးဖြစ်ကြောင်း Myanmar Now ထံသို့ ပြောဆိုလာသည်။
အီတလီ ရှေ့နေအဖွဲ့တစ်ခုဖြစ်သော Italia-Birmania Insieme သည် Danieli ကုမ္ပဏီ၏ လုပ်ဆောင်ချက်များကို စစ်ဆေးရန် အီတလီအထက်လွှတ်တော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုထားသည်။
“မြန်မာနိုင်ငံမှာ Danieli ကုမ္ပဏီရဲ့ အခန်းကဏ္ဍကို အီတလီအစိုးရက ကောင်းကောင်းသိပါတယ်။ သူတို့က ကုမ္ပဏီကြီးတစ်ခုနဲ့ ပြဿနာမဖြစ်အောင် ရှောင်ရှားချင်ကြတယ်” ဟု ထိုရှေ့နေအဖွဲ့၏ အထွေထွေအတွင်းရေးမှူး Cecilia Brighi က ပြောကြားခဲ့သည်။
“အီတလီအစိုးရက Danieli တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံပြီး နိုင်ငံကနေ အမြန်ဆုံးထွက်ဖို့ အသိပေးသင့်တယ်၊ သူတို့ တကယ်ဆန္ဒရှိရင် ကုမ္ပဏီထွက်ခွာဖို့ အမြန်ဆုံးလုပ်ဆောင်မှာဖြစ်ပါတယ်”
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)