ဆောင်းပါး

မြန်မာစစ်တပ်နှင့် နီးစပ်သည့် အီတလီကုမ္ပဏီ Danieli ကို ဖိအားပေးခြင်း

မြန်မာပြည်ရောက် Danieli ကုမ္ပဏီ လူ့အခွင့်အရေးနှင့် အခြားစည်းကမ်းချက်များ ချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးပေးရန် တက်ကြွလှုပ်ရှားသူများက အီတလီအစိုးရကို တောင်းဆိုနေသည်။

ရောမမြို့တော်အခြေစိုက် တက်ကြွလှုပ်ရှားသူများအဖွဲ့က အီတလီ သံမဏိကုမ္ပဏီကြီး Danieli ကို မြန်မာစစ်တပ်နှင့် အကျိုးတူ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားမှုအကြောင်း ထုတ်ဖော်ပြောဆိုရန် မကြာသေးမီက လွှတ်တော်မှတစ်ဆင့် တိုက်တွန်းလိုက်သည်။ မြန်မာစစ်တပ် ကူရာမဲ့ဖြစ်စေရန် နိုင်ငံတကာက လုံးပန်းနေကြစဉ် အီတလီအစိုးရက ကုမ္ပဏီ၏ အကျိုးစီးပွားကို ဦးစားပေးမည်လောဟုလည်း ၎င်းတို့က မေးခွန်းထုတ်ထားသည်။

အောက်တိုဘာ ၂၄ တွင် အီတလီ-မြန်မာ  Italia-Birmania Insieme  Italy-Burma Together အဖွဲ့က အီတလီအောက်လွှတ်တော် သတင်းစာရှင်းလင်းပွဲတွင် “နှုတ်ဆိတ်ခြင်းသည် ကြံရာပါတရားခံ၊ DANIELI & S.P.A ကုမ္ပဏီ” အစီရင်ခံစာအကြောင်း ရှင်းပြခဲ့သည်။ ထိုကုမ္ပဏီနှင့် စစ်တပ်ဆက်နွှယ်မှုအကြောင်း ထောက်ပြထားသည့် အစီရင်ခံစာ ဖြစ်မြောက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ သတင်းသမားများက အကူအညီပေးခဲ့ကြသည်။

မန္တလေးတိုင်း မြင်းခြံခရိုင်ရှိ အမှတ် (၁) သံမဏိစက်ရုံတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ကုမ္ပဏီအရာရှိများကို သစ်သီးခြင်း လက်ဆောင်ပေးနေသည့် ဓာတ်ပုံကြောင့် ထိုလုပ်ငန်းတွင် အီတလီကုမ္ပဏီ ပါဝင်ပတ်သက်မှုကို အတည်ပြုခဲ့ကြောင်း Myanmar Now က ဇွန်လတွင် စုံစမ်းထုတ်ဖော်ရေးသားခဲ့သည်။

Danieli ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိပေ။

အီတလီကုမ္ပဏီကြီးသည် ပြီးခဲ့သည့်နှစ်တွင် ဝင်ငွေ ယူရို ၄ ဘီလီယံကျော်ဖြင့် လည်ပတ်နေပြီး ၁၉၇၉ ခုနှစ် အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ပြင်ဦးလွင် အနီးစခန်းတွင် ဖွင့်လှစ်သော ပထမဆုံးသံမဏိစက်ရုံစီမံကိန်းကတည်းကပင် မြန်မာနိုင်ငံနှင့် အချိတ်အဆက်ရှိနေခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး‌နောက်ပိုင်း ကုမ္ပဏီမှတ်ပုံတင် ပြန်လည်တင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ကုမ္ပဏီဆက်လက်ထားရှိထားကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ခြင်းမရှိပေ။ အဆိုပါ အချက်ကိုလည်း သတင်းစာရှင်းလင်းပွဲတွင် ထောက်ပြထားသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အီတလီနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Riccardo Noury က မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည်များကို ကုမ္ပဏီ၏ အွန်လိုင်းတွင် ဖော်ပြထားခြင်းလည်း မရှိကြောင်း၊ ကုမ္ပဏီ၏ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တာဝန်ယူမှုမရှိခြင်းတို့မှာ အလွန်စိုးရိမ်ဖွယ်ဖြစ်ကြောင်း ပြောသည်။

“နိုင်ငံတကာရဲ့ စီးပွားရေးနှင့် လူ့အခွင့်အရေးစံနှုန်းတွေအရ Danieli အနေနဲ့ ၂၀၂၁ နောက်ပိုင်း ကုမ္ပဏီ ပြန်လည်မှတ်ပုံတင်တဲ့အချိန်မှာ မြန်မာပြည်သူတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိခိုက်မှုတွေကို ရှိမရှိကို ပြန်လည်ဆန်းစစ်သင့်တယ်၊ သေချာတာကတော့ Danieli က မလုပ်ထားဘူးဆိုတာပါပဲ” ဟု သူက သတင်းစာရှင်းလင်းပွဲအပြီး Myanmar Now ကို ပြောသည်။

လွှတ်တော်က ကုမ္ပဏီများ လုပ်ငန်းစာချုပ်မချုပ်မီ စုံစမ်းစစ်ဆေးနိုင်ရန်၊ စောင့်ကြည့်နိုင်ရန်အတွက် ဥပဒေကြမ်းကို ပြင်ဆင်နေသည်ဟု အီတလီလွှတ်တော်၏ နိုင်ငံတကာလူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ Laura Boldrini က ဆိုသည်။

“Danieli ကုမ္ပဏီက မြန်မာစစ်တပ်ရဲ့ စီမံကိန်းမှာ ဘယ်လိုမျိုးပါဝင်နေတာလဲ၊ ဘယ်လိုပတ်သက်နေလဲ ဆိုတဲ့အချက်တွေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ဖို့ အကြံပြုတောင်းဆိုပါတယ်” ဟု ကော်မတီဥက္ကဋ္ဌက ပြောသည်။

အောက်တိုဘာ ၂၄ ရက်နေ့ထုတ် အစီရင်ခံစာက ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ စီမံကိန်းနှင့် ပတ်သက်ပြီး လျှို့ဝှက်ထားသည်၊ စီမံကိန်းနှင့် သက်ဆိုင်သည့် စာချုပ်စာတမ်း၊ မိတ်ဖက်အဖွဲ့အစည်း၊ ကျင့်ဝတ်များ၊ အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်အချက်အလက်များကို ဖော်ပြထားခြင်း မရှိဟု ထောက်ပြထားသည်။

၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့က မန္တလေးတိုင်း မြင်းခြံမြို့ အမှတ် (၁) သံမဏိစက်ရုံတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးအပ်သည့် သစ်သီးခြင်းတောင်း လက်ခံရယူနေသော Danieli ဝတ်စုံဝတ် နိုင်ငံခြားပညာရှင်များ။ (ဓာတ်ပုံ – မြဝတီ)

အထူးသဖြင့် စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်တပ်ပိုင်ကုမ္ပဏီများနှင့် “စက်မှုကဏ္ဍရေရှည်ပူးပေါင်းမှု” ခေါင်းစဉ်အောက်မှ အကျိုးတူလုပ်ကိုင်နေမှုများတွင် Danieli က စီးပွားရေးစံသတ်မှတ်ချက်အများအပြားကို ချိုးဖောက်ထားဖွယ်ရှိသည်ဟု Italia-Birmania Insieme က ဆိုသည်။ ထိုအထဲတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) ၏ နိုင်ငံတကာကုမ္ပဏီများအတွက် လမ်းညွှန်ချက်၊ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာမူဝါဒ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ မူဝါဒ၊ ဥရောပသမဂ္ဂ (EU) ၏ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတို့ ပါဝင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် Danieli ဆက်ရှိနေခြင်းသည် “အလုပ်သမားများ၊ ဒေသခံပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်စေရေးအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အပံ့ဖြစ်စေနိုင်သည်၊ စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိသော မြန်မာစစ်တပ်၏ ဗျူဟာနှင့် စစ်အင်အား ပိုမို အားကောင်းလာစေရေး၊ စစ်ဘက်ကုမ္ပဏီများ၏ အကျင့်ပျက်ခြစားမှုတို့ကိုလည်း အထောက်အပံ့ဖြစ်စေနိုင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Italia-Birmania Insieme နှင့် Myanmar Now တို့က ထိုကုမ္ပဏီသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကဲ့သို့သော စစ်တပ်ပိုင်ကုမ္ပဏီနှင့် ယခင်ကတည်းက ဆက်ဆံရေးရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုကုမ္ပဏီသည် ၁၉၉၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းကာလက မကွေးတိုင်း၊ အောင်လံမြို့နယ် ကျောက်ဆွယ်ကြိုးရှိ သံမဏိစက်ရုံတွင် စက်ယန္တရားများ တပ်ဆင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အလွန် အစောပိုင်းနှစ်များတွင် ရန်ကုန် အင်းစိန်မြို့နယ်ရှိ ရွာမတွင် စက်ရုံတစ်ခုကို အဆင့်မြှင့်တင်ပေးခဲ့သည်။ မြင်းခြံစက်ရုံကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်နှစ်အကြာတွင် စက်မှုဝန်ကြီးဌာနထံသို့ မလွှဲပြောင်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ၂၀၁၇ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်ကော် (MEC) သည် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် ဩစတြေးလျနိုင်ငံတို့၏ ပထမဦးဆုံးဒဏ်ခတ်ပိတ်ဆို့မှု ခံရသည်၊ Canada နိုင်ငံအစိုးရကမူ အာဏာမသိမ်းမီကပင် အရေးယူပိတ်ဆို့ထားပြီးဖြစ်သည်။

“Danieli က ယခင်နှင့် ယခု စစ်အာဏာရှင်လက်ထက် ဥရောပသမဂ္ဂ၏ အရေးယူဒဏ်ခတ်မှုများကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ဖွယ်ရှိသည်၊ သို့မဟုတ် ထိုသို့ ချိုးဖောက်နိုင်စေရန် အီတလီအာဏာပိုင်တို့ကိုယ်တိုင် ခွင့်ပြုခဲ့ဖွယ်ရှိသည်” ဟု အစီရင်ခံစာက ဆိုသည်။

“ထိုသို့ ပြုလုပ်ခဲ့သည်ဆိုပါက ကန့်သတ်မှုများ မှန်မှန်ကန်ကန်အကောင်အထည်ဖော်ရေး စောင့်ကြည့်ရန် တာဝန်ရှိသော၊ ဥရောပသမဂ္ဂ EU စည်းမျဉ်းများ ချိုးဖောက်သူကို တိကျသည့် ဒဏ်ခတ်အရေးယူမှုအစီအမံများ ချမှတ်ရမည်ဖြစ်သော အီတလီအာဏာပိုင်တို့သည် (မြန်မာ) စစ်အစိုးရ ဖြုတ်ချရေးအစီအစဉ်ကို ကူညီရေးထက် ကုမ္ပဏီတစ်ခု၏ အကျိုးစီးပွားကို ဦးစားပေးရန်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်”

မြန်မာစစ်တပ်သည် ရေရှည်မျှော်မှန်းချက်တစ်ခုဖြစ်သည့် စစ်တပ်အတွက် သံမဏိထုတ်လုပ်ရေးကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု Italia-Birmania Insieme အဖွဲ့က ဆိုသည်။

Danieli အမည်သည် မြန်မာ့လက်နက်ထုတ်လုပ်ရေးနှင့် ရောင်းချရေးကဏ္ဍတွင် ပါဝင်လာခြင်း မရှိသေးသော်လည်း လူ့အခွင့်အရေးလှုပ်ရှားသူများက စစ်အာဏာရှင်လက်အောက်တွင် သံမဏိထုတ်လုပ်မှုသည် စစ်လက်နက်ထုတ်လုပ်ရေးအတွက် ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိသည်။

မြင်းခြံသံမဏိစက်ရုံမှ ၉ မီတာ အရှည်ရှိသော သံမဏိပြားများကို ပထမဦးဆုံး ယခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း သံမဏိထုတ်ကုန်အမျိုးအစား ပြောင်းလဲမည်ဖြစ်ကြောင်း စစ်တပ်က ဆိုထားသည်။ စက်ရုံအတွက် လိုအပ်သည့် သံမဏိရိုင်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အပြင်ဘက် အမှတ် (၁) ပင်းပက်သံမဏိစက်ရုံက ပေးပို့ခြင်းဖြစ်သည်။ ထိုစက်ရုံကို စစ်ကောင်စီ လက်အောက်ခံ စက်မှုဝန်ကြီးဌာနနှင့် ရုရှားလက်နက်ကုမ္ပဏီ (Rostec) ၏ လက်ခွဲတစ်ခုဖြစ်သော VO Tyazhpromexport က အကျိုးတူပူးပေါင်း အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ Rostec သည် မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့ပေးခြင်းများလည်း ရှိခဲ့သည်။ အဆိုပါ စက်ရုံ ဖြစ်ပေါ်လာရေးအတွက်လည်း Danieli ၏ ပါဝင်ကူညီပံ့ပိုးမှုများရှိခဲ့ပြီး စက်ရုံကြောင့် မြေယာသိမ်းဆည်းမှုများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများကို ရပ်ရွာဒေသခံများ ခံစားနေရဆဲဖြစ်သည်။

အီတလီနိုင်ငံ၏ လက်ရှိနှင့် ယခင်အစိုးရထံသို့ မီဒီယာများက Danieli ကုမ္ပဏီအပေါ် တိုင်ကြားမှုများ၊ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း Danieli သည် မြန်မာနိုင်ငံရှိ စီမံကိန်းအကောင်အထည်ဖော်မှုများတွင် ကုလသမဂ္ဂ (UN)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) လိုက်နာရမည့် လမ်းညွှန်ချက်၊ မူဝါဒများကို ဖော်ဆောင်ထားခြင်း မရှိကြောင်း Italia-Birmania Insieme က ဆိုသည်။

“ဒီကိစ္စ ကြီးမားတဲ့ ပြဿနာပါ၊ အီတလီအာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ဒီလိုချိုးဖောက်မှုတွေအတွက် ဘယ်လိုအရေးယူသင့်သလဲ ဆုံးဖြတ်ရမှာကို မျက်ကွယ်ပြုနေဆဲပါပဲ” ဟု အီတလီတက်ကြွလှုပ်ရှားသည့်အဖွဲ့၏ အထွေထွေအတွင်းရေးမှူး Cecilia Brighi က Myanmar Now ကို ပြောသည်။

တက်ကြွလှုပ်ရှားသူများက မြန်မာနိုင်ငံတွင် Danieli ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှု ရပ်တန့်ရန်၊ နိုင်ငံတကာက ပြဋ္ဌာန်းထားသော စံနှုန်းအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိမရှိကို ပွင့်လင်းမြင်သာစွာဖော်ပြရန် လိုအပ်ကြောင်း ဆိုသည်။ အဖွဲ့အစည်းများ၊ သမဂ္ဂများနှင့် ၎င်း၏ လှုပ်ရှားမှုများကို ဆန့်ကျင်နိုင်သည့် လူပုဂ္ဂိုလ်များအပေါ် လက်တုံ့ပြန်ခြင်းကို တားဆီးရေးအစီအမံများ ချမှတ်ရန်၊ သံမဏိစက်ရုံများနှင့် ဆက်စပ်သတ္တုတူးဖော်မှုကြောင့် မြေယာသိမ်းဆည်းခံရခြင်း သို့မဟုတ် လေထုညစ်ညမ်းမှုကြောင့် ထိခိုက်နစ်နာသူများအတွက် လျော်ကြေးပေးရန်လည်း တောင်းဆိုခဲ့သည်။

Italian authorities, they said, must “promptly and transparently adopt all the necessary measures” to “prevent companies from strengthening a dictatorship” like the one in Myanmar.

၎င်းတို့က အီတလီအစိုးရသည် မြန်မာနိုင်ငံကဲ့သို့ “အာဏာရှင်စနစ် အားကောင်းလာစေရန် ကုမ္ပဏီများက လုပ်ဆောင်နေသည်ကို တားဆီးရေး ”အတွက်“ လိုအပ်သည့် အစီအမံအားလုံးကို အမြန်ဆုံးပွင့်လင်းမြင်သာစွာ ချမှတ်ရမည်” ဟု ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button