
စစ်ကောင်စီက လုပ်ငန်းလည်ပတ်ရန် အသည်းအသန်ကြိုးစားနေသော ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ရပ်တန့်ပေးရန်နှင့် မြေယာဆုံးရှုံးသွားသော တောင်သူများအား နစ်နာကြေးပေးရန် ပအိုဝ်းလူငယ်အစည်းအရုံးက တောင်းဆိုလိုက်သည်။
ယခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ပအိုဝ်းလူငယ်အစည်းအရုံး (Pa-O Youth Organization) က ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သလို အစီရင်ခံစာတစ်စောင်လည်း ထုတ်ပြန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ လက်အောက်ခံ စက်မှုဝန်ကြီးဌာနနှင့် ရုရှားအခြေစိုက် VO Tyazhpromexport ကုမ္ပဏီတို့က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ အတွင်း ပင်းပက်သံမဏိစက်ရုံ ပြန်လည်ပတ်ရန် ကြိုးပမ်းလာကြသည်ဟု ဆိုသည်။
နှစ်စဉ် အရှုံးပေါ်နေသည့်အတွက် ထိုစက်ရုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် ၂၀၁၈ ခုနှစ်တွင် ရပ်နားထားခဲ့ခြင်းဖြစ်သည်။
ထိုစက်ရုံကို ပြန်လည် လည်ပတ်ရန် ကြိုးပမ်းရာတွင် စစ်ကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်မည့် ရုရှားအခြေစိုက် VO Tyazhpromeexport သည် မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့ရောင်းချပေးနေသည့် “Rostec” ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သည်။
အာဏာမသိမ်းမီကတည်းက အဆိုပါ သံမဏိစက်ရုံအတွက် စိုက်ပျိုးမြေ ဧကပေါင်း ၁၁၀၀၀ ကျော် သိမ်းယူခဲ့သည့်အနက် ဧက ငါးထောင်ကျော်မှာ တစ်ဧကလျှင် ၅၀၀၀ ကျပ်ဖြင့် ခြိမ်းခြောက်ဝယ်ယူခဲ့သောမြေများဖြစ်ကြောင်း ထိုပအိုဝ်းလူငယ်အဖွဲ့အစည်းက ဆိုသည်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်သည့် တောင်ကြီးမြို့နယ်၊ ဟိုပုံးလွင်ပြင်ဧရိယာသည် ယခင်တည်းကပင် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးမြေများဖြစ်ပြီး သွားလာရေး အချက်အချာကျသည့် နေရာဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စက်ရုံအတွက် အတင်းအဓမ္မ မြေယာသိမ်းဆည်းလိုက်သောကြောင့် တောင်ယာလုပ်ကိုင်သူများက မြေယာမဲ့၊ အလုပ်လက်မဲ့များဖြစ်ကာ နိုင်ငံရပ်ခြားထွက်ခွာ အလုပ်လုပ်ကိုင်ရသည့် အခြေအနေများဖြစ်လာသည်ဟု ထိုစက်ရုံကြောင့်ဖြစ်သော အကျိုးဆက်တစ်ခုကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ မနန်းကြည်က ထောက်ပြသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီက လယ်မြေပိုင်ရှင်များကို လျော်ကြေးများ ပြန်လည်ပေးအပ်ခဲ့သော်လည်း မညီမျှမှုများရှိကြောင်း သူက ဆိုသည်။
ထို့ကြောင့် ပင်းပက်သံမဏိစက်ရုံကို ရပ်တန့်ပေးရန်နှင့် ဆုံးရှုံးသွားသည့် မြေယာများကို တောင်သူများထံ ပြန်လည်ပေးအပ်ရန်၊ လျော်ကြေးပေးအပ်ပါကလည်း မျှတသောနစ်နာကြေးပေးရန် သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုထားသည်။
မြင်းခြံသံမဏိစက်ရုံပို့မည့် သံမဏိအကြမ်းထည်များ ထုတ်လုပ်ရေး ကြိုးပမ်း
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ စက်ရုံကို အမြန်ဆုံးလည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းနေရာ သံရည်ကြိုစက်ရုံ ၂၂ ရုံအနက် ၁၉ ရုံကို စတင်လည်ပတ်နေပြီးဖြစ်ကြောင်း PYO က ဆိုသည်။
ထိုစက်ရုံမှ ထွက်လာမည့် သံမဏိရိုင်းများကို အမှတ် (၁) မြင်းခြံသံမဏိစက်ရုံသို့ ပို့ဆောင်မည်ဖြစ်ပြီး ထိုစက်ရုံမှ အချောသတ်သံမဏိများထွက်ရှိအောင် လုပ်ဆောင်မည်ဖြစ်သည်။ ထိုစက်ရုံသည်လည်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က စတင်အကောင်အထည်ဖော်ခဲ့သော လုပ်ငန်းဖြစ်ပြီး ကျပ်ဘီလျံနှင့်ချီ အကြွေးနွံနစ်ကာ အရှုံးပေါ်နေသဖြင့် NLD အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

လေးနှစ်ကျော်ကြာ ရပ်ဆိုင်းထားသည့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ယခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် စစ်ကောင်စီ၏ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက သွားရောက်ကြည့်ရှုခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
၂၀၂၃ ခုနှစ် မတ်လနှောင်းပိုင်းတွင် တစ်စိတ်တစ်ပိုင်း ပြန်လည် စတင်လည်ပတ်နေသော မြင်းခြံသံမဏိစက်ရုံသည် ၎င်း၏ ပထမဆုံး ၉ မီတာ သံမဏိပြားများ၊ အရည်ပျော်သံရိုင်းများဖြင့် ပြုလုပ်ထားသည့် တစိတ်တစ်ပိုင်း အချောထည်များကို ထုတ်ကုန်အမျိုးမျိုး ထပ်မံထုတ်လုပ်နိုင်သည်ဟု သိရသည်။
Myanmar Now က ရရှိထားသည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ပေါက်ကြားလာသည့် ကာကွယ်ရေးဝန်ကြီးဌာန လျှို့ဝှက်စာတမ်းတွင် “စစ်ဘက်သုံးသံမဏိ” သို့မဟုတ် သီးခြား ferroalloys များ ပေါင်းထည့်ခြင်းဖြင့် ခိုင်ခံ့သော သံမဏိကို အသုံးပြု၍ “အရည်အသွေး ပိုမြင့်သော လက်နက်များ ထုတ်လုပ်ရန်” ရည်ရွယ်ချက်ကို အလေးပေး ဖော်ပြထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီက ထိုသံမဏိစက်ရုံ နှစ်ရုံ လည်ပတ်နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
မြင်းခြံသံမဏိစက်ရုံတွင် အဓိကပါဝင်နေသည့် အီတလီအခြေစိုက် Danieli ကုမ္ပဏီသည် ပင်းပက်သံမဏိစက်ရုံ တည်ဆောက်ရေးအတွက်လည်း ပါဝင်ခဲ့ခြင်းများရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပါဝင်သည့် ခွန်ဦး (PYO) က ဆိုသည်။
မြင်းခြံမြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့များက မကြာသေးခင်ကလည်း ရှမ်းမြောက်တွင် ဆင်နွှဲနေသော “၁၀၂၇” စစ်ဆင်ရေးနှင့်အပြိုင် မြင်းခြံသံမဏိစက်ရုံအနီးရှိ စစ်ကောင်စီတပ်စဖွဲ့ဝင်များ တပ်စွဲသော တိုးဂိတ်ကို သွားရောက်တိုက်ခိုက်ထားသည်။
လောင်စာနှင့် ရေဆိုးများကြောင့် ဒေသခံလူထု ထိခိုက်
ပင်းပက်သံမဏိစက်ရုံ၏ လောင်စာစွမ်းအင်အတွက် ရှမ်းပြည်နယ်အလယ်ပိုင်း ကျေးသီးမြို့နယ်မှ ကျောက်မီးသွေးကို ထုတ်ယူသုံးစွဲနေပြီး ကျောက်မီးသွေးများကို နေ့စဉ် တွဲကားအစီးရေ ၆၀ မှ ၇၀ ကြား ပို့ဆောင်နေကြောင်း ထိုလုပ်ငန်းများနှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ကျောက်မီးသွေးထုတ်လုပ်ရေးအတွက် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ ရုမ်းရိုးမနဂါးကုမ္ပဏီ ၊ ဟေဟိန်းကုမ္ပဏီတို့က အဓိက ကျောက်မီးသွေးတူးဖော်ပေးနေခြင်းဖြစ်ကြောင်း သူက ပြောသည်။
ကျောက်မီးသွေးတူးဖော်မှုအတွက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၈၆ က လုံခြုံရေးရယူပေးထားကြောင်း အဆိုပါ ဒေသခံက ဆိုသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ ပတ်ဝန်းကျင်ဦးစီးဌာနမှ ဒေသခံများနှင့် တွေ့ဆုံခဲ့ရာတွင် စက်ရုံအကောင်အထည်ဖော်မည့်အကြောင်းကိုသာ ရှင်းပြပြီး ဒေသခံများ၏ မေးမြန်းမှုများကို ဖြေဆိုခြင်းမရှိခဲ့ပေ။
“သူတို့တွေ လာပြီး လေထုတိုင်းတယ်၊ EIA လုပ်နေတယ်ဆိုတဲ့ အကြောင်းနဲ့ စက်ရုံကို နိုင်ငံတော်လုပ်ထုံးလုပ်နည်းအတိုင်း အကောင်အထည်ဖော်မယ်လို့ ပြောသွားတယ်” ဟု ထိုတွေ့ဆုံပွဲ သွားရောက်ခဲ့သည့် ဒေသခံနောက်တစ်ဦးက ဆိုသည်။
ပင်းပက်သံမဏိစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ ရုရှားက ယူရို ၁ဝ ဒသမ ၅ သန်း တန်ဖိုးရှိ နည်းပညာအကူအညီများ ပေးအပ်ရန်ရှိကြောင်း စစ်ကောင်စီအာဘော်သတင်းဌာနများတွင် ယခုနှစ် ဇွန်လအတွင်းက ဖော်ပြထားကြသည်။
လက်ရှိတွင် ၎င်းသံမဏိစက်ရုံစီမံကိန်း ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ရေးကော်မတီကို ယခုနှစ် ဧပြီလအတွင်း ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း အပါအဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားသည်။
ထိုစက်ရုံ ပြန်လည်စတင်ခြင်းသည် စစ်တပ်အတွက်သာ အထောက်အပံ့ဖြစ်မည်သာဖြစ်ပြီး သံ၊ သတ္တုရိုင်းများကို လက်နက်ထုတ်လုပ်ရေးအတွက် လုပ်ဆောင်နိုင်ခြင်းများရှိနိုင်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ဘက်က ဆိုသည်။
မကြာသေးမီက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည့် ရွှေညောင်-တောင်ကြီး-ပင်းပက် ရထားလမ်းပိုင်းသည်လည်း ပြည်သူများအတွက် မဟုတ်ဘဲ ၎င်းတို့ စီမံကိန်း၏ သံရိုင်းပို့ဆောင်ရန်အတွက်သာဖြစ်ကြောင်း PYO အဖွဲ့မှ ခွန်ဦးက ပြောသည်။
“စက်ရုံအတွက် ဖောက်လုပ်ထားတဲ့ ရထားလမ်းပိုင်းက အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီး၊ အနီးအနား ပတ်ဝန်းကျင်မှာလည်း လုံခြုံရေးတင်းကျပ်ထားပါတယ်”
ပင်းပက်သံမဏိစက်ရုံ လုံခြုံရေးအတွက် စစ်ကောင်စီတပ်သားများအပြင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) လည်း ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
PNO/PNA ၏ ကော်မတီဝင် ခွန်စံလွင်ကိုယ်တိုင် စစ်ကောင်စီအဖွဲ့ဝင်အနေဖြင့် ပါဝင်နေသည့်အတွက် ၎င်းတို့ အကျိုးစီးပွားမှာလည်း တိုက်ရိုက် (သို့မဟုတ်) တစ်နည်းအားဖြင့် ပါဝင်ပတ်သက်မှုများရှိနိုင်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထောက်ပြထားသည်။
လက်ရှိတွင် ပင်းပက်စက်ရုံမှ ထုတ်လွှတ်လိုက်သော စွန့်ပစ်ရေဆိုးများကို နမ့်တဘက်ချောင်းထဲသို့ ဖောက်ချ စွန့်ပစ်လျက်ရှိ ပြီး အဆိုပါ နမ့်တဘက်ချောင်းကို မှီတင်းကာ စိုက်ပျိုးနေထိုင်ကြသည့် ကျေးရွာပေါင်း ၁၀၀ ကျော်ခန့် ရှိသည်ဟု PYO အစီရင်ခံစာတွင် ဖော်ပြထားသည်။နမ့်တဘက်ချောင်းသည် ကယား (ကရင်နီ) ပြည်နယ်နှင့် မိုင်ပေါင်း ၃၀ နီးပါး ထိစပ်နေပြီး သံလွင်မြစ်အတွင်းသို့ စီးဆင်းနေသည်။

အမှားပြင်ဆင်ချက်။ ကနဦးဆောင်းပါးတွင် ရှမ်းရိုးမ ကုမ္ပဏီမှ ပင်းပက်သံမဏိစက်ရုံအတွက် ကျောက်မီးသွေး တူးဖော်တင်ပို့မှုများပြုလုပ်နေသည်ဟု ဖော်ပြခဲ့ပါသည်။ ပြင်လည်စီစစ်ချက်အရ ရှမ်းရိုးမနဂါး ကုမ္ပဏီဖြစ်နေသည်ဟု တွေ့ရှိရသည့်အတွက် ကနဦးဖော်ပြခဲ့သည့် ရှမ်းရိုးမ ကုမ္ပဏီနှင့် ကမ္ဘောဇ ကုမ္ပဏီအုပ်စုတို့ကို ဆောင်းပါးမှ ၂၂ ရက်နိုဝင်ဘာလ ၂၀၂၃ ခုနှစ်တွင် ပြင်ဆင်ဖယ်ရှားခဲ့ပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)