စစ်ကော်မရှင်တပ်က TNLA တပ်ဖွဲ့ထိန်းချုပ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ခြောက်မြို့နယ် ထက်မနည်းကို လေကြောင်းမှ ဆက်လက် ဗုံးကြဲတိုက်ခိုက်နေရာ ယခုလတွင် အရပ်သား သေဆုံးမှု ၄၂ ဦးအထိ ရှိသည်ဟု သိရှိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် တအာင်းဒေသ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းရွာအား လေကြောင်းမှ ဗုံးကြဲခဲ့ ရာ အမျိုးသမီး နှစ် ဦး၊ အမျိုးသား တစ် ဦး စုစုပေါင်း သုံး ဦး သေဆုံးခဲ့သည်။
နောက်တစ်ရက် (အောက်တိုဘာလ ၁၈ ရက်နေ့ ) တွင် နမ့်ဆန်မြို့နယ်အတွင်းရှိ လက်ဖက်လုပ်ငန်းများ ရှိရာ ကွမ်ဟယ်ကျေးရွာ နတ်စင်အနီး ဗုံးကြဲခံရသဖြင့် အသက် ၁၀ နှစ် အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ငါး ဦး၊ အမျိုးသား တစ်ဦး စုစုပေါင်း ခြောက် ဦး သေဆုံးခဲ့သည်။ ကလေးတစ်ဦးအပါအဝင် လေး ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံက သိရသည်။
“စစ်တပ်က အခု စစ်တိုက်တာ မဟုတ်တော့ဘူး။ အရပ်သားတွေကိုပဲ ဦးတည်ပြီး ဗုံးကြဲ သတ်ဖြတ်နေတာ။ သေတာလည်း ပြည်သူတွေပဲ။ နမ့်ဆန်မှာဆိုရင် လူတောင် မရှိတော့ ဘူး။ မနေရဲလို့ အကုန်ပြေးကြရပြီ” ဟု နမ့်ဆန်မြို့ခံတစ်ဦးက ပြောသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ တစ်ရက်အတွင်းမှာပင် TNLA ထိန်းချုပ်သည့် မိုးကုတ်မြို့ ကျောက်ဖားရွာ၊ နမ့်ဆန်မြို့ မီးသတ်စခန်းနှင့် မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်တို့အား လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သားများ၏ နေအိမ်များ ပျက်စီးခဲ့သည်။
အဆိုပါမြို့များရှိ ဒေသခံများသည် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စစ်တပ်က ကျောက်မဲမြို့အား သိမ်းပိုက်ခဲ့ပြီး အဆိုပါမြို့များ နှင့် ဆက်စပ်သည့် ကျောက်မဲမြို့နယ် မိုင်းလုံ၊ မိုင်းငေါ့ မြို့များအပါအဝင် သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုးကုတ်၊ မိုးမိတ်မြို့များအား လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလ ၂ ရက်နေ့မှ ၂၀ ရက်နေ့ အတွင်း ရှမ်းမြောက်တွင် အရပ်သား သေဆုံးသူ ၄၂ ဦးရှိလာပြီဖြစ်သည်။
Myanmar Now က ပြုစုထားသည့် စာရင်းအရ TNLA ထိန်းချုပ်ရာ မိုင်းလုံမြို့နယ် မန်ဟုန်ရွာတွင် ကလေး တစ်ဦးအပါအဝင် အရပ်သား ၁၃ ဦး၊ မိုးမိတ်မြို့နယ် ဝဲဘောင်ကျေးရွာတွင် ကလေးနှစ်ဦး အပါအဝင် ရှစ် ဦး၊ နမ္မတူမြို့ပေါ်ရပ်ကွက်တွင် လေးဦး၊ နမ့်ဆန်မြို့နယ် အုမ်မစွမ်းရွာ၊ ကွမ်ဟယ်ရွာ၊ ဟိုမိန်းရွာများတွင် ကလေးများအပါအဝင် ၁၃ ဦး၊ မိုင်းငေါ့မြို့တွင် နှစ် ဦး၊ သီပေါမြို့နယ် ကျင်သီရွာတွင် အမျိုးသား နှစ်ဦး စုစုပေါင်း ၄၂ ဦး သေဆုံးခဲ့သည်။ ကလေးငယ်များအပါအဝင် ၄၀ ကျော် ဒဏ်ရာရခဲ့သည်။

TNLA တပ်ဖွဲ့၏ အောက်တိုဘာလ ၁၉ ရက်နေ့ထုတ်ပြန်ချက်တွင် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ကြောင့် သံဃာ နှစ်ပါး၊ ကလေးငယ် ရှစ်ဦး၊ အမျိုးသမီး ၁၉ ဦးအပါအဝင် သေ ဆုံးသူ ၄၁ ဦးရှိခဲ့သည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများအား မှတ်တမ်းတင်တားပြီး အတုံ့အလှည့် ရှိလာမည်ဟု TNLA တပ်ဖွဲ့ အထွေထွေအတွင်းအရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က ဖေ့စ်ဘွတ်လူမှုကွန်ရက်မှ တဆင့် မကြာ သေးမီက တုံ့ပြန်ထားသည်။
အောက်တိုဘာလ ၁ ရက်နေ့တွင် ကျောက်မဲမြို့အား သိမ်းပိုက်ပြီးနောက် လဝက်အကြာ စစ်ကော်မရှင် က သီပေါမြို့ အား ဆက်လက် သိမ်းပိုက်ခဲ့ကာ အဆိုပါမြို့များတွင် အုပ်ချုပ်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်နေသည်ဟု စစ်တပ်ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြသည်။
TNLA ထိန်းချုပ်စဉ် သီပေါနှင့် ကျောက်မဲမြို့များ၌ အုပ်ချုပ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်စေရန် လေကြောင်းမှ မကြာခဏ တိုက်ခိုက်ခဲ့ရာ အဆိုပါမြို့များတွင် အရပ်သား ၂၀ ကျော် သေဆုံးခဲ့ရသည်။
ဆေးရုံ၊ စာသင်ကျောင်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးများမှာ လေကြောင်းပစ်မှ တိုက်ခိုက်ခံရသည့် အဓိက ပစ်မှတ်များဖြစ်ခဲ့သည်။
သီပေါမြို့အား သိမ်းပိုက်ခဲ့သည့် စစ်ကော်မရှင်တပ်သည် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ စ၍ နှစ်နှစ်နီးပါး ပိတ်ထားခဲ့သည့် မန္တလေး–လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြန်လည် ဖွင့်ပေးခဲ့သည်။
အဆိုပါလမ်းပိုင်းသည် တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူမြို့များအား TNLA က သိမ်းပိုက်ခဲ့သည်။
တရုတ်နိုင်ငံကြားဝင်မှုကြောင့် စစ်တပ်နှင့် TNLA တပ်တို့၏ ဆွေးနွေးပွဲများတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များအား ပြန်ပေးရန် စစ်တပ်က တောင်းဆိုရာ TNLA က လက်မခံသဖြင့် ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် စစ်ကော်မရှင်ဘက်မှ တောင်ခမ်းမှ နောင်ချိုသို့ ခြောက်လအကြာ ထိုးစစ်ဆင်ပြီး ယခုနှစ် ဇူလိုင်တွင် နောင်ချိုမြို့အား ပြန်လည် သိမ်းပိုက်ခဲ့သည်။
ဩဂုတ်လကုန်တွင် စစ်တပ်က ကျောက်မဲမြို့အား ထိုးစစ်ဆင်ခဲ့ရာ တစ်လကျော်အကြာ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျောက်မဲမြို့အား သိမ်းပိုက်နိုင်ခဲ့ပြီး လဝက်အကြာတွင် သီပေါမြို့အား ထပ်မံ သိမ်းပိုက်ခဲ့ ရာ စစ်တပ်တောင်းဆိုထားသည့် မြို့ ငါးမြို့အနက်မှ သုံးမြို့အား TNLA က လက်လွှတ်လိုက်ရပြီဖြစ်သည်။
လက်ရှိတွင် စစ်တပ်သည် ၎င်းတို့တောင်းဆိုထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့အား ထိုးစစ်ဆင်နေပြီး TNLA ထိန်းချုပ် ဒေသရှိ အရပ်သားပစ်မှတ်များအား နေ့စဉ်နီးပါး ဗုံးကြဲနေသည်။



