သတင်း

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နိုင်ငံအလယ်ပိုင်းတွင်လည်း တိုက်ပွဲဖော်ဆောင်

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများနှင့်အပြိုင် နိုင်ငံအလယ်ပိုင်းတွင် စစ်ရေးဖော်ဆောင်ရန် NUG ညွှန်ကြားခြင်းကြောင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မြင်းခြံ PDF က ဝင်တိုက်ခဲ့သည်။

ညီနောင် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇” အမည်ဖြင့် စစ်ဆင်ရေးဆင်နွှဲနေချိန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကလည်း နိုင်ငံအလယ်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ထိုးဖောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းတိုက်ပွဲများနှင့်တစ်ပြိုင်တည်း စစ်ရေးဖော်ဆောင်ရန် အထက်က ညွှန်ကြားထားသည်ဟု မြင်းခြံခရိုင် PDF က ပြောသည်။

စစ်သားနှင့် ရဲ ပူးပေါင်းအထိုင်ချသည့် မြင်းခြံနှင့် တောင်သာမြို့နယ်အစပ် တိုးဂိတ်ကို အောက်တိုဘာ ၂၇ ညနေပိုင်းတွင် အပြင်းအထန်တိုက်ခိုက်ခဲ့သည်ဟု တောင်သာကိုယ်စားပြု မြင်းခြံခရိုင် PDF တပ်ရင်း (၃) တပ်ရင်းမှူး ဝမ်းမိုးက Myanmar Now ကို ပြောသည်။

အရပ်သားများ ထိခိုက်မှုမရှိစေရန် တိုးဂိတ်ဝင်မည့်ကားများကို လမ်းမပေါ်တွင် ရပ်တန့်စေပြီးနောက်၊ စစ်ကောင်စီ စစ်ရေးပစ်မှတ်များကို ဒရုန်းဖြင့် ဗုံးသီးများချကာ လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု တပ်ရင်းမှူး ဝမ်းမိုးက ပြောသည်။

“တစ်ခါတည်း ရက်ကို သတ်မှတ်ပေးလိုက်တာ။ MOD က ပြောတယ်၊ သဘောပေါက်တယ်မို့လား၊ ဒီရက် ဒီရက် ရွေးရတဲ့အကြောင်းရင်းက သတင်းတွေလည်း ဖတ်ပြီးလောက်ရောပေါ့ဆိုပြီး ပြောတယ်” ဟု ၎င်းက ဆိုသည်။

“ဆိုလိုတာက ကျွန်တော်တို့ကို (ရှမ်းမြောက်စစ်ဆင်ရေးနှင့်အတူ) Due Date (တိုက်ခိုက်ရက်) တူတူပေးတဲ့သဘောပေါ့။ ကာကွယ်ရေးဝန်ကြီးဌာနက Smart ကျကျ အစီအစဉ်ချပြီး ရက်ရွေးချယ်ပေးတာပါ”

မြင်းခြံသံမဏိစက်ရုံအနီးရှိ ထိုတိုးဂိတ်တွင် ရဲနှင့် စစ်သားများက ဘန်ကာများ အခိုင်အမာတည်ဆောက်၍ နေရာယူထားကြသော်လည်း နာရီဝက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် တန်ပြန်ပစ်ခတ်နိုင်ခြင်းမရှိသလို စစ်ကောင်စီတပ်သားတို့ ထိခိုက်သေဆုံးကြောင်း သူက ဆက်ပြောသည်။ သို့သော် သေဆုံးမှုကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များစွာ စိုးမိုးထားသော မြေပြန့်လွင်ပြင်ဒေသဖြစ်သည့် တောင်သာနယ်တွင် ယခုတိုက်ပွဲသည် အပြင်းထန်ဆုံးတိုက်ပွဲတစ်ခုဖြစ်သည်၊ ဂိတ်စခန်းသိမ်းမိလုဆဲဆဲတွင် မြင်းခြံဘက်မှ စစ်ကူကား ၉ စီး၊ တောင်သာမှ ကား ၄ စီး တက်လာ၍ ခက်ခက်ခဲခဲ ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

တောင်သာမြို့ဘက်မှ လာသည့် စစ်ကူကားများကိုလည်း မိုင်းဆွဲခြင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မြင်းခြံခရိုင်တွင် NUG လက်အောက်ခံ တပ်ရင်း ၈ ခုရှိနေပြီး ထိုတိုးဂိတ်တိုက်ပွဲကို မဟာမိတ်များနှင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။

“မဆုတ်မနစ် ဇွဲလုံ့လနဲ့ ကြိုးစားပြီး တိုက်ထုတ်နေမယ်။ ရှေ့လျှောက်လည်း တိုက်ခိုက်ရေး မြိုင်ဆိုင်လာမယ်။ နောက်မဆုတ်ဘူး။ အပြီးထိ တိုက်မယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်မှ နိုင်မှာဆိုတော့ အခြားအဖွဲ့အစည်းတွေလည်း အလားတူတိုက်ထုတ်စေချင်တယ်” ဟု မြင်းခြံခရိုင် တပ်ရင်း (၃) ယာယီတပ်ရင်းမှူးက ဆိုသည်။

ထိုတိုက်ခိုက်မှုအပြီး ဂိတ်ပတ်ပတ်လည်တွင် အင်အားအပြည့်အဝ ဆက်ချထားကြောင်း၊ ဒေသခံများကို ဖမ်းဆီးစစ်ဆေးသည့်ဖြစ်စဉ် မသိရသေးကြောင်း တောင်သာမြို့တွင် နေထိုင်သူများထံမှ သိရသည်။

တောင်သာနယ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ကွယ်လွန်သူ ဦးအောင်သောင်း၏ မွေးရပ်ဇာတိမြေဖြစ်သည်။ ဦးအောင်သောင်း၏သား ဗိုလ်ချုပ်ကြီးမိုးအောင်ကို အာဏာသိမ်းခေါင်းဆောင်က ရေတပ်အကြီးအကဲအဖြစ် ခန့်အပ်ထားသည်။

တောင်သာတွင် စစ်တပ် လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့များ အားကောင်းသလို စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်ထားသည့် မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မြင်းခြံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသော်လည်း ကာကွယ်ရေးအဖွဲ့များ၏ လှုပ်ရှားမှုကိုလည်း တွေ့နေရသည်။

၁၀၂၇ စစ်ဆင်ရေးကို ညီနောင် ၃ ဖွဲ့ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ ဦးဆောင်၍ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတချို့ ပါဝင်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်တွင် အချက်အချာကျသည့် ချင်းရွှေဟော်မြို့ကို မဟာမိတ်များက စိုးမိုးနိုင်သလို စစ်ကောင်စီတပ်၏ မဟာဗျူဟာကျသည့် အခြေစိုက်စခန်းများစွာကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button