အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နမ့်ခမ်းနှင့် မူဆယ်မြို့တွင် ကုန်စည်သယ်ခွင့်  တရုတ် ဆက်လက်ကန့်သတ်

TNLA နှင့် စစ်တပ်တို့ အပစ်ရပ်စဲထားသောကြောင့် တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် နယ်စပ်ဂိတ်နှစ်ခုကို တရုတ်ဘက်က ယခုလဆန်းတွင် ပြန်ဖွင့်ပေးလိုက်သော်လည်း အကန့်အသတ်ဖြင့်သာ ခွင့်ပြု ခြင်းဖြစ်သည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့်  တစ်နှစ်နီးပါး ပိတ်ထားခဲ့သည့် တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်တောင်းနယ်စပ်ဂိတ်အား တရုတ်အစိုးရဘက်မှ ယခုလဆန်းတွင် ပြန်ဖွင့်ပေးခဲ့သော် လည်း ကုန်ပစ္စည်းသယ်ဆောင်မှုများ ဆက်လက်ကန့်သတ်ခံထားရကြောင်း ဒေသခံများထံက သိရသည်။

“ဂိတ်ပဲ ဖွင့်တာ။ ပစ္စည်းတွေက အကန့်အသတ်နဲ့ပဲ သယ်လို့ရတယ်။ ဆက်ပြီးကန့်သတ်ထားတုန်းပဲ” ဟု နမ့်ခမ်းဒေသခံ တစ်ဦးက ပြောသည်။

နမ့်ခမ်းဒေသထွက်ကုန်များအား တရုတ်နိုင်ငံသို့ ရောင်းချရာတွင် အသုံးပြုရသည့် အဆိုပါ ဂိတ်အား ၁၀၂၇ စစ်ဆင်ရေးရပ်ရန် ဖိအားပေးသည့်အနေဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် တရုတ်အစိုးရဘက်က ပိတ်ထားခြင်းဖြစ်သည်။

ယခုနှစ် အောက်တိုဘာလ လကုန်တွင် စစ်တပ်နှင့် တအာင်းတပ် (TNLA) တို့အကြား အပစ်အခတ်ရပ်စဲခဲ့ ကြပြီးနောက် နိုဝင်ဘာလ လဆန်းတွင် နောင်တောင်းနယ်စပ်ဂိတ်အား တရုတ်အစိုးရဘက်က ပြန်ဖွင့်ပေး ခဲ့သည်။

ဂိတ်ဖွင့်လိုက်သည့်အတွက် မြန်မာဘက်မှ ဒေသထွက် ပြောင်း၊ စပါး၊ မီးသွေးနှင့် ဆီလီကွန်ကျောက်များကို တရုတ်သို့ အကန့်အသတ်ဖြင့် ပြန်လည်တင်ပို့ခွင့်ရမည်ဟု ဒေသခံများက ဆိုသည်။ တရုတ်ဘက်မှ စားသောက်ကုန်၊ စက်သုံးဆီနှင့် ကုန်မာပစ္စည်းများကိုလည်း အကန့်အသတ်ဖြင့် တင်သွင်းခွင့်ရကြောင်း သိရသည်။

သို့ရာတွင် လျှပ်စစ်နှင့် စက်ပစ္စည်းဆိုင်ရာများကို တရုတ်ဘက်က ဆက်လက်ကန့်သတ်ထားသည်ဟု ဒေသခံများက ဆိုကြသည်။

ရှမ်းနှင့် ပလောင်တိုင်းရင်းသား အများစုနေထိုင်သည့် နမ့်ခမ်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအုပ်စု ၄၃ စုရှိပြီး လူဦးရေ တစ်သိန်းနှစ်သောင်းဝန်းကျင် နေထိုင်သည်။

ရွှေလီမြစ်ဝှမ်းဘေး တစ်လျှောက်ရှိ ရှမ်းတိုင်းရင်းသားကျေးရွာများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်နေပြီး အဆိုပါ ကျေးရွာဒေသခံများသည် စပါး၊ ပြောင်းနှင့် ဟင်းသီးဟင်းရွက်များအား အဓိကထား စိုက်ပျိုး၍ တရုတ်နိုင်ငံသို့ တင်ပို့ကြသည်။

တောင်ပေါ်ကျေးရွာများတွင် နေထိုင်သည့် တအာင်း (ပလောင်) တိုင်းရင်းသားများသည် လက်ဖက်နှင့် မီးသွေးအား အဓိကလုပ်ကိုင်ပြီး တရုတ်ဈေးကွက်ကို အားထားရသည်ဟု ဒေသခံများက ဆိုသည်။

တရုတ်ဘက်မှ နယ်စပ်ဂိတ်အား ပိတ်ထားသည့်ကာလအတွင်း တရုတ်နိုင်ငံသို့ ဒေသထွက်ကုန်များ မရောင်းချနိုင်ခဲ့၍ ဒေသခံများ စီးပွားရေးထိခိုက်ခဲ့ရသည်။

“ဒီဘက်က တရုတ်ကို အားကိုးပြီး စိုက်ကြတာ။ အခုတော့ လယ်ယာထွက်ကုန်တော့ သိပ်မစိုက်နိုင်ကြ တော့ဘူးပေါ့။ စိုက်ရင်လည်း အထားခံတဲ့ စပါးတို့ ပြောင်းတို့ပဲ နည်းနည်းပါစိုက်ကြတာ။ မီးသွေး သမားတွေလည်း ရှုံးတာပဲ” ဟု နမ့်ခမ်းဒေသခံ စိုင်းစံက ပြောသည်။

နမ့်ခမ်းနှင့် တရုတ်နယ်စပ်ကြား ဆက်စပ်နေသည့် ရှမ်းကျေးရွာများအား ယခင်က ကူးလူးသွားလာ နိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် တရုတ်နိုင်ငံဘက်မှ နယ်စပ်ခြံစည်းရိုးများ ခတ်ခဲ့သဖြင့် တရားဝင် ဂိတ်ပေါက်များကိုသာ ဒေသခံများက အားထားခဲ့ရသည်။

နယ်စပ်ဂိတ် ပိတ်ခံရပြီးနောက်ပိုင်း နမ့်ခမ်းဒေသခံအများစု စိုက်ပျိုးရေးအလုပ်အား စွန့်၍ မူဆယ်၏ တစ်ဖက်ခြမ်း တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်း သယ်ယူသည့်အလုပ်များကို ပြောင်းလဲလုပ်ကိုင် နေကြရသည်ဟု ဒေသခံများထံက သိရသည်။

၁၀၂၇ စစ်ဆင်ရေးတွင် နမ့်ခမ်းမြို့အား TNLA တပ်ဖွဲ့က သိမ်းပိုက်ထားပြီး နမ့်ခမ်းနှင့် မိုင် ၂၀ အကွာ မူဆယ်မြို့အား စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်-မြန်မာနယ်စပ် လူအဝင်အထွက် ပြုလုပ်နေသည့် မူဆယ်မြို့ နန်းတော်ဂိတ်ပေါက်အရှေ့ မြင်ကွင်း။ (ဓာတ်ပုံ-Myanmar Now)

မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်ရန် ဖိအားပေးသည့်အနေဖြင့် တရုတ်အစိုးရက နယ်စပ်စခန်းများမှ ကုန်တင်ပို့မှုများအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် စတင်ပိတ်ဆို့ခဲ့သည်။

စစ်ကော်မရှင်နှင့် ကိုးကန့်တပ် (MNDAA) တို့ ယခုနှစ် ဇန်နဝါရီလတွင် အပစ်ရပ်ပြီးနောက် ကိုးကန့်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင် နယ်စပ်ဂိတ်များအား တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့သည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မူဆယ်နယ်စပ်အနီး နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါသည့် ကျင်စန်းကျော့ဂိတ်ကိုလည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ပြန်ဖွင့်ပေးခဲ့သည်။

သို့သော်လည်း မူဆယ်မြို့ပေါ်ရှိ နယ်စပ်ဂိတ်များမှ ကုန်စည်သယ်ဆောင်ခွင့်အား တရုတ်အစိုးရနှင့် စစ်ကော်မရှင်ဘက်က ဆက်လက်ကန့်သတ်ထားသည်ဟု မူဆယ်မြို့ခံများထံက သိရသည်။

“တခြား နယ်စပ်ဂိတ်တွေက အတော်အဆင်ပြေလာပြီ။ မူဆယ်မြို့ပေါ်မှာပဲ ပြဿနာတက်နေတာ။ ဘာပစ္စည်းမှ မရတာ” ဟု မူဆယ်မြို့ခံ တစ်ဦးက ပြောသည်။

စစ်ကော်မရှင် ထိန်းချုပ်ရာ မူဆယ်မြို့ပေါ်တွင် မြို့ပေါ်ရပ်ကွက် ကိုးခုနှင့် ကျေးရွာအုပ်စု ၆၃ စုရှိပြီး လူဦးရေ တစ်သိန်းလေးသောင်း ဝန်းကျင် နေထိုင်သည်။

ရှမ်း၊ ကချင်၊ ဗမာနှင့် တအာင်း (ပလောင်) တိုင်းရင်းသားအများစု နေထိုင်သည့် မူဆယ်မြို့သည် နယ်စပ် စီးပွားရေးမြို့ဖြစ်၍ ရွှေ့ပြောင်းလုပ်သားအများစု အခြေချကြသည်။ ဒေသခံများသည် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်ဟု မြို့ခံများထံမှ သိရသည်။

မူဆယ်မြို့တွင် နန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ် စသည့် တရုတ်နှင့် ဆက်စပ်သည့် နယ်စပ်ဂိတ် သုံးခုရှိသည်။ 

မန့်ဝိန်းဂိတ်သည် နှစ်နိုင်ငံကြား ကုန်ကားများ ကုန်ဖလှယ်မှုအတွက် အဓိက အသုံးပြုသည့်နေရာဖြစ်ပြီး၊ ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်များသည် တစ်ပိုင်တစ်နိုင် ကုန်သယ်ခွင့်နှင့် လူဝင်လူထွက်အတွက်သာ ခွင့်ပြုသည်။

မန့်ဝိန်းဂိတ်မှ နှစ်နိုင်ငံ အစိုးရဌာနဆိုင်ရာများအတွက် အသုံးပြုမည့် ကုန်ပစ္စည်းတင်သည့် ကုန်ကားများ တစ်ခါတစ်ရံ ဝင်ထွက်သော်လည်း ကုန်ပစ္စည်း တရားဝင်သယ်ဆောင်ခွင့် မရသေးဟု ဒေသခံများက ပြောသည်။ ဆင်ဖြူပေါက်တွင်လည်း တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းများကိုပင် ခွင့်မပြုကြောင်း ကုန်သည်များထံက သိရသည်။

“လျှပ်စစ်ပစ္စည်းဘာညာ ပါလာရင် တရုတ်က သူတို့ထဲကို ပြန်မောင်းထုတ်တယ်။ ဖမ်းတော့ မဖမ်းဘူး ။ တခြားပစ္စည်းတွေလည်း အများကြီးပေးမသယ်ဘူး။ တရုတ်ကနေ ထွက်လာရင်လည်း မြန်မာဘက်မှာ စောင့်ပြီး ဖမ်းနေတာ။ ပစ္စည်းများရင် သိမ်းသွားတယ်” ဟု ကိုယ်တိုင် ကြုံခဲ့ရသည့် မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ္စည်းများအား တရားမဝင်ကုန်စည်အဖြစ် သတ်မှတ်ပြီး မူဆယ်အာဏာပိုင်များက လေလံတင်ပြန်ရောင်းသည်ဟု ဆိုသည်။

“ပေါက်ဈေးကို တရုတ်ဝက်ဘ်ဆိုဒ်မှာရှာပြီး အဲဒီဈေးအတိုင်း လေလံတင် ပြန်ရွေးခိုင်းတာ။ ပြီးရင် စီးပွားရေးဘဏ်ကို ငွေသွားသွင်းခိုင်းတယ်” ဟု ကိုယ်တိုင် ကြုံခဲ့ရသည့် အထက်ပါအမျိုးသားက ပြောသည်။

ဆင်ဖြူဂိတ်မှ လွတ်လာသည့် ပစ္စည်းများအား မူဆယ်နှင့် နမ့်ခမ်းမြို့ကြားရှိ ပန်ခမ်းတံတားဂိတ်တွင် စစ်ကော်မရှင်တပ်သားများက ထပ်မံ စစ်ဆေးသိမ်းယူကြောင်း မူဆယ်မြို့ခံများက ပြောသည်။

“ဟိုပိတ်ဒီပိတ်၊ ဟိုဖမ်းဒီဖမ်းနဲ့ အင်္ကျီတစ်ထည်နှစ်ထည် ရဖို့တောင် အတော်ခက်ပါတယ်ဗျာ” ဟု မူဆယ်မြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။

ထိုသို့ ပိတ်ဆို့ခံထားရမှုကြောင့် မူဆယ်နှင့် နမ့်ခမ်းဒေသ၌ ကုန်ပစ္စည်းဈေးနှုန်းများ နှစ်ဆနီးပါး မြင့်တက်လာသည်ဟု သိရသည်။

“တရုတ်ပြည်မှာ ယွမ်တစ်ရာလောက်ရှိတဲ့ ဆိုလာမီးသီးပေါ့။ ယွမ်တစ်ရာဆို ငါးသောင်းခွဲ ခြောက် သောင်းဝန်းကျင်မလား၊  အဲဒါဆို ဒီမှာ တစ်သိန်းခွဲလောက် ရောင်းမှ အဆင်ပြေတော့တာ။ တခြား စားသောက်ကုန် အထည်လည်း အဲဒီလိုပဲ ဈေးတက်ကုန်တာ” ဟု အထက်ပါမူဆယ်မြို့ခံက ပြောသည်။

ထိုသို့ ကန့်သတ်ဖမ်းဆီးနေခြင်းသည် စစ်ကော်မရှင်၏ တရားမဝင် ကုန်ပစ္စည်းတိုက်ဖျက်ရေး အစီအစဉ် ကြောင့် ဖြစ်သည့်အကြောင်း မူဆယ်မြို့အုပ်ချုပ်ရေး အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မူဆယ်နယ်စပ်ဂိတ်များမှ ကုန်သယ်ခွင့်မရခြင်းကြောင့် တရုတ်နှင့် ကုန်သွယ်လိုသည့် ကုန်သည်ကြီး များအနေဖြင့် ညီနောင်သုံးဖွဲ့ ပူးတွဲထိန်းချုပ်ထားသည့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ခုနစ်မိုင်အကွာရှိ ကျင်စန်းကျော့ဂိတ်နှင့် ကိုးကန့်ဒေသ ချင်းရွှေဟော်နယ်စပ်ဂိတ်များကိုသာ အဓိက အသုံးပြုကြသည်။

ကျင်စန်းကျော့–နမ့်ခမ်း လမ်းကြောင်းအား တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားပြီး လမ်းပန်း ဆက်သွယ်ရေးနှင့် တော်လှန်ရေးအဖွဲ့များ၏ အခွန်ကောက်ခံမှုများကြောင့် လုပ်ငန်းများ အဆင်မပြေ  ကြောင်း ကုန်သည်များကပြောသည်။ 

ယခုလ ၁၄ ရက်မှ စတင်၍ စစ်ကော်မရှင်ဘက်မှ လားရှိုး–သီပေါလမ်း၊ လားရှိုး–နမ့်လန်– ကျောက်ဂူ လမ်းများမှ ကုန်စည် သယ်ဆောင်ခွင့်နှင့် ခရီးသည် သွားလာခွင့်ကိုပါ ထပ်မံပိတ်လိုက်သည်။

လားရှိုး–မိုင်းရယ်လမ်းမှ ခရီးသည်များအား သွားလာခွင့်ပြုထားသော်လည်း ကုန်စည်သယ်ဆောင်ခွင့် အားလုံး ယာယီဖြတ်တောက်ခံထားရသည်ဟု ရှမ်းမြောက် ဒေသခံများထံက သိရသည်။

Related Articles

Back to top button