အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကုန်စည်ပိတ်ဆို့သည့် တရုတ်ဖိအားနှင့်ဆက်လက်ရင်ဆိုင်နေရကြောင်း TNLA ပြော

မြို့ ၅ မြို့ကို ပြန်ပေးရန်တောင်းဆိုသော စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကုန်စည်ကန့်သတ်သည့် တရုတ်၏ ဖိအားကိုဆက်လက်ရင်ဆိုင်နေရကြောင်း TNLA က ဆိုသည်

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် တရုတ်က ဖိအားဆက်ပေးနေပြီး တအာင်းတပ်(TNLA) ထိန်းချုပ်နယ်မြေအတွင်း ကုန်စည်ကန့်သတ်မှုများလည်း ဆက်လုပ်ထားသည်ဟု TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီးတားပန်လက ပြောသည်။ 

ပြီးခဲ့သည့် ဧပြီလတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ ကိုးကန့်တပ် (MNDAA) ဆုတ်ခွာသွားပြီးနောက် တရုတ်က နယ်စပ်ဂိတ်များကို ပြန်ဖွင့်ပေးသော်လည်း TNLA ထိန်းချုပ်နယ်စပ်ဂိတ်များနှင့် နှစ်ဖက်ကုန်စည် ရောင်းဝယ်မှုများကို ကန့်သတ်ထားသည်ဟု ဗိုလ်မှူးကြီးတားပန်လက ဆိုသည်။

“အထူးသဖြင့်တော့ အိမ်းနီးချင်းဘက်ကတော့ လောလောဆယ်ကတော့ ပိတ်ထားတဲ့နယ်စပ်ဂိတ်တွေ ပြန်လည်ပြီးမှ ဖွင့်ပေးတာမျိုးတွေမရှိသေးဘူး။ ကျွန်တော်တို့ လူထုတွေ နေ့တိုင်းသွားလာပြီးမှ အရောင်းဝယ်တွေလုပ်လို့ရအောင် သိသိသာသာဖွင့်လှစ်ပေးတာမျိုးတွေတော့မရှိသေးဘူး” ဟု ၎င်းက ယမန်နေ့ မေ ၂၈ ရက် သတင်းထောက်များနှင့် အွန်လိုင်းမှတွေ့ဆုံစဉ် ပြောဆိုသည်။ 

၂၀၂၃ အောက်တိုဘာက စတင်သည့် “၁၀၂၇ စစ်ဆင်ရေး” နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းမြောက်မှနမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့နှင့် နမ့်ဆန်မြို့များကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က သိမ်းပိုက်နိုင်ခဲ့ပြီး ထိန်းချုပ်နယ်မြေအဖြစ် အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဧပြီ ၂၈၊ ၂၉ ရက်က ပြုလုပ်သည့်ဆွေးနွေးပွဲတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့များကို စစ်ကောင်စီက ပြန်ပေးရန် တောင်းဆိုထားသော်လည်း TNLA က ပယ်ချထားပြီး ထိုဆုံးဖြတ်ချက်မှာ မပြောင်းမလဲတည်ရှိနေကြောင်း ဗိုလ်မှူးကြီးတားပန်လ ထပ်လောင်းပြောဆိုသည်။

အခြားတစ်ဖက်တွင်မူ စစ်ကောင်စီနှင့် အိမ်နီးချင်းတရုတ်တို့က နှစ်ဖက်ညှပ်ပိတ်၍ TNLA ထိန်းချုပ်နယ်မြေများသို့ ကုန်စည်၊ စက်သုံးဆီ၊ ဆေးဝါးနှင့် လူသုံးကုန်များဖြတ်တောက်ထားသည်။ စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။ 

နှစ်ဖက်ညှပ်ကုန်စည်ပိတ်ဆို့မှုကို ၂၀၂၄ နှစ်ဆန်းပိုင်းတွင် စစ်ကောင်စီက စတင်ခဲ့ပြီး တရုတ်ကလည်း ထိုနှစ် ဇွန်လတွင် နယ်စပ်ဂိတ်များပိတ်၍ ဖြတ်တောက်ခဲ့သည်။ 

“ကျောင်းဖွင့်နိုင်ဖို့ ကြိုးစားတယ်ဆိုပေမယ့်လည်း ဖြတ်တောက်မှုတွေလုပ်ထားကြတဲ့အတွက် လိုအပ်နေတဲ့ စာရေးကိရိယာတွေမရရှိဘူး။ လူထုတွေ သွားလာနိုင်ဖို့အတွက် စက်ဆီတွေလိုအပ်တယ်။ စက်ဆီတွေ မရရှိဘူး။ ဆေးရုံဆေးခန်းတွေမှာ လူထုတွေကို ကုသဖို့အတွက် ဆေးဝါးတွေလိုအပ်တယ်။ အဲ့ဒါတွေ ရရှိဖို့ အလွန်ပဲခက်ခဲတယ်။ တစ်နှစ်ပတ်လုံးလောက်ရှိပြီ။ ကျပ်တည်းတဲ့ဟာကိုကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းကျော်လွှားနေရပါတယ်” ဟု သူက ပြောသည်။

ရှမ်းမြောက်ရှိ နယ်စပ်ဂိတ်များအနက် မူဆယ်မြို့ပေါ်ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့ကို စစ်တပ်က ထိန်းချုပ်ထားသည်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ်ကို မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ပူးပေါင်းထိန်းချုပ်ထားပြီးချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) တို့ကို ကိုးကန့်တပ်(MNDAA) က ထိန်းချုပ်ထားသည်။

ကန့်သတ်ကုန်စည်များမှလွှဲ၍ ကုန်စည်များပြန်လည်ခွင့်ပြုပေးလာသော်လည်း TNLA ထိန်းချုပ်သည့် နမ့်ခမ်းမြို့တောင်ဘက် ၂ မိုင်အကွာ ရွှေလီမြစ်အနောက်ဘက်ကမ်းရှိ နောင်တောင်းနယ်စပ်ဂိတ်ကို တရုတ်ဘက်က ပိတ်ပင်ထားသည်။ 

မဟာမိတ်သုံးဖွဲ့ပူးပေါင်းထိန်းချုပ်သည့် ၁၀၅ မိုင်ရှိ ကျင်စန်းကျော့ နယ်စပ်ဂိတ်တွင်လည်း တရုတ်အလိုရှိသည့် ကုန်စည်များသာတင်သွင်းခွင့်ပြုထားသည်ဟု နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“TNLA တောင် နမ့်ခမ်းရပြီးတော့ နောင်တောင်းဂိတ်ပေါက်ကို ပိုင်ပြီထင်ပီး သွားထိုင်တာပဲလေ။ တရုတ်က ဖွင့်မှမပေးတဲ့ဟာ။ အခုကြတော့ SSPP (ရှမ်းပြည်တပ်မတော်) ထိုင်ထားတဲ့ မန့်ဟီးရိုးမြို့ ကိုကျတော့ နယ်စပ်ဂိတ်ပြန်ဖွင့်ပေးပြီး နောင်တောင်းကျတော့ဆက်ပိတ်ထားတော့ TNLA ဘက်က စောဒကတက်တယ်” ဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည် ဧပြီလ ဆွေးနွေးပွဲတွင် TNLA ဘက်က ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း ရပ်ဆိုင်းထာရန်နှင့် နှစ်ဖက်ထိန်းချုပ်နယ်မြေများအတွင်ကုန်စည်စီးဆင်းမှုအတွက် ဖြတ်သန်းသွားလာခွင့် ပြုရန်အချက်များ တောင်ဆိုထားသည်ဟု သိရသည်။ 

စစ်ကောင်စီဘက်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နှင့် မန်တုံမြို့နယ်ထိ TNLA တပ်များပြန်လည်ဆုတ်ခွာရန် စစ်တပ်ဘက်က တောင်းဆိုသဖြင့် ဆွေးနွေးမှုရှေ့မဆက်နိုင်ခဲ့ဘဲ လာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူထားသည်ဟု သိရသည်။

လတ်တလောတွင် စစ်ကောင်စီနှင့်အပစ်ရပ်မှု ဆွေးနွေးထားသည်မှာ မြောက်ပိုင်း ၃ ဖွဲ့အနက် ကိုးကန့်တပ် (MNDAA) တစ်တပ်သာရှိပြီး ပြည်နယ်မြောက်ပိုင်း၏မြို့တော် လားရှိုးမှ ဆုတ်ခွာပေးလိုက်ရသည်။ စစ်ကောင်စီက ကျန်မြောက်ပိုင်းအဖွဲ့ဝင် ၂ ဖွဲ့ဖြစ်သောအာရက္ခတပ်တော် (AA) နှင့် တအာင်းတပ် (TNLA) တို့ သိမ်းပိုက်ထိန်းချုပ်ထားသည့်ဒေသများကို လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေသည်။

Related Articles

Back to top button