ချင်းပြည်တောင်ပိုင်းကို မြေပြင်နှင့် ဝေဟင် ထိုးစစ်ဆင်နေသည့်စစ်တပ်က ယမန်နေ့ (ဇွန်လ ၂၉ ရက်)တွင် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် မင်းတပ်မြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အောက် ကလေးငယ် သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မင်းတပ်မြို့နယ် အရှေ့မြောက်ဘက် ရှိန်းကျေးရွာကို ယမန်နေ့ နံနက် ၅ နာရီခွဲတွင် ဗုံးကြဲခဲ့ရာ အသက် ၁၀ နှစ်၊ ရှစ်နှစ်နှင့် ခုနစ်နှစ်အရွယ် မိန်းကလေး သုံးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံများက ဆိုသည်။
“ရွာဘက် (လက်နက်ကိုင်လှုပ်ရှားမှု) ဘာမှ မရှိဘူး။ ဈေးဆိုင်လေးပဲ ရောင်းကြတယ်ကြားတာပဲ။ အဲဒီမှာ ဘာလက်နက်ကိုင်မှ မရှိ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူအချို့လည်းရှိပြီး အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန် Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
မကွေးတိုင်းနှင့်ထိစပ်နေပြီး ရခိုင်ပြည်နယ်အထိ ထိုးဖောက်ရေးအတွက်အရေးပါသည့် ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်တပ်က မေလမှစ၍ မြေပြင်စစ်ကြောင်းထိုးနေရာ ဒေသတွင်း တိုက်ပွဲပြင်းထန်နေသည်။
မြေပြင်ထိုးစစ်သာမက စစ်တပ်က လေကြောင်းပစ်ကူတိုက်ခိုက်မှုများလည်း နေ့စဉ်နီးပါး အပြင်းအထန် လုပ်ဆောင်နေကြောင်း မင်းတပ်နှင့် ကန်ပက်လက်ဒေသခံတို့ကဆိုသည်။
ယမန်နေ့ညနေနှင့် ညပိုင်းတွင် မင်းတပ်မြို့အနီး၊ မြို့အရှေ့ဘက်ခြမ်းတို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“မင်းတပ် အရှေ့ခြမ်းထဲမှာ ကြဲနေတာ တောက်လျှောက်၊ တိုက်ပွဲနေရာတွေ မြေပြင်ရှေ့ဆက်တိုးမရတော့ ဝေဟင်အားကိုးနေတာ၊ အခုနောက်ပိုင်း ရှေ့တန်းမဟုတ်တဲ့နေရာတွေပါ စကြဲနေပြီ”ဟု အထက်ပါ မင်းတပ် ဒေသခံက ပြောသည်။

အလားတူ တိုက်ပွဲပြင်းထန်နေသည့် ကန်ပက်လက်မြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန် ဆိုးရွားလာကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
ဇွန်လ ၁၉ ရက် ညပိုင်းတွင်လည်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ (ရွာဟောင်း)ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် နေရာအား မြေပြင်တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသားသုံးဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မင်းတပ်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနှင့် လေကြောင်းရန်တို့ကြောင့် မြို့ပေါ်နှင့် အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူ ၁၇,၀၀၀ ကျော်သည် နီးစပ်ရာကျေးရွာများနှင့် တောတောင်များထဲ ထွက်ပြေးတိမ်းရှောင် နေရကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်အရေးစီမံခန့်ခွဲရေးကော်မတီထံက သိရသည်။
ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်း၊ တွန်းဇံတို့ကို ပြန်သိမ်းနိုင်ခဲ့သည့် စစ်တပ်သည် ချင်းတော်လှန်ရေး အင်အားစုများထိန်းချုပ်ထားရာ ပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်တို့ကို မကွေးတိုင်းဘက်မှ တဆင့် အင်အား နှစ်ထောင်နီးပါးဖြင့် မေလလယ်မှစ၍ ထိုးစစ်ဆင်သဖြင့် ချင်းတော်လှန်ရေးတပ်များနှင့် မဟာမိတ်များက အပြင်းအထန်ခုခံရာ တိုက်ပွဲများပြင်းထန်နေသည်။
ချင်းပြည်တောင်ပိုင်းကို ထိန်းချုပ်ထားသော ချင်းညီနောင် (CB) တပ်ဖွဲ့များနှင့်အတူ မဟာမိတ် အာရက္ခတပ်တော် (AA) ကလည်း မင်းတပ်နှင့် ကန်ပက်လက်တိုက်ပွဲများတွင် ပါဝင်ကူညီတိုက်ခိုက်နေ သည်။
စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲအလွန်တွင် သမ္မတရာထူးရယူခဲ့သည့် စစ်ခေါင်းဆောင်က ရက် ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်၊ PDF များ လက်နက်ချရန် ထုတ်ပြောထားသည်။ တစ်ဖက်တွင်လည်း လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများပြန်ရရေး ထိုးစစ်အရှိန်မြှင့်ကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ဇွန်လဆန်းတွင်ထုတ်ပြန်သည့် အစီရင်ခံစာအရ မေလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၇ ဦး အနက် အသက် ၁၈ နှစ်အောက် ၁၇ ဦး ပါဝင်သည်။



