အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာတွင် NUG တပ်အချင်းချင်း ပစ်ခတ်စီးနင်းမှု အရပ်သားများအပါအဝင် ၇ ဦးသေ

မုံရွာမြို့နယ်အခြေစိုက် ပလဖ စခန်းအပါအဝင် သုံးနေရာကို PDF ခရိုင်တပ်ရင်းများက ပစ်ခတ်စီးနင်းရာ ပလဖ တာဝန်ခံအပါအဝင် ငါးဦးနှင့် ပြည်သူ နှစ်ဦး သေဆုံးသွားကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးတပ်အချင်းချင်း ဗဟိုမှ ညွှန်ကြားချက် တစုံတရာ မရှိဘဲ ပစ်ခတ်စီးနင်းမှု ယမန်နေ့ (ဇွန်လ ၂၉ ရက်) ညတွင် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၌ ဖြစ်ပွားခဲ့ပြီး အရပ်သားများအပါအဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း  သိရသည်။ 

NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခရိုင် တပ်ရင်းများက ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) စခန်းဟောင်းတစ်ခု၊ တိုက်နယ်စခန်းတစ်ခုနှင့်အရပ်သားများရှိရာ အများပြည်သူဆိုင်ရာ နေရာတစ်ခုတို့ကို စီးနင်းခဲ့ခြင်းဖြစ်သည်ဟု NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီး ဦးကျော်နီက ပြောသည်။ 

“ 5+ လို့ခေါ်တဲ့ တပ်ရင်း ၂၂  ဦးဆောင်တဲ့ တပ်ရင်းတွေက ဝင်စီးတယ်လို့ သိရပါတယ်။ ပလဖ ငါးဦး ပြည်သူ နှစ်ဦးသေဆုံးတယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်”ဟု ဦးကျော်နီက ဆိုသည်။ 

သေဆုံးသည့် ပလဖ တပ်ဖွဲ့ဝင် ငါးဦးတွင် မြို့နယ် ပလဖ တာဝန်ခံ ကိုအာကူးလည်း ပါဝင်ပြီး တိုက်နယ်တာဝန်ခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖမ်းဆီးခံခဲ့ရသူမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပစ်ခတ်စီးနင်းမှုဖြစ်စဉ်နှင့်ပတ်သက်သည့် အခြေအနေအသေးစိတ်ကို Myanmar Now အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ 

အထက်ပါ NUG တပ်အချင်းချင်းစီးနင်းပစ်ခတ်မှုသည် NUG အစိုးရ ဗဟိုမှ ညွှန်ကြားမှု တစုံတရာမရှိဘဲ အကြောင်းအရင်း မသိရသေးကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီးနှင့် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် တို့က အသီးသီးပြောကြသည်။ 

“ဘာကြောင့်ဆိုတာ မသိရသေးပါဘူး။ အထက်ညွှန်ကြားချက်ကြောင့်မဟုတ်တာတော့ သေချာပါတယ်”ဟု  ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီး ဦးကျော်နီက ဆိုသည်။ 

ပစ်ခတ်မှုအတွင်းသေဆုံးသွားသည့် မုံရွာမြို့နယ် ပလဖ တာဝန်ခံ ကိုအာကူး။  (ဓာတ်ပုံ – အာကူး Facebook) )

ဦးနေဘုန်းလတ်ကလည်း “အဆင့်ဆင့်သော စစ်ဌာနတွေရဲ့ညွှန်ကြားချက်နဲ့ လုပ်ဆောင်တာမဟုတ်ဘူးလို့ ကနဦးသိထားပါတယ်”ဟု‌ ပြောသည်။ 

မုံရွာမြို့နယ် ပလဖ စခန်းစီးနင်းခံရမှုနှင့်ပတ်သက်၍ စစ်ရုံးချုပ်က ကိုင်တွယ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးအရေးယူမှုများလုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။ 

ရဲလုပ်ငန်းတာဝန်များဆောင်ရွက်သော ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)သည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အောက်မှဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များသည် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ ဖြစ်သည်။ 

ထိုစီးနင်းမှုနှင့်ပတ်သက်ပြီး မုံရွာခရိုင် တပ်ရင်းတပ်ဖွဲ့အချို့ကို Myanmar Now က ဆက်သွယ်မေးမြန်း ထားဆဲဖြစ်သည်။ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့တို့ကို လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိသေးပါ။ 

PDF တပ်ရင်းတပ်ဖွဲ့များနှင့် မြို့နယ်ပလဖအကြား ပဋိပက္ခအချို့ ရှိခဲ့ပုံရသော်လည်း ၎င်းတို့အနေဖြင့် သိရှိခဲ့ခြင်းမရှိဟု ဦးကျော်နီက ဆိုသည်။ 

“မဖြစ်သင့်တဲ့ကိစ္စပါ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြားမှာ နိုင်ငံရေးရပ်တည်ချက် အားနည်းနေတာကို ဖော်ပြလိုက်တာပါပဲ။ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ထိခိုက်သွားတဲ့ပြည်သူတွေအတွက်လည်း စိတ်မကောင်း ဝမ်းနည်းရပါတယ်။ ကျူးလွန်သူတွေက အစိုးရလက်အောက်က တပ်တွေဖြစ်တဲ့ အတွက် ပြည်သူကိုတောင်းပန်ပါတယ်”ဟု ဦးကျော်နီက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များကို နိုင်ငံရေးအသိစိတ် မြှင့်တင်ပေးရန်လိုအပ်နေသည့်အတွက် အားစိုက်လုပ်ဆောင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ ထိုဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်စေရန် သက်ဆိုင်ရာအဖွဲ့ များနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဦးကျော်နီက ဆက်ပြောသည်။

မကြာသေးခင် ဇွန်လ ၂၆ ရက်တွင်လည်း ယင်းမာပင်ခရိုင်အတွင်း အဆိုပါခရိုင်အမှတ် (၆) တပ်ရင်း တပ်ရင်းမှူးတစ်ဦး ယင်းမာပင်ခရိုင် ကွပ်ကဲရေးရုံးတွင် ပစ်ခတ်သတ်ဖြတ်ခံထားရသည်။ အဆိုပါ ဖြစ်ရပ် အတွက်လည်း NUG က ပစ်ခတ်သူနှင့် ခရိုင်ကွပ်ကဲရေးမှူးတို့ကို ဖမ်းဆီးထားပြီး  စုံစမ်းစစ်ဆေးမှုများ လုပ်နေသည် ဟု ဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button