
အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံသည့် တော်လှန်ရေး ၄ နှစ် ရှိလာချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ထိန်းချုပ်နယ်မြေ ပိုမိုရရှိလာသည်။
စစ်တိုက်နိုင်လာသည်နှင့်အမျှ ပိုရလာသော ထိန်းချုပ်နယ်မြေများတွင် NUG ၏ အုပ်ချုပ်ရေးယန္တရား မည်ကဲ့သို့ လည်ပတ်ပြီး ဥပဒေစိုးမိုးရေးလုပ်ငန်း မည်ကဲ့သို့ ဖော်ဆောင်နေသည်ဆိုသည်မှာ စိတ်ဝင် စားစရာကောင်းသည်။
NUG ထိန်းချုပ်နယ်မြေများရှိ အုပ်ချုပ်ရေးလုပ်ငန်းနှင့် ဥပဒေစိုးမိုးရေးကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အဓိက လုပ်ဆောင်နေခြင်းဖြစ်သည်။
အုပ်ချုပ်ရေးလုပ်ငန်း မည်ကဲ့သို့ ဖော်ဆောင်နေသည်အပါအဝင် ပ သုံးလုံးယန္တရားဟု လူသိများသော ပကဖ၊ ပအဖ၊ ပလဖတို့၏ လုပ်ငန်းတာဝန်အကြောင်း ပိုမိုသိရှိနိုင်ရန် NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီး ဦးလွင်ကိုလတ်ကို Myanmar Now သတင်းထောက် စောရယ်က ပဲခူးတိုင်းထဲရှိ PDF စိုးမိုး နယ်မြေတစ်ခုတွင် သွားရောက်တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ဝန်ကြီး တာဝန်ယူထားတဲ့ဌာနအကြောင်း မိတ်ဆက်တဲ့အနေနဲ့ ပြောပြပေးပါ။
ဖြေ ။ ။ ကျွန်တော်ကတော့ လွင်ကိုလတ်ပါ။ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ NUG မှာတော့ စစ်ရေးနဲ့ပတ်သက်ရင် လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ ဆိုတာ ရှိပါတယ်၊ အဲဒီမှာလည်း ကျွန်တော် အဖွဲ့ဝင်အနေနဲ့ တာဝန်ယူ ဆောင်ရွက်နေပါတယ်။ ဝန်ကြီးဌာနရဲ့ အဓိက တာဝန်ကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေ တည်ဆောက်ဖို့ပေါ့၊ ထိန်းချုပ်နယ်မြေတွေ ရှိလာတဲ့ အပေါ်မှာ အဓိကကျတာတော့ တရားဥပဒေ စိုးမိုးရေး တည်ဆောက်ဖို့ပေါ့၊ အဓိကကျွန်တော်တို့ လုပ်နေပါတယ်။
မေး ။ ။ ဝန်ကြီးဌာနရဲ့အောက်မှာ ဘယ်ဌာနတွေက ဘာတွေလုပ်နေသလဲဆိုတာ ပြောပြပေးပါ။
ဖြေ ။ ။ ဝန်ကြီးဌာနအောက်မှာ နံပါတ် (၁) ကတော့ အုပ်ချုပ်ရေးဦးစီးဌာန ရှိတယ်။ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ရှိတယ်။ ရဲတပ်ဖွဲ့ရှိတယ်။ ရဲတပ်ဖွဲ့အောက်မှာတော့ အကြမ်းဖက် တိုက်ဖျက်ရေး ဦးစီးဌာနဆိုတာရှိတယ်။ နောက်ပြီးတော့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ဗဟိုကော်မတီ တစ်ခု ရှိတယ်ပေါ့။ ဖက်ဒရယ်ရဲတပ်ဖွဲ့ဆိုပြီးတော့ Branch သုံးခုနဲ့ သွားနေတာရှိတယ်။ နောက်တစ်ခုကတော့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့အပိုင်းပေါ့။ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ရှိမယ်။ နောက်တစ်ခု က BSI ဆိုပြီးတော့ ထောက်လှမ်းရေးအဖွဲ့ လှုပ်ရှားနေတာရှိပါတယ်။

မေး ။ ။ အုပ်ချုပ်ရေးနဲ့ပတ်သက်ရင် ဘာတွေလုပ်နေပါသလဲ။
ဖြေ ။ ။ အုပ်ချုပ်ရေးနဲ့ပတ်သက်ရင် ကျွန်တော်တို့ကတော့ တိုက်မယ်၊ ထိန်းသိမ်းမယ်၊ ပြီးရင် အုပ်ချုပ်ရေး အကောင်အထည်ဖော်မယ် ဆိုပြီး အဆင့် ၃ ဆင့်နဲ့သွားပါတယ်။ အရေးကြီးဆုံးကတော့ စစ်ရေးကိစ္စပေါ့။ စစ်ရေးအရ နယ်မြေထိန်းချုပ်မှုတွေ ရလာတယ်၊ မြို့ရွာတွေ ထိန်းချုပ်မှုရလာပြီ ဆိုရင်တော့ အုပ်ချုပ်ရေးတည်ဆောက်တဲ့အပိုင်းကို သွားတယ်။ အုပ်ချုပ်ရေးတည်ဆောက်တယ် ဆိုတာကလည်း ချက်ချင်းတည်ဆောက်လို့တော့ မရဘူးပေါ့။ နယ်မြေထိန်းချုပ်မှုတွေတည်ငြိမ်မှ အုပ်ချုပ်ရေးကို တည်ဆောက်နိုင်တာ။ ဒါကြောင့်မို့ အုပ်ချုပ်ရေးပုံသဏ္ဌာန်က ကနဦး ပေါင်းစပ်တဲ့ အရေးပေါ်အုပ်ချုပ်ရေးကို သွားရတယ်။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လိုအပ်တဲ့ဝန်ကြီးဌာနတွေ ပေါင်းစပ်ပြီးတော့ အရေးပေါ်အုပ်ချုပ်ရေးဖွဲ့တယ်။ အရေးပေါ်အုပ်ချုပ်ရေးနဲ့ တည်ငြိမ်မှုရှိလာပြီ ဆိုရင် ပြည်သူ့အုပ်ချုပ်ရေးသွားတယ်။ ဒီလို ၂ ဆင့်နဲ့ သွားနေရတဲ့အခြေအနေပေါ့။
အခုချိန်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ကျွန်တော်တို့ လက်မခံဘူး။ တော်လှန်ရေး စကတည်းက ပြည်သူလူထုက စစ်ကောင်စီအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ ကြွေးကြော်သံနဲ့ လူထုတော် လှန်ရေးက သွားခဲ့တာကိုး။ တကယ်တော့ ကျွန်တော်တို့က ဒီဟာကို လက်တွေ့အကောင်အထည် ဖော်တာပဲ။
တစ်အချက် စစ်ကောင်စီအုပ်ချုပ်ရေး ကျွန်တော်တို့ လက်မခံဘူး။ စစ်ကောင်စီအုပ်ချုပ်ရေး တည် မရဘူး။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ကြိုးစားတယ်။ ပြီးရင် ကျွန်တော်တို့ အုပ်ချုပ်ရေး အစားထိုး တယ်။ အုပ်ချုပ်ရေး အစားထိုးတဲ့နေရာမှာလည်း ပြည်သူကို အခြေခံတဲ့ အုပ်ချုပ်ရေးပုံစံမျိုး သွားတာပေါ့။
ကျွန်တော်တို့ သိတဲ့အတိုင်းပဲ ပထမဆိုရင် ပအဖတွေ (ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေ) ဖွဲ့ကြတယ်။ ပအဖတွေကို တချို့တွေက နားလည်မှု လွဲနေတာ။ ပအဖကို NUG က ဖွဲ့ပေးတယ်ဆိုပြီးတော့။ အမှန်က ပအဖတွေက NUG ထက်တောင် စောသေးတယ်။ တော်လှန်ရေးလှုပ်ရှားမှု အစမှာကလည်းက၊ လူထု လှုပ်ရှားမှုတွေ ပေါ်နေကတည်းက ကိုယ့်ရပ်ကိုယ့်ရွာကို လုံခြုံရေးတာဝန်ယူမယ်ဆိုပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို CRPH (ပြည်ထောင် စုလွှတ်တော် ကိုယ်စားပြုကော်မတီ)ကနေ စပြီး ဖွဲ့ပေးခဲ့တာ ။ အဲဒါတွေ ပြီးတော့မှ NUG ပေါ်လာတယ်။ NUG ပေါ်လာတော့လည်း ကျွန်တော်တို့က အုပ်ချုပ်ရေး ချက်ချင်းမတည်နိုင်ဘူး။ စစ်ရေးအရ နယ်မြေ တွေ တည်ဆောက်လာနိုင်ပြီးမှ ကျေးရွာ တွေ ထိန်းချုပ်လာနိုင်ပြီးမှ အုပ်ချုပ်ရေးကို တည်ကြရတာ။ အဲဒီအုပ်ချုပ်ရေးက ဆက်စပ်မှုရှိတယ်။
ပြောချင်တာက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက မူလလူထုလှုပ်ရှားမှုပေါ်ပေါက်လာတဲ့အဖွဲ့တွေကိုပဲ ကျွန်တော်တို့က အုပ်ချုပ်ရေးလုပ်ငန်းလမ်းညွှန်လက်စွဲကို Develop လုပ်ပြီးတော့မှ အဲဒီထဲကနေ ပြန်တည်ဆောက်တာ။ ဒါကြောင့် အုပ်ချုပ်ရေး သွားနေတဲ့ပုံစံက တချို့က ဗဟိုကနေ သွားနေတယ်လို့ ထင်တယ်။ မဟုတ်ဘူး၊ ဗဟိုက ပေါ်လစီနဲ့ မူကိုပဲ ချပြီးသွားတာ။ ဖွဲ့စည်းမှုပုံသဏ္ဌာန်က ရှိပြီးသား အုပ်ချုပ်ရေးတွေကို ပေါ်လစီနဲ့ မူကပ်တာပေါ့။ အဲဒီလိုပြန်တည်ပြီး အုပ်ချုပ်ရေးသွားနေရတာပေါ့။
အဲဒီတော့ အုပ်ချုပ်ရေးနဲ့ပတ်သက်ရင် ကျွန်တော်တို့မှာ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်မှုကော်မတီရှိတယ်။ အဲဒီကော်မတီမှာ ဝန်ကြီးချုပ်ကြီး (မန်းဝင်းခိုင်သန်း) က ဥက္ကဋ္ဌအနေနဲ့ ဦးဆောင်တယ်။ ကျွန်တော်က ဒုဥက္ကဋ္ဌအနေနဲ့ ဝန်ကြီးဌာန အားလုံးနီးပါးပါတယ်။ ပါပြီးတော့ အုပ်ချုပ်ရေးကိစ္စတွေ စလုပ်တာပေါ့။ ဒါက ဘယ်အခြေခံပေါ်မှာလုပ်သလဲဆိုရင် ဖက်ဒရယ်ဒီမိုကရေစီချာတာရဲ့ အစိတ်အပိုင်း ၂ အပေါ်မှာ အခြေခံပြီးလုပ်တယ်။ အဲဒါပြီးရင် အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းလမ်းညွှန်ပေါ့။ အဲဒါကို အခြေခံပြီး အုပ်ချုပ်ရေး တည်ဆောက်တာတွေ လုပ်နေရတာပေါ့။ အုပ်ချုပ်ရေးတည်ဆောက်ပြီဆိုရင် အရေးကြီးဆုံးက လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စပေါ့။ အဲဒီဟာကို သေသေချာချာလုပ်နိုင်ပြီ။ ပြည်သူကို ထိုက်သင့်တဲ့ ကာကွယ်မှု လုံခြုံမှု ပေးနိုင်ပြီဆိုရင် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်တွေပေါ့။
ဒီဟာကလည်း ကျွန်တော်တို့ မလုပ်လို့မရဘူး။ ဘာကြောင့်လဲဆိုရင် တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် ဘဏ္ဍာငွေ လိုအပ်ချက်ရှိတယ်။ ဘဏ္ဍာငွေလိုအပ်ချက်နဲ့ ပတ်သက်ရင် ရှေ့ပိုင်းမှာတော့ ပြည်သူက တောက်လျှောက်ထည့်ဝင်တဲ့ ရန်ပုံငွေတွေ၊ အလှူငွေတွေ၊ စီမံဘဏ္ဍာဘက်က Bonds တွေ၊ Early Program တွေကနေ ဖြည့်ဆည်းတာတွေလုပ်တယ်။ အဲဒီနောက်ပိုင်း စစ်ကိုင်းတိုင်းအုပ်ချုပ်မှု တည်ဆောက်တဲ့အခါမှာ စစ်ကိုင်းတိုင်းကနေပြီးတော့ သက်ဆိုင်တဲ့ အခွန်ဒဏ်ကြေးတွေရတယ်ပေါ့။ အဲဒီဒဏ်ကြေးတွေနဲ့ အုပ်ချုပ်ရေးလည်း လည်ပတ်တယ်။ စစ်ရေး၊ ကာကွယ်ရေးကိုလည်း သွားနေတာ ရှိတယ်။ ဒါက အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး လတ်တလော ဆောင်ရွက်နေတာတွေပေါ့။
မေး ။ ။ NUG က အုပ်ချုပ်ရေးကို ဘယ်ဒေသတွေမှာ လုပ်ဆောင်နေပါသလဲ။
ဖြေ ။ ။ စစ်ကိုင်းတိုင်းကတော့ ခရိုင်အားလုံးမှာ အုပ်ချုပ်ရေး တည်ဆောက်နိုင်တဲ့ အနေအထား ရှိတယ်။ ပြီးရင် မကွေးတိုင်းပေါ့။ မကွေးတိုင်းဆိုရင်လည်း တစ်ဝက်လောက်က တည်ဆောက်နိုင် တယ်။ အုပ်ချုပ်ရေးနဲ့ပတ်သက်ရင် နှစ်ခုရှိတာပေါ့။ တစ်ခုကတော့ လက်ရှိ အုပ်ချုပ်ရေး တည်ဆောက်ဖို့အတွက် ပအဖတွေနဲ့ လုပ်နေတဲ့အပိုင်းရှိတယ်။ ဥပမာ – စစ်ကိုင်းတိုင်း ထဲက မြို့နယ်တွေတော်တော်များများဆိုရင်တော့ မြို့ကြီးတွေကိုတော့ ဝိုင်းပတ်ထားတယ်။ ထိန်းချုပ် ထားတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် တချို့မြို့ကြီးတွေထဲအထိ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့ တွေ နေနေ ပြီ။ ကျွန်တော်တို့ ထိန်းချုပ်ထားပြီးပြီ။ မြို့ကို ကျွန်တော်တို့ မသိမ်းဘူးဆိုတာက မြို့ကို ကျွန်တော်တို့ စစ်ရေးအရ သိမ်းလိုက်ရင် ပြည်သူ အရမ်းနာလွန်းလို့ ။ ဒါကြောင့်မို့မြို့ပတ်ချာလည်ကို ဝိုင်းပတ် ထိန်းချုပ်ထားပြီးတော့ မြို့တွင်းမှာလည်း ကျွန်တော်တို့ အုပ်ချုပ်ရေး တည်ဆောက်နေတယ်။ အဲဒီပုံစံနဲ့ ကျွန်တော်တို့ သွားနေတာရှိတယ်။ လက်တွေ့အုပ်ချုပ်ရေးတည်ဆောက်နေနိုင်တဲ့ မြို့တွေက အုပ်ချုပ်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ ချမှတ်ထားတဲ့မူတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လည်ပတ်ခိုင်းထားပြီ။
နောက်တစ်ခုက ကျွန်တော်တို့ ထိန်းချုပ်ဖို့ စီစဉ်ထားတဲ့ နယ်မြေတွေ၊ မြို့တွေရှိတယ်။ အဲဒီအတွက်ကို လည်း ပအဖတွေ ကြိုတင်ဖွဲ့စည်းထားပြီးသား။ သူတို့က လက်တွေ့အုပ်ချုပ်မှုကို မလုပ်သေးဘူး ဆိုပေမဲ့လည်း တကယ်ထိန်းချုပ်လို့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်လာနိုင်တဲ့ အခါမှာ အသားကျနေဖို့လိုအပ်တာပေါ့။ ဒါကြောင့်မို့ သူတို့ကို မူတွေ၊ ပေါ်လစီတွေ၊ လုပ်ထုံးလုပ်နည်း တွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ပြန်ပြီးတော့ မျှဝေရင်း လုပ်နေတာရှိတယ်။
တခြားမြို့နယ်တွေနဲ့အတူတူအစည်းအဝေး ထိုင်နေရင်းနဲ့ တခြားမြို့နယ်တွေရဲ့ သင်ခန်းစာတွေကို လည်း သူတို့ကို ယူခိုင်းနေတာရှိတယ်။ သူတို့နယ်မြေတွေကို သူတို့ထိန်းချုပ်လို့ ရလာပြီဆိုရင် အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး အဆင်သင့်ဖြစ်အောင်လို့ ကျွန်တော်တို့ ပြင်ဆင်နေတာပေါ့။ အဲဒီလို ၂ ပိုင်းနဲ့တော့ သွားတယ်။
မေးခွန်းကို ဖြေရရင် စစ်ကိုင်းတိုင်း ရာခိုင်နှုန်းတော်တော်များများကို ကျွန်တော်တို့ ထိန်းချုပ်ပြီးတော့ အုပ်ချုပ်ရေး လည်ပတ်နေပြီ။ မကွေးတိုင်း လည်ပတ်နေပြီ။ တနင်္သာရီမှာ ၃ မြို့နယ်လောက် လက်တွေ့ အုပ်ချုပ်ရေးလည်ပတ်နေပြီ။
ကျန်တဲ့ တိုင်းတွေအကုန်လုံးမှာတော့ ပအဖ အဖွဲ့တွေရှိတယ်။ ပြင်ဆင်ထားပြီးသား။ မူနဲ့ လုပ်ထုံး လုပ်နည်းတွေ အဆင်သင့်လုပ်ထားတာရှိတယ်။ ရန်ကုန်တိုင်းလည်း ရှိတယ်။ သို့သော်လည်း ရန်ကုန်က ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့နယ်မြေ မဟုတ်ဘူး။ ဒါပေမယ့် ပအဖတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့ လမ်းညွှန်မှုရှိတယ်။ အုပ်ချုပ်ရေး လုပ်ငန်းစဉ်သည် တော်လှန်ရေးကို အထောက်အကူ ဖြစ်ရမယ်။ တော်လှန်ရေးရဲ့ လောလောဆယ်တပ်ဦးဖြစ်နေတဲ့ စစ်ရေးနဲ့ လူထုလှုပ်ရှားမှုကို အထောက် အကူဖြစ်တဲ့ အုပ်ချုပ်ရေးမျိုးဖြစ်ရမယ်။ ဒါကိုလည်း ကျွန်တော်တို့က မူတစ်ခုချပြီးသွားနေတာပေါ့။ နယ်မြေထိန်းချုပ်မှုမရသေးပေမယ့် ပအဖတွေဖွဲ့ထားတယ်။ ဒီ ပအဖတွေက တော်လှန်ရေးကို အထောက်အပံ့ဖြစ်တဲ့ လုပ်ငန်းတွေကို သူတို့နည်းသူတို့ဟန်နဲ့ ဆောင်ရွက်သွားနေတာမျိုးတော့ရှိတယ်။
မေး ။ ။ တစ်ဆက်တည်း ဆက်ပြီးမေးချင်တာက ပသုံးလုံး အဖွဲ့တွေရဲ့လုပ်ငန်းတာဝန်တွေက ဘာတွေလဲ။
ဖြေ ။ ။ ပသုံးလုံးကတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ ဆိုပြီး လည်ပတ်ဆောင် ရွက်နေတာ ရှိပါတယ်။ မြို့နယ်တွေရဲ့ အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်နေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ ဆိုတာရှိတယ်။ အဲဒီနောက်မှာမှ ပြည်သူ့လုံခြုံရေးအဖွဲ့ ဆိုတာရှိတယ် ပလဖ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆိုတာရှိတယ်။ ၃ ဖွဲ့ လုံးမှာရှိတဲ့ ခေါင်းဆောင်တွေက ပအဖ ဆိုတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာဆိုရင် ပြည်ထဲရေးကလည်း ပါတယ်။ ကာကွယ်ရေးကလည်း ပါတယ်။ ပကဖက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ ဒုခေါင်းဆောင်အနေနဲ့ ပါတယ်။ အဲဒီမှာမှ လုံခြုံရေးလုပ်ဖို့ အတွက် ပလဖ ဆိုတာ ရှိတယ်ပေါ့။ ဒါပေမယ့် သူတို့က ပအဖ ဆိုတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ်နဲ့ အတူတူပါနေကြတယ်။
ဒီနေရာမှာ တစ်ခုတော့ရှိတာပေါ့။ ခြုံငုံကွပ်ကဲတဲ့ ဝန်ကြီးဌာနချင်းတော့ မတူဘူး။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆိုရင်တော့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က Command နဲ့ သွားတယ်။ သို့သော် သူတို့ သည် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို လုပ်တဲ့အခါမှာ လိုအပ်တဲ့ လုံခြုံရေး၊ ကာကွယ်ရေး ကြတော့ ပွင့်ပွင့်လင်းလင်းပြောရရင် လက်နက်တပ်ဆင်မှုအပိုင်းတွေမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက အားနည်းတယ်။ အဲဒီတော့ PDF တို့၊ ပကဖတို့ကိုပဲ ကျွန်တော်တို့က အားပြုရတာပေါ့။ အဲဒါကြောင့်မို့ ကျွန်တော်တို့က ဒီအဖွဲ့တွေကို ပအဖထဲကို ပေါင်းစပ်ပြီးထည့်တာ။

ပြည်သူအများစုသိတာက ပကဖ၊ ပအဖ၊ ပလဖ ဆိုပြီးသိတယ်။ ဒါပေမယ့် တခြားအဖွဲ့တွေ ရှိသေးတယ်။ တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်တဲ့အဖွဲ့တွေရှိတယ်။ သဘာဝ သယံဇာတတွေကို တော်လှန်ရေးကာလမှာ လက်လွတ်စပယ်မလုပ်အောင်ဆိုပြီး မြို့နယ်အလိုက်မှာ မြို့နယ်သယံဇာတ စီမံခန့်ခွဲရေးကော်မတီတွေရှိတယ်။ တရားစီရင်ရေးနဲ့ပတ်သက်တဲ့ အဖွဲ့တွေရှိတယ်။ အများစု လူထုနဲ့ ထိတွေ့နေရတာက ပသုံးလုံးအဖွဲ့တွေများတယ်ပေါ့။ အဲဒီတော့ မူတွေနဲ့ ပတ်သက်လို့ရှိရင်တော့ ကျွန်တော်တို့ ကြားကာလဗဟိုကော်မတီရဲ့ လုပ်ငန်းလမ်းညွှန်ချက်အတိုင်းပဲ သူတို့ လိုက်ပါ ဆောင်ရွက်ရတယ်။ ဥပမာ ပကဖ ဆိုရင် စစ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်လည်း သူ လုပ်ရတယ်။ ဒေသကာကွယ်ရေးကိစ္စပေါ့။
အဲဒီကာကွယ်ရေးကိစ္စတွေ လုပ်တဲ့အခါကျရင် ကာကွယ်ရေးဝန်ကြီးဌာနရှိတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနအောက် ပေါင်းစပ်မှုမှာ စစ်ဒေသဆိုတာရှိတယ်။ စစ်ဒေသအောက်မှာ ခရိုင်ပေါင်းစပ်ကွပ်ကဲရေး ဆိုတာ ရှိတယ်။ အဲဒီကွပ်ကဲမှုအဆင့်ဆင့်နဲ့ ပကဖတွေက ကာကွယ်ရေးဆိုင်ရာ လုပ်တယ်။ ပကဖ တွေက အုပ်ချုပ်ရေးမှာပါတယ် ဆိုတာကတော့ စောနကပြောသလို လုံခြုံရေး၊ နယ်မြေ တည်ငြိမ်ရေးမှာ ပလဖတွေရဲ့ အင်အားနဲ့ လုံလောက်တဲ့ အကာအကွယ် ပြည်သူကို မပေးနိုင်ဘူး၊ အဲဒီအတွက် ပကဖတွေကို အုပ်ချုပ်ရေးဆိုင်ရာ တွဲပေးထားတဲ့ သဘောပဲ။
မေး ။ ။ ဝန်ကြီးပြောသလို ပကဖ၊ ပအဖ၊ ပလဖ တွေကို ဗဟိုက ခန့်အပ်တာမဟုတ်ဘူးဆိုရင် သူတို့ကို ဘယ်လိုခန့်အပ်သလဲ။
ဖြေ ။ ။ ပအဖတွေနဲ့ပတ်သက်ရင် စောစောက သူတို့ရဲ့ ဖြစ်တည်မှု ပြောပြီးပြီပေါ့။ CRPH ဖွဲ့တုန်း ကတော့ လူထုက သူတို့ထဲမှာပဲ ရွေးချယ်ပြီးဖွဲ့ကြတာ။ အဲဒီနောက်ပိုင်းမှာ NUG က ပအဖလက်စွဲ လုပ်လိုက်တယ်။ လက်စွဲမှာပါတဲ့ ရွေးချယ်မှု ပုံသဏ္ဌာန်က … တစ်အချက် မြေပြင်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သူတို့သည် ဒီဟာတွေ အကောင်အထည် ပေါ်အောင် လုပ်ရမဲ့ တာဝန် ရှိတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေက Role ၂ ခုရှိတယ်လို့ မြင်လို့ တစ်ခုက ၂၀၂၀ ရွေးကောက်ပွဲကနေ ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍရှိတယ်။ တစ်ဖက် မှာလည်း သူတို့မှာ တော်လှန်ရေးတာဝန်ရှိလာတယ်။ တော်လှန်ရေး တာဝန်အရ သူ့မြို့နယ်ဆိုင်ရာ ကိစ္စရပ်တွေ အကောင်အထည်ဖော်ဖို့ နာယက Role ကနေ လုပ်ဖို့ ရှိလာတယ်ပေါ့။
လွှတ်တော်ကိုယ်စားလှယ်လုပ်လို့ ပအဖ ခေါင်းဆောင်တန်းဖြစ်ရမယ်ဆိုတဲ့မူ ကျွန်တော်တို့မှာ လုံးဝ မရှိဘူး။ ပအဖ ခေါင်းဆောင်ဖြစ်ဖို့ဆိုရင် ပထမတစ်ဆင့်ရွေးချယ်မှုက အဲဒီမြို့နယ်မှာရှိတဲ့ သပိတ်အဖွဲ့ တွေ၊ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ CDM တွေ၊ နောက်ပြီးတော့ ပကဖ တွေရှိတယ်။ ပကဖတွေ ကလည်း ပအဖတွေ မပေါ်ခင်ကတည်းက ကိုယ့်ဒေသကိုယ် ကာကွယ်ကြမယ်ဆိုပြီးတော့ ဒေသ ကာကွယ်ရေးအဖွဲ့တွေပေါ်ပြီးသား။ ပကဖတွေရယ်၊ မြို့မိမြို့ဖတွေရယ်၊ ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေရယ်၊ ဒီလိုအလွှာ ၅ ခု ပေါင်းစပ်ပြီးမှ ပအဖကို ဖွဲ့စည်းတဲ့ပုံစံ သွားတာပေါ့။
ဘယ်လိုခန့်ကြသလဲဆိုတဲ့နေရာမှာ ပြောရရင် ဒီမိုကရေစီလိုမျိုး၊ အခုလိုစစ်ရေးကာလမှာ မဲနဲ့ ရွေးချယ်တာမျိုးတော့ ကျွန်တော်တို့ ကျင့်သုံးလို့မရသေးဘူး။ အဲဒီလို မရသေးတဲ့အခါမှာ ဘာလုပ်ရသလဲဆိုတော့ သက်ဆိုင်ရာအစုအဖွဲ့ကိုယ်စားပြုမှုနဲ့ပဲ ပအဖကို ဖွဲ့တာပေါ့။
အစုအဖွဲ့ကနေရွေးချယ်ပြီး စာရင်းပေးလာတဲ့လူတွေကိုမှ ကျွန်တော်တို့ NUG က အတည်ပြုပေးပြီး တော့ မူအတိုင်း အလုပ်လုပ်ဖို့သွားတာ။ ဒါကြောင့်မို့ NUG ကနေ တိုက်ရိုက်တန်းခန့်တဲ့လူ ဆိုတာမျိုး မရှိဘူး။ တချို့ဝန်ကြီးဌာနတွေမှာ မြေပြင်ကနေ ခန့်အပ်လိုက်တာနဲ့ မလုံလောက်တာတွေ ရှိတယ်။ ဥပမာ – တရားရေးလိုမျိုးဆိုရင် တရားရေး ကျွမ်းကျင်မှုက လိုအပ်တယ်။ အဲဒီလိုမျိုးအပိုင်းတွေဆိုရင် မဖြစ်မနေပေါ့၊ သူတို့ရွေးချယ်လိုက်တဲ့ လူနဲ့ တရားရေးဝန်ကြီးဌာနက လိုအပ်တဲ့ အရည်အချင်းနဲ့ ပေါင်းစပ်ပြီးတော့ ညှိနှိုင်းခန့်အပ်တဲ့ ပုံစံမျိုးကို ဒီဘက်နောက်ပိုင်းမှာ ပြန်လုပ်လာတယ်။
ပအဖ ခန့်အပ်မှုနဲ့ပတ်သက်ရင် ဒီမိုကရေစီနည်းကျတယ်လို့ လောလောဆယ် တော်လှန်ရေးကာလမှာ ပြောလို့မရဘူး။ သို့သော်လည်း တတ်နိုင်သမျှ အစုအဖွဲ့ကိုယ်စားပြုမှုနဲ့တော့ ကျွန်တော်တို့ စုဖွဲ့ထားတာ ရှိတယ်။ အခုဒီနောက်ပိုင်းမှာတော့ ဘာလုပ်လို့ရလာသလဲဆိုတော့ ရပ်ကျေးပအဖ ရွေးတာတွေကို တော့ ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်တာတွေ ကျွန်တော်တို့ လုပ်နိုင်လာပြီ။ ထိန်းချုပ်လို့ရတဲ့ နယ်မြေ တွေမှာ အားလုံးဖိတ်လိုက်တယ်။ သူတို့ရပ်ကျေးပအဖကို သူတို့ကိုယ်တိုင် ရွေးတဲ့အဆင့်ကို တက်လှမ်း နိုင်နေပြီ။ တကယ်လို့နောက်ပိုင်းမှာ ပိုပြီးတော့ လုပ်နိုင်တယ်ဆိုရင်တော့ မြို့နယ်ပအဖ ရွေးချယ်မှုကို လည်း ဒီပုံစံနဲ့ သွားနိုင်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့်မို့ Fully Elected ပုံစံမျိုးနဲ့တော့ မဟုတ်ဘူး၊ အရမ်းကြီး ဗဟိုကနေ ရွေးချယ်ခန့်အပ်နေတဲ့ပုံစံမျိုးလည်း မဟုတ်ဘူးပေါ့။ မြို့နယ်အင်အားစုတွေက ညှိနှိုင်းတိုင်ပင်ရွေးချယ်ထားတဲ့အပေါ်မှာ NUG က ဖွဲ့ပေးတဲ့ပုံစံနဲ့ ကျွန်တော်တို့သွားနေတယ်။
မေး ။ ။ ပသုံးလုံး ယန္တရားနဲ့ပတ်သက်ရင် တချို့အဆင်မပြေတဲ့ကိစ္စတွေ၊ ပြည်သူလူထုနဲ့ ထိတွေ့တဲ့ အခါမှာ အမှားအယွင်းလုပ်မိတဲ့ ကိစ္စတွေ သတင်းကြားရတာတွေရှိတယ်။ ဒါတွေနဲ့ ပတ်သက်ရင် ဝန်ကြီးတို့အနေနဲ့ ဘယ်လိုမျိုးကိုင်တွယ်နေပါသလဲ။
ဖြေ ။ ။ ပြောရမယ်ဆိုရင် ဒီဥစ္စာက အရမ်းကျယ်ပြန့်တဲ့ကိစ္စ။ တော်လှန်ရေးကာလမှာ ထိန်းချုပ်မှု နယ်မြေတွေ ရလာတဲ့အခါ မဖြစ်မနေ အုပ်ချုပ်မှုလေဟာနယ်ရှိလာတာပေါ့။ အဲဒီလေဟာနယ်ကို ကျွန်တော်တို့ အုပ်ချုပ်ရေးတည်ဆောက်တာ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ အားလုံးက ဘယ်သူမှ အဆင်သင့်ပြင်ဆင်ပြီး ဖြစ်လာတာမဟုတ်ဘူး။ မဟုတ်တဲ့အတွက်ကြောင့် ပေါ်လစီတွေ၊ မူတွေ၊ လုပ်ထုံးလုပ်နည်းတွေက အစပိုင်းမှာ လိုအပ်ချက်ကြီးတယ်။ အဲဒီတော့ ဒေသမှာရှိတဲ့အဖွဲ့တွေ ကလည်း သူတို့ဒေသရဲ့၊ သူတို့မြို့နယ်ရဲ့ ကာကွယ်ရေးဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်တွေ ကို သူတို့ကိုယ်တိုင် လုပ်မှရမယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့သာ ပါလာတာ။ ကျွမ်းကျင်မှုဆိုင်ရာ ကိစ္စရပ်တွေ ကတော့ အားနည်းတယ်။
ဥပမာ ကျွန်တော်တို့က စစ်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းတောင် မတူဘူး။ အုပ်ချုပ်ရေးပိုင်းက ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ပြီး အလုပ် လုပ်ရတာ။ စစ်ရေးကတော့ စစ်မြေပြင်မှာ ရန်သူနဲ့ ထိပ်တိုက် ရင်ဆိုင်မယ်။ သူ့ရဲ့ Code of Conduct နဲ့ Chain of Command နဲ့ အလုပ်လုပ်သွားရင် နိုင်ငံရေးအရ သွားလို့ ရတယ်။ ဒါပေမယ့် လူထုနဲ့တိုက်ရိုက်ထိတွေ့ပြီး ပြည်သူကို ဝန်ဆောင်မှု ပေးနေရတဲ့ အုပ်ချုပ်ရေးကြတော့ ကျင့်သုံးရတဲ့ ဥပဒေတွေကအစ အများကြီးဖြစ်တယ်။ ပြီးတော့ ဥပဒေကို နားလည်ဦးတော့ Procedure (လုပ်ငန်းစဉ်) တွေကို နားလည်ဖို့လိုတယ်။
ဥပမာ – ဒီလုပ်ငန်းစဉ်လေးလွဲသွားတာနဲ့ Corruption (အဂတိလိုက်စားမှု) ဖြစ်သွားတာမျိုး၊ ဘက်လိုက် သွားတဲ့ ပြဿနာမျိုးပေါ့။ တချို့က ဒီလုပ်ထုံးလုပ်နည်းတွေထဲကပဲ အာဏာကို အလွဲသုံးစား လုပ်တယ် ဆိုတာတွေ ဖြစ်တယ်။ တချို့ပအဖတွေကြပြန်တော့လည်း နားမလည်သေးတဲ့ ပြဿနာဗျ။ နားမလည်တော့ လုပ်ထုံးလုပ်နည်းတွေ ကျော်ကုန်တယ်။ ပြည်သူထဲမှာလည်း ဒီအပိုင်းတွေကို နားလည်တဲ့သူတွေအများကြီးဗျ။ အဲဒီကြတော့ ထောက်ပြဝေဖန်တာတွေရှိတယ်။ အဲဒီတော့ ကျွန်တော် ပြောချင်တာက ပအဖ၊ ပသုံးလုံးတည်တဲ့နေရာမှာ ကျွန်တော်တို့ တတ်နိုင်သလောက် ကြားဗဟို (ကြားကာလဗဟိုအုပ်ချုပ်ရေးကော်မတီ) ကနေ လုပ်ငန်းလမ်းညွှန်ရှိတယ်။ လုပ်ထုံး လုပ်နည်းတွေလည်းရှိတယ်။ အခုဆို ကျွန်တော်တို့ ဒီဟာတွေကို နားလည်အောင်လို့ သင်တန်းတွေ လုပ်နေတယ်။ အဲဒီတော့ နောက်ပိုင်းမှာတော့ ပအဖ တာဝန်ခံလုပ်မယ်ဆိုရင် ကျွန်တော်တို့ သတ်မှတ် ထားတဲ့သင်တန်းတွေ မပြီးမြောက်လို့ရှိရင် သူတို့တာဝန်ခံ လုပ်လို့မရဘူး။
နောက်တစ်ခါ ရဲလုပ်ငန်းတွေ၊ တရားဥပဒေစိုးမိုးရေးဆိုရင် ရဲအလုပ်ပါလာပြီ။ ရဲအလုပ် ပိုတောင် ဆိုးသေးတယ်။ ကျွန်တော်တို့က ပြည်သူတစ်ယောက်ကို ဖမ်းချင်တိုင်း ဖမ်းလို့မရဘူး။ ရဲတပ်ဖွဲ့တွေ ဆိုရင် အမြဲသတိပေးတယ်။ ကျွန်တော်တို့ နိုင်ငံအသစ်တည်ဆောက်ဖို့ အခြေခံ အုတ်မြစ်ချနေတာ။ အဲဒီအတွက်ကြောင့်မို့ ရဲလုပ်ငန်းတာဝန်ထမ်းဆောင်တဲ့အခါမှာ ကိုယ့်ရဲ့ပုံရိပ်အသစ်ကို တည်ဆောက် နိုင်ဖို့ လိုတယ်။ ဒါကြောင့်မို့ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ နာကျင်စရာတွေရှိလိမ့်မယ်။ တစ်ခါတစ်ခါ ကျတော့ ဘယ်လောက်ပဲ လက်တွေ့ကျကျဗျာ၊ ဖမ်းချင်တိုင်း ဖမ်းလို့မရတဲ့ ပြဿနာတွေရှိတယ်။ အဲဒီကြားထဲမှာ ရဲလုပ်ငန်းက ပိုပြီးတော့ ပညာပါတယ်။ အဲဒီတော့ အခုကျွန်တော်တို့ CDM ရဲတပ်ဖွဲ့နဲ့ ပလဖတွေကို စတည်ဆောက်နေတုန်း။

ပလဖ ထဲမှာလည်း ဒေသခံလူငယ်တွေကပဲ ပလဖ အဖွဲ့ဝင်အနေနဲ့ လုပ်ကြတော့ သူတို့မှာ ရဲလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ရဲကျင့်ဝတ်တွေ အရမ်းရှုပ်ထွေးတယ်။ ဒါတွေကို သိဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အခုဆိုရင်တော့ ကျွန်တော်တို့ လစဉ်သင်တန်းတွေလုပ်နေတယ်။ ဟိုအရင်ကတော့ အွန်လိုင်းကပဲ လုပ်နိုင်တယ်။ အွန်လိုင်းက လုပ်တာက ထိရောက်မှု နည်းတယ်ပေါ့။ အခုနောက်ပိုင်း တော့ မြေပြင်စိုးမိုးမှု ကောင်းလာတော့ လုံခြုံမှုကောင်းတဲ့နေရာမှာ မြေပြင် ၂ လသင်တန်းတွေ လုပ်တယ်။ ၂ လသင်တန်းလုပ်ပြီးတော့မှ တချို့တာဝန်တွေ ပြန်ချိန်းနေပြီပေါ့။ မဟုတ်ရင် ကျွန်တော် စိုးရိမ်တာက အုပ်ချုပ်ရေးအလုပ်လုပ်တဲ့လူတွေက ထောင်ပြန်ကျသွားမယ့် စိန်ခေါ်မှုတွေ အများကြီး ရှိတယ်။
တချို့ကြတော့ ဘာပြန်ဖြစ်လာသလဲဆိုတော့ အခုနောက်ပိုင်း ကျွန်တော်တို့က စနစ်တကျနဲ့ သေချာ ပြန်လုပ်တော့ တချို့ ပလဖ၊ ပအဖတွေက အသံထွက်လာတယ်၊ သူတို့က တော်လှန်ရေးကို ကိုယ့် ယုံကြည်ချက်နဲ့ကိုယ် ဘာမှ မရဘဲနဲ့ ဘာမှမပါဘဲနဲ့ ဝင်လုပ်တယ်၊ အခုတော့ ကျွန်တော်တို့က လုပ်ရင်း လုပ်ရင်းနဲ့ ကိုယ်ပြန်ပြီးထောင်ကျမယ့် ပုံစံဖြစ်နေတယ်ဆိုပြီး ညည်းတွားမှုတွေရှိတယ်။
တကယ်တော့ ကျွန်တော်တို့လည်း သူတို့ကို အားပေးပါတယ်။ ကျွန်တော်တို့က တော်လှန်ရေးအင်အားစု အားလုံးကို တန်ဖိုးထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်တဲ့အလုပ်တွေက မူနဲ့ ဘောင်နဲ့ ပေါ်လစီနဲ့ ကိုက်ညီအောင် လုပ်ဖို့လိုတယ်။ ပြီးတော့ စစ်ရေးနဲ့ အုပ်ချုပ်ရေးမတူတာက လူထုနဲ့ တိုက်ရိုက်ထိတွေ့နေရတာ။ လူထုကို ဝန်ဆောင်မှုပေးနေရတာပေါ့။ အဲဒီအတွက်ကြောင့်မို့ သေချာတာက သူတို့ကို ကျွန်တော်တို့သွားနေတဲ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေ ဒါတွေကို သူတို့ ကျေညက်အောင်လို့၊ ကျေညက်မှု ကနေ ကျွမ်းကျင်မှုဖြစ်အောင်လို့ ကြိုးစားနေတာရှိတယ်။
ကျွန်တော်တို့ဘက်ကလည်း ပြောရရင် NUG ဘက်ကနေ လိုအပ်ချက်တွေရှိပါတယ်။ မြေပြင်မှာလည်း လုံခြုံရေးဆိုင်ရာ ပြဿနာရှိတယ်။ ဥပမာဗျာ အခု ပလဖတွေအတွက် မြေပြင်မှာ အချုပ်ခန်းတွေ မဖြစ်မနေလုပ်ရတယ်။ အဲဒီအချုပ်ခန်းတွေကို စကစဘက်က သတင်းကြားရင် အချုပ်ခန်းကို ဝင်ပစ်တယ်။ အဲဒီအခါ ပိတ်ထားလို့ သေသွားရင် ကျွန်တော်တို့ တာဝန်ဖြစ်မယ်။ အဲဒီအခါ အရေးပေါ် ဖွင့်ပေးရတယ်။ ဖွင့်ပေးတော့ အကုန်ပြန့်ကြဲပြီး ထွက်ပြေးသွားတော့ အကုန်လုံးကို နောက်ကနေ ချော့ပြီး လိုက်ခေါ်ရတာ။ ပြန်လာကြ ခင်ဗျားတို့။ လောလောဆယ် လက်မှတ်ပြန်ထိုးထား။ ဒီလိုပုံစံနဲ့ဆိုတော့ စစ်ရေးကာလ အုပ်ချုပ်ရေးတည်ဆောက်ရတာ အခက်အခဲအများကြီးရှိတယ်။
ဥပမာ – လက်နက် တပ်ဆင်မှုဆိုရင်လည်း ကာကွယ်ရေးကို ပိုပြီးတပ်ဆင်ရတယ်။ ပလဖဆိုရင် မတပ် ဆင်နိုင်သလောက်ပဲ။ ဒေသပြည်သူလူထုက သူ့ပလဖသူ လုံခြုံရေးလုပ်ဖို့ လက်နက်တပ်ဆင်တာတွေ သွားနေရတယ်။ အဲဒီတော့ အုပ်ချုပ်ရေးဆိုင်ရာ လုံခြုံရေးပိုင်းဆိုင်ရာက ကျွန်တော်တို့က ပေါ်လစီနဲ့ လုပ်ထုံးလုပ်နည်းပိုင်းချမှတ်ပေးပြီးတော့ မြို့နယ်မှာရှိတဲ့ဒေသခံတွေရဲ့ ပူးပေါင်းမှုနဲ့ သွားနေရတဲ့ အခြေအနေပေါ့။
မေး ။ ။ ဝန်ကြီးတို့ဌာနအောက်မှာ ရဲတပ်ဖွဲ့လည်းရှိတော့ သူ့ရဲ့တာဝန် ဝတ္တရားတွေက ဘာတွေလဲ ဆိုတာ ပြောပြပေးလို့ရမလား။
ဖြေ ။ ။ အစကတော့ ရဲတပ်ဖွဲ့နဲ့ ပလဖတွေက လုပ်ငန်းစဉ်တစ်ခုတည်းသွားနေတယ်။ အခုနောက်ပိုင်း တော့ လုပ်ငန်းစဉ်ကို ခွဲထားလိုက်တယ်ပေါ့။ ရဲတပ်ဖွဲ့က ပြည်ထောင်စု ရဲတပ်ဖွဲ့ပုံစံနဲ့ သီးသန့်တာဝန် လုပ်တော့မယ်။ ပြီးရင် ပြည်ထောင်စုဥပဒေတွေ အကောင်အထည်ဖော်တဲ့ ကိစ္စတွေမှာ ရဲတပ်ဖွဲ့ကနေ သွားမယ်ပေါ့။ နောက်တစ်ခုက ပလဖတွေကို ရဲလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ သင်တန်းတွေပေါ့။ သူတို့အဲဒီဟာတွေကို ပြုစုပျိုးထောင်ပေးဖို့သွားမယ်။ နောက်ပြီးရင် အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့၊ ဒါက ရဲတပ်ဖွဲ့ရဲ့အောက်မှာရှိတယ်ပေါ့။ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ပေါ့။ အခုဆိုရင် စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကျွန်တော်တို့ ကြေညာထားတာရှိတယ်။ စစ်ကောင်စီ ဒေါက်တိုင်တွေနဲ့ စစ်ကောင်စီ ဒေါက်တိုင်အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ အရေးယူဆောင်ရွက်နေရတာတွေရှိတယ်။
အဓိက ဒီ ၃ ခုကို ရဲတပ်ဖွဲ့ကနေ သွားမယ်။ အခုမြို့နယ်မှာရှိတဲ့ ပလဖတွေကို ဘာဦးတည်သလဲဆိုရင် ဥပမာ မကွေးတိုင်းတို့၊ စစ်ကိုင်းတိုင်းတို့မှာ တိုင်းအစိုးရတွေပေါ်ပေါက်တဲ့အခါကျရင် ပြည်နယ် ရဲတပ်ဖွဲ့တွေအဖြစ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့တွေအဖြစ် လိုအပ်လာမှာတွေရှိတယ်။ ပလဖ ပြည်သူ့ လုံခြုံရေးအဖွဲ့တွေသည် သူတို့က ဒေသခံအဖွဲ့အစည်းဖြစ်တယ်ပေါ့။ ဖြစ်တဲ့အခါကျတော့ ပေါ်ပေါက် လာတဲ့ တိုင်းအစိုးရပေါ်လာရင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေ လုပ်ဖို့အတွက် တိုင်းနဲ့ ဖက်ဒရယ်ယူနစ်ရဲတပ်ဖွဲ့ဖြစ်အောင် ကျွန်တော်တို့ ဦးတည်ပြီး သွားနေတာပေါ့။
ဒါကြောင့် ချုပ်ပြီး ပြောရရင် လောလောဆယ်ရှိတဲ့ ရဲတပ်ဖွဲ့က ပြည်ထောင်စုရဲတပ်ဖွဲ့အသွင်သဏ္ဌာန်နဲ့ သွားနေတယ်။ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကတော့ တစ်ချိန်မှာ စစ်ကိုင်းတိုင်းရဲ့ ဖက်ဒရယ်ယူနစ် ရဲတပ်ဖွဲ့ အသွင်သဏ္ဌာန်မျိုး ကျွန်တော်တို့ တည်ဆောက်ပြီးတော့ သွားနေပါတယ်။
လုပ်ငန်းပိုင်းဆိုင်ရာတွေက ၂ ခုတော့ ဒီအချိန်မှာ ခွဲလို့မရသေးဘူး၊ ဘာကြောင့်လဲဆိုတော့ ပေါင်းစပ် လုပ်နေရတဲ့ဟာတွေရှိတယ်။ ဥပမာ – အကြမ်းဖက်တိုက်ဖျက်ရေးလို ကိစ္စတွေမှာလည်း ပလဖက သူ့မြို့နယ်နဲ့သူ ကျွမ်းကျင်မှုရှိတယ်။ မြို့နယ်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ကို ပေါင်းတော့ လုပ်နေရသေးတယ်။ အခုအချိန်ကတော့ ကျွန်တော်တို့ ခွဲလိုက်လို့တော့ မရသေးဘူး။ သို့သော်လည်းပဲ လုပ်ငန်းတာဝန်တော့ ကျွန်တော်တို့ ခွဲထားပြီးပြီ။ တိုင်းအစိုးရပေါ်လာရင်တော့ ဒါကို တိုင်းအစိုးရဆီသေချာ လွှဲပြောင်းပေးသွားမယ်ပေါ့။
မေး ။ ။ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကြုံရတဲ့ အခက်အခဲစိန်ခေါ်ချက်တွေကရော ဘာတွေရှိပါသလဲ။
ဖြေ ။ ။ အဓိကတော့ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ရှိရင် ဖက်ဒရယ်ဒီမိုကရေစီ ချာတာမှာတော့ အခြေခံမူသဘောပဲ ဖော်ပြထားတာရှိတယ်ပေါ့။ တကယ်တမ်း အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ဖို့ဆိုရင် အရေးကြီးတဲ့ မူဝါဒတွေ၊ ဥပဒေတွေ အကောင်အထည်ဖော်မယ့် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာအရ အားနည်းတာပေါ့။ ကျွန်တော်တို့က အစိုးရဖွဲ့နေတဲ့အချိန်မှာ တစ်ကယ်တမ်းက ဝန်ကြီးဌာနပဲ ရှိတာ။ အဲဒီဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်မယ့် ယန္တရားက မရှိမှ မရှိတာ။ အဲဒီဥစ္စာတွေကို ကျွန်တော်တို့က အစကနေတည်ဆောက်ရတယ်။ အခက်အခဲကတော့ နေရာတိုင်းမှာ ကျွန်တော်တို့ အခက်အခဲရှိခဲ့တယ်။
အခုချိန်မှာတော့ တတ်နိုင်သလောက်ပေါ့၊ မူနဲ့ လုပ်ထုံးလုပ်နည်းပိုင်းတွေကို တော်လှန်ရေးပိုင်းနဲ့ ကိုက်ညီတဲ့ ပုံသဏ္ဌာန်တွေကို ကျွန်တော်တို့ လုပ်ခဲ့တယ်။ အခုဒီကာလမှာဆိုရင် Review လုပ်ရင်းနဲ့ ပိုပြီးစုစည်းနိုင်မယ့်ပုံစံ ကျွန်တော်တို့နဲနဲပြောင်းတယ်၊ ဒါက မူဝါဒပိုင်း။ လက်တွေ့အကောင် အထည်ဖော်မှု အပိုင်းမှာဆိုရင် အုပ်ချုပ်ရေးကဏ္ဍမှာဆို အထူးသဖြင့် ကျွန်တော့်ဝန်ကြီးဌာနဆိုရင် ရဲတပ်ဖွဲ့ရှိတယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရှိတယ်၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ် အတွက် NUG ဘက်က ဖြည့်ဆည်းပေးရမှာတွေရှိတယ်။ ထိုက်သင့်သလောက်ပဲ ဖြည့်ဆည်းပေးနိုင် တယ်။ လိုအပ်သလောက် ကျွန်တော်တို့ မဖြည့်ဆည်းနိုင်သေးဘူး။ အဲဒီအပိုင်းတွေကို ပြည်သူတွေက သူ့မြို့နယ်အလိုက်သူ ရုန်းကန်ကြိုးစားနေရတာတွေရှိတယ်။ အဲဒီဟာမှာလည်း ကျွန်တော်တို့ အားနည်းချက်ရှိတယ်။
တကယ်တမ်း NUG က သူ့ရဲ့ဝန်ထမ်း ယန္တရားတွေကို အခုချိန်အထိ လစာနဲ့သွားနေတာမဟုတ်ဘူး။ ပညာရေးဝန်ကြီးဌာနဆိုရင် ထောင်ဂဏန်းကို နည်းနည်းနောနောမဟုတ်ဘူးရှိတာ။ ကျွန်တော်တို့က ထောက်ပံ့စရိတ်ပေးတာလောက်လေးပဲရှိတယ်။ တရားရေးလို ဝန်ကြီးဌာနတွေ နေ့စဉ် အလုပ်လုပ်ရ တယ်။ တရားသူကြီးတွေ ဥပဒေအရာရှိတွေဆိုရင်လည်း ကျွန်တော်တို့ လစာပေးထားနိုင်တာ မဟုတ်ဘူး။ ခရီးစရိတ်လောက်ပေးပြီး ဒီ ၄ နှစ်ကို သွားနေရတာ။ တစ်ဘက်မှာလည်း ဒီဝန်ထမ်း ယန္တရားကို ထိန်းကျောင်းရမယ့် အခြေအနေရှိလာတယ်။
ဘယ်မှာက စပြီးအခက်အခဲဖြစ်သလဲဆိုရင်၊ စဉ်းစားကြည့်၊ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ အရေးယူမယ်ဆိုရင် နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ကိုက်ညီတဲ့ ရပိုင်ခွင့်ကိုလည်း NUG မပေးနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ အားလုံး က Volunteer အနေနဲ့ အခြေခံပြီး လုပ်နေကြတာဖြစ်တော့ လက်ရှိ ရှိနေတဲ့ ဥပဒေနဲ့ ထိန်းကျောင်းဖို့ ဆိုတာတောင် ကျွန်တော်တို့မှာ အခက်အခဲရှိတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ အခုဆိုရင် ပြည်သူ့ဝန်ထမ်းဥပဒေဆိုပြီး ဖော်ထုတ်နေတယ်။ ဒီလိုဖော်ထုတ်တယ်ဆိုတာကလည်း ကျွန်တော်တို့ ယန္တရားရဲ့ မှားယွင်းမှုတွေကို ထိန်းကျောင်းဖို့ ကြိုးစားဖော်ထုတ်ရတာပေါ့။ ဒါကြောင့်မို့ အခက်အခဲက အများကြီးရှိတယ်။ တချို့နေရာတွေသည် လုံခြုံရေး၊ ကာကွယ်ရေး စိတ်ချရသေးတဲ့ နယ်မြေတွေ မဟုတ်ဘူး။ မဟုတ်ဘဲနဲ့ တရားရုံးတွေကလည်း မဖြစ်မနေလုပ်ရတယ်။ အချုပ်ခန်းတွေ မဖြစ်မနေ လုပ်ရတယ်။
စစ်ကြောင်းထိုးလာရင် အချုပ်သားတွေရော အကုန်ဆွဲပြေးရတယ်။ အဲဒီလိုဆွဲပြေးရင်းနဲ့ ထွက်ပြေး သွားတဲ့သူတွေလည်းရှိတယ်။ ဒါကို ဝန်ခံတယ်။ အဲဒီကျတော့ ဘာဖြစ်သလဲဆိုရင် ပလဖတွေက မပြည့်မစုံနဲ့ အချုပ်သားတွေကိုလည်း တာဝန်ယူရတယ်။ စစ်ကြောင်းထိုးလာရင်လည်း အဲဒီလူတွေကို ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ လက်ဆွဲပြီးပြေးရတယ်။ အဲဒီတော့ အေးအေး ဆေးဆေးလိုက်လာတဲ့ အချုပ်သားကတော့ ပါလာတယ်။ အခွင့်ကောင်းယူပြီး ထွက်ပြေးတဲ့သူ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့ အခါ ကျွန်တော်တို့က ကိုယ့်ဝန်ထမ်းကို ကိုယ်အရေးယူရတယ် ဆိုတော့ အရမ်းခက်ခဲပါတယ်၊ ခက်ခဲတဲ့ကြားကနေပဲ အကောင်းဆုံးတည်ဆောက်နေရတာပေါ့။ ကျွန်တော်တို့ ခဏတိုင်းပြောတယ်။ တချို့ကလည်း အဲဒါကို နားလည်မှုလွဲကြတယ်။
ကျွန်တော်တို့က မဖြစ်မနေမို့လို့သာ ကြားကာလအုပ်ချုပ်ရေးကို တည်ဆောက်နေရတာ။ ဒါပေမယ့် ကျွန်တော်တို့ပြောနေတဲ့ Good Governance လို့ခေါ်တဲ့ Criteria တွေကို ပြည့်မီတဲ့ အုပ်ချုပ်ရေးဝန် ဆောင်မှုဖြစ်ဖို့ ဒီတော်လှန်ရေးကာလမှာ မလွယ်ဘူး။ ဒါက ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောတာ ။ အရေးကြီးတာက တော်လှန်ရေးမြန်မြန်အောင်ဖို့ပဲ။ တော်လှန်ရေးမြန်မြန်အောင်ရင်တော့ လက်ရှိ ရှိပြီးသား အုပ်ချုပ်ရေးယန္တရားသည် ပြည်သူက ပေါက်ဖွားလာတာဖြစ်တယ်၊ သူတို့မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုတွေ ခိုင်ခိုင်မာမာရှိတယ်ပေါ့။ အဲဒီရလဒ်တွေကို ကိုင်ပြီးတော့ အသွင် ကူးပြောင်းမှုကာလ ရောက်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ပြောင်းလဲမှုဟာ တော်တော်အောင်အောင် မြင်မြင်ဖြစ်လိမ့်မယ်။

မေး ။ ။ ပ သုံးလုံးယန္တရားထဲမှာ အာဏာအလွဲသုံးပြီး ပြည်သူကို ဖိနှိပ်တာတွေကို အရေးယူသွားမှာ လား။
ဖြေ ။ ။ ပြောရရင် အုပ်ချုပ်ရေးယန္တရားကြီးကောင်းအောင် လုပ်ဖို့ဆိုတာက လုံခြုံရေးရော၊ ဘတ်ဂျက်ရော၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် အများကြီးကျွန်တော်တို့ ဖြည့်ရမှာရှိတယ်။ ဒီနေရာက ပြောချင်တာက လိုအပ်ချက်တွေရှိတယ်။ စိန်ခေါ်ချက်တွေလည်း ရှိတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားတယ်။ မှားတာတွေလည်းရှိတယ်။ ရလာတဲ့အခွင့်အရေးအပေါ် အလွဲသုံးစားလုပ်နေတဲ့ ပ သုံးလုံးတွေလည်းရှိတယ်။
ကျွန်တော် ပြောချင် တာက ဒီ ပသုံးလုံးတွေကြောင့်လည်း ဒီနယ်မြေတွေ ထိန်းချုပ်နိုင်တာ။ PDF တစ်ခုတည်းနဲ့ ဒီနယ်မြေ တွေကို မထိန်းချုပ်နိုင်ဘူး။ ဒီ ပသုံးလုံးရဲ့ တော်လှန်ရေးမှာပါဝင်မှုအား အရမ်းကြီးပါတယ်။
ဒီ ပသုံးလုံးထဲမှာ ဆွမ်းဆန်ထဲ ကြက်ချေးရောတဲ့သူတွေလည်းရှိတယ်။ ဒါတွေကို အချိန်မီ ထိန်းကျောင်းနိုင်ဖို့အတွက် တိုင်ကြားစာကော်မတီတွေ ဖွဲ့တယ်။ စိစစ်အရေးယူမှုတွေလုပ်နေတယ်။ သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့အတူ NUG စုပေါင်းရုံးတွေ မြေပြင်မှာထိုင်ပြီးတော့ ခရိုင်တစ်ခုချင်းစီ၊ မြို့နယ်တစ်ခုချင်းစီ လိုက်ကြပ်မတ်ဖို့ လုပ်နေပါတယ်။ အဲဒီဟာတွေအကောင်အထည်ဖော်နိုင်ရင်တော့ ပ သုံးလုံးယန္တရားကို တည့်မတ်မယ့်ကိစ္စတွေ အထိုက်အလျောက်အကောင်အထည်ပေါ်လာနိုင်တယ်။ ဒါပေမယ့် အကောင်းဆုံးပုံစံတော့ ချက်ချင်းတော့ ရောက်ဦးမှာ မဟုတ်ဘူးပေါ့။
ကြုံတိုင်းပြောတယ်၊ ပသုံးလုံးရဲ့တန်ဖိုးတော်လှန်ရေးမှာ အရမ်းကြီးပါတယ်။ ပသုံးလုံးအင်အားစုတွေ ကိုလည်း အမြဲသတိပေးတယ်၊ ခင်ဗျားတို့ထဲမှာရှိနေတဲ့ အာဏာအလွဲသုံးစားလုပ်ချင်တဲ့သူတွေ လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်နေတဲ့သူတွေက ခင်ဗျားတို့ တန်ဖိုးကို ပြန်ဖျက်နေတဲ့သူတွေ ဘယ်သူမှ မဖျက်ဘူး၊ ခင်ဗျားတို့အတွင်းထဲက ဖျက်နေတာ။ ဒါကိုလည်း ကိုယ့်အချင်းချင်း ပြန်လည် ထိန်းကျောင်းတည့်မတ်ဖို့ လုပ်နေပါတယ်။
NUG အနေနဲ့ ရှေ့လျှောက်မှာလည်း အရေးယူစရာရှိတာကို ပြတ်ပြတ်သားသား အရေးယူပါမယ်။ တော်လှန်ရေးမှာပါဝင်လာတဲ့သူဆိုတာနဲ့ ကျွန်တော်တို့က ညှာလို့မရတဲ့ အခြေအနေရောက်လာပြီပေါ့။ ဒါကြောင့် အရေးယူရမယ့်ကိစ္စတွေကိုလည်း ကျွန်တော်တို့ ပြတ်ပြတ် သားသား အရေးယူဆောင်ရွက် ဖို့ ရှိတယ်။
မေး ။ ။ ၂၀၂၅ ခုနှစ်မှာ ဝန်ကြီးတို့အနေနဲ့ ဘာတွေ ဆက်လုပ်သွားမယ်ဆိုတာ ပြောပြလို့ရမလား။
ဖြေ ။ ။ နှစ်သစ်မှာတော့ စစ်ရေးက အစောကတည်းက အစီအစဉ်ရှိထားပြီးသား။ စစ်ရေးအစီအစဉ် ရှိတဲ့အတိုင်းပဲ မဟာမိတ်တွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်ပြီးတော့ စစ်ရေးကိစ္စတွေ ဆက်သွားလိမ့်မယ်။ စစ်ရေးဆိုတာကတော့ အားလုံးသိတဲ့အတိုင်းပဲ တိုက်လိုက်၊ ပြင်ဆင်လိုက်၊ ဆက်တိုက်လိုက် ဒီလိုမျိုးသွားနေတာပေါ့။ အရေးကြီးတဲ့ စစ်ဆင်ရေးတွေ အရှိန်အဟုန်နဲ့ ဆက်ပြီး ပေါ်လာပါလိမ့်မယ်။
နိုင်ငံရေးနဲ့ပတ်သက်ရင်လည်း ကျွန်တော်တို့အားလုံးက ပြည်သူလူထုကို ကျွန်တော်တို့ အခုသွားနေတဲ့ နိုင်ငံရေး ဘုံသဘောထားရပ်တည်ချက်ပေါ့၊ တစ်ခါတလေကျတော့ ဘုံသဘောထားရပ်တည်ချက် ထဲက ဖော်ပြချက်လောက်နဲ့ မလုံလောက်တာတွေရှိတယ်။ ဒီဟာကို ပြည်သူတွေပိုပြီး ကျေကျေညက် ညက် နိုင်ငံရေးအင်အားစုတွေရော၊ ကျွန်တော်တို့ ရှိသမျှ မဟာမိတ် တွေထဲမှာ ရှိတဲ့အင်အားစုတွေ ရော၊ ကျွန်တော်တို့ NUG ယန္တရားထဲမှာရှိတဲ့သူတွေရောကို ပိုမိုရှင်းလင်းတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ရပ်တည်ချက်တွေ ပြောဖို့လိုတယ်။ ခေါင်းဆောင်တွေကိုယ်တိုင်က ထွက်ပြောဖို့ လိုတယ်။
အဲဒီလိုမဟုတ်ဘူးဆိုရင် အခုချိန်က IT ခေတ်လေ၊ အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ၊ ဒီဝေဖန်တဲ့ အသံတွေပဲ အရမ်းဆူညံပြီးတော့ အဖြေက ပြည်သူကျေနပ်လောက်တဲ့ဟာမရှိဘူး၊ ဦးဆောင်နိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေက ရှင်းရှင်းလင်းလင်းချမပြဘူးဆိုရင် ကျွန်တော်တို့ ခေါင်းဆောင်တွေအားလုံးမှာ တာဝန်ရှိတယ်။ ဒီသဘောကို ကျွန်တော်တို့ အချင်းချင်း ကျေကျေ ညက်ညက်ရှိပြီးသား။ ဒါကြောင့် ၂၀၂၅ နှစ်စကတည်းက နိုင်ငံရေးဆိုင်ရာ ကိစ္စရပ် သဘောတူညီမှု တွေ၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ခေါင်းဆောင်တွေကိုယ်တိုင်ကအစ ပြည်သူကို ရှင်းရှင်း လင်းလင်း ပြောဖို့လိုလာတယ်။
အဲဒီအခါမှာ မဟာမိတ်အင်အားစုတွေရဲ့ ပြဿနာက ဘာလဲဆိုရင် ကျွန်တော်တို့က Bottom Up အခြေခံကစပြီး ချည်းကပ်မယ်လို့ ပြောထားတယ်။ ဘာလုပ်လုပ် ကျွန်တော်တို့ တစ်ဖွဲ့တည်းရဲ့ သဘောထားနဲ့ လုပ်မှာ မဟုတ်ဘူးလို့ပြောထားတော့ ကျွန်တော်တို့ကြားထဲ ညှိရတာတွေကတော့ အချိန်ပိုယူရတဲ့သဘောဖြစ်နေတယ်။ သို့သော် တော်လှန်ရေးရေချိန်နဲ့ ကိုက်ညီတဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ သတင်းစကားတွေကို ကျွန်တော်တို့ မဖြစ်မနေ ဆောင်ရွက်ကြရမှာရှိတယ်။
၂၀၂၅ က နိုင်ငံရေးအရလည်း ပိုမိုရှင်းလင်းတဲ့ ရပ်တည်ချက်တွေနဲ့ အစီအမံတွေကို တစ်ဖွဲ့တည်း၊ တစ်စုတည်းရဲ့ သဘောနဲ့မဟုတ်ဘဲ မဟာမိတ်အင်အားစုတွေ စုပေါင်းပြီးတော့ ပြည်သူကို ချပြ ရှင်းလင်းပြီး ဦးဆောင်မှုကောင်းကောင်းသွားမယ့် အနေအထားပေါ်လာပါမယ်။ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်နဲ့ပတ်သက်လို့ နိုင်ငံကို ဘယ်လိုပုံသဏ္ဌာန်တည်ဆောက်မယ် ဆိုတာကိုလည်း မဟာမိတ် အင်အားစုတွေကြားထဲမှာ မတူညီတဲ့ရပ်တည်ချက်တွေရှိနေကြတယ်။ ဒါက အားလုံးပြည်သူတွေက မြင်နေကြတယ်။ ဒါတွေကိုလည်းပဲ အခင်းအကျင်းတစ်ခုထဲမှာ နိုင်ငံရေး သဘောထားကြီးကြီးနဲ့ ဘယ်လိုပုံစံနဲ့ ရှင်းကြမလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းနေတာရှိပါတယ်။
