သတင်း

စစ်ခေါင်းဆောင်ကို ဖိလစ်ပိုင်တရားရုံးတွင် ချင်းတိုင်းရင်းသားတို့ အမှုဖွင့်

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အပေါင်းပါ ၉ ဦးကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲရန် ချင်းတိုင်းရင်းသားများက ဖိလစ်ပိုင်တရားရေးဌာနထံ လျှောက်ထားလိုက်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းပါ ၉ ဦးကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲရန် ချင်းတိုင်းရင်းသားများက ဖိလစ်ပိုင်နိုင်ငံ တရားရေးဌာနထံ လျှောက်ထားလိုက်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights organization CHRO) နှင့် မြန်မာနိုင်ငံ တာဝန်ခံမှုစီမံချက် (Myanmar Accountability Project) အဖွဲ့တို့က ယနေ့ (အောက်တိုဘာ ၂၅) တွင် သတင်းထုတ်ပြန်လိုက်သည်။

တရားလို ချင်းတိုင်းရင်းသား ၅ ဦးတွင် ၂၀၂၁ ခုနှစ်က ချင်းပြည်နယ် ထန်တလန်မြို့တွင် စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သူတို့၏ မိသားစုဝင်များ၊ နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများ ပါဝင်သည်။ လက်ရှိအချိန်တွင် ၎င်းတို့သည် မြန်မာနိုင်ငံပြင်ပတွင် ရှိနေကြသည်။

တရားလိုများက စစ်ခေါင်းဆောင်နှင့် အပေါင်းပါတို့သည် အရပ်သားများကို သတ်ဖြတ်မှု၊ ကိုယ်လက်အင်္ဂါဖြတ်တောက်မှု၊ နေအိမ်ရာနှင့်ချီ မီးရှို့ဖျက်ဆီးမှု၊ ဘုရားကျောင်းများကို ဖျက်ဆီးမှု၊ အကူအညီပေးရေးပစ္စည်းများကို လက်နက်သဖွယ်အသုံးပြုမှု စသည့် လုပ်ရပ်များ ကျူးလွန်ကြောင်း စွပ်စွဲထားကြသည်။

ထိုစွပ်စွဲချက်များအတွက် ဖိလစ်ပိုင်နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အက်ဥပဒေ (Philippines International Humanitarian Act Law) အရ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ချင်းပြည်နယ် ထန်တလန်မြို့တွင် အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းနေစဉ်။ (ဓာတ်ပုံ − ပေးပို့)

ဖိလစ်ပိုင်တွင် တရားစွဲရန် လျှောက်ထားခံရသူများ

ချင်းတိုင်းရင်းသားတို့၏ ဖိလစ်ပိုင်တရားရုံးလျှောက်ထားမှု၏ စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိသူ ၁၀ ဦးစာရင်းတွင်

(၁) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

(၂) စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်

(၃) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်

(၄) အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်

   ( လက်ရှိ – အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး )

(၅) အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ်ဖြိုးသန့်

  ( လက်ရှိ – စကစ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး )

(၆) အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်ရှိတိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်

  ( နမခ တိုင်းမှူးနေရာအတွက် ဗိုလ်ချုပ်ဖြိုးသန့်ထံမှ ဆက်ခံသူ)

(၇) အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်

(၈) ချင်းပြည်နယ် ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း

(၉) အမှတ် ၂၆၉ ခြေလျင်တပ်ရင်း၏တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးဇင်ထွန်း

(၁၀) အမှတ် ၂၂၂ ခြေမြန်တပ်ရင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူး နေမျိုးဦးတို့ ပါဝင်သည်။

စစ်ရာဇဝတ်မှုစွပ်စွဲချက်များဖြင့် ဖိလစ်ပိုင်တွင် တိုင်ကြားခံရထားရသည့် စစ်ကောင်စီခန့် ချင်းဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် (စစ်ဝတ်စုံဖြင့်)

လျှောက်ထားခံရသူများထဲမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း၊ အမှတ် ၂၆၉ ခြေလျင်တပ်ရင်း၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးဇင်ထွန်း၊ အမှတ် ၂၂၂ ခြေမြန်တပ်ရင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူး နေမျိုးဦးတို့သည် ထန်တလန်စစ်ဆင်ရေးတွင် မြေပြင်တပ်များကို အဓိက ညွှန်ကြားကြီးကြပ်ခဲ့ကြသူများဟုလည်း တရားရုံးကို တင်သွင်းသည့် မှတ်တမ်းများတွင် ဖော်ပြထားသည်။

စစ်ရာဇဝတ်မှုစွပ်စွဲချက်များဖြင့် ဖိလစ်ပိုင်တွင် တိုင်ကြားခံရထားရသည့် အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် (စစ်ဝတ်စုံဖြင့်)

ထို့ပြင် စစ်သား ၆၂ ယောက်ကို ဦးဆောင်သည့် ဗိုလ်ကြီးမျိုးဝင်း၊ စစ်သား ၁၇ ဦးကို ဦးဆောင်သည့် ဗိုလ်ကြီးမျိုးသိန်းထူး တို့သည်လည်း ထန်တလန်စစ်ဆင်ရေးတွင် စစ်ကောင်စီ၏ မြေပြင်တပ် အရာရှိများဖြစ်ကြကြောင်း ဖော်ပြထားသည်။ 

သို့သော်လည်း တရားစွဲရန် တောင်းဆိုခံရသူစာရင်းတွင် ထိုအရာရှိငယ်နှစ်ဦး၏ အမည်များ မပါဝင်ပါ။

စစ်ရာဇဝတ်မှုစွပ်စွဲချက်များဖြင့် ဖိလစ်ပိုင်တွင် တိုင်ကြားခံထားရသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ်ဖြိုးသန့်
စစ်ရာဇဝတ်မှုစွပ်စွဲချက်များဖြင့် ဖိလစ်ပိုင်တွင် တိုင်ကြားခံထားရသည့်  
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်ရှိ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်

ထန်တလန်မြို့ စစ်ရာဇဝတ်မှုများ 

မြို့အဝင်ဆိုင်းဘုတ်တွင် ရေးသားထားသည့် “မချမ်းသာသော်လည်း ပျော်ပါသည် / Not rich but happy” ဆိုသည့် စာသားအတိုင်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် ရှိ၍ ချင်းပြည်နယ်၊ ဟားခါးခရိုင်ထဲမှ ထန်တလန်မြို့သည် အာဏာမသိမ်းခင်အထိ မြန်မာနိုင်ငံ၏ အသန့်ရှင်းဆုံးနှင့် အသာယာဆုံး မြို့တစ်မြို့ဖြစ်သည်။

လူဦးရေ ငါးသောင်းကျော်သာရှိသည့် မြို့ငယ်လေးသည် အရှေ့ဘက်တွင် ဟားခါးမြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် (၇၄) မိုင်၊ တောင်ဘက်တွင် မတူပီမြို့နယ်နှင့် (၄၆)မိုင်၊ မြောက်ဘက်တွင် ဖလမ်းမြို့နယ်နှင့် (၂၈) မိုင် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှ အခြားသောမြို့များနည်းတူ ထန်တလန်မှ ဒေသခံတချို့သည်လည်း ဒေသကာကွယ်ရေးတပ် PDF များ ဖွဲ့ကာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။

တောင်တန်းဒေသ ချင်းပြည်နယ်ရှိ ထန်တလန်မြို့ကို ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာမသိမ်းမီ တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

စစ်ကောင်စီက PDF ကို ဆင်နွှဲသည့် စစ်ဆင်ရေးဟု အကြောင်းပြကာ ထန်တလန်မြို့လုံးကျွတ်နီးပါးကို စက်တင်ဘာလလယ်ပိုင်းမှစ၍ မီးရှို့ဖျက်ဆီးကာ ဒေသခံ အရပ်သားများကိုလည်း ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ထန်တလန်မြို့ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၄၀) ကျော် ပြုလုပ်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ကို ကိုးကားပြီး RFA မြန်မာပိုင်းသတင်းဌာနက  မေလအတွင်းက ရေးသားသည်။

ဖိလစ်ပိုင်တရားရုံးထံ ချင်းတိုင်းရင်းသား တရားလိုများ တင်သွင်းသည့် သက်သေအထောက်အထားများတွင် စစ်ကောင်စီက ထန်တလန်ရှိ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ၊ တရားလိုတစ်ဦး၏ တူဖြစ်သူ သင်းအုပ်ဆရာကို သတ်ဖြတ်ခြင်း အပါအဝင် အခြားသော စစ်ရာဇဝတ်မှုနှင့် သက်ဆိုင်ကြောင်း စွပ်စွဲထားသည့် ဓာတ်ပုံအထောက်အထားများ ပါရှိသည်။

စစ်ရာဇဝတ်မှုစွပ်စွဲချက်များဖြင့် ဖိလစ်ပိုင်တွင် တိုင်ကြားခံရထားရသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် (ပြောက်ကျားစစ်ဝတ်စုံဖြင့်)

ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် မြန်မာနိုင်ငံ တာဝန်ခံမှုစီမံချက်အဖွဲ့၏ အဆိုအရ ၂၀၂၁ မှစတင်ပြီး ထန်တလန်အပါအဝင် ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၀၀၀ ကျော် ဖျက်ဆီးခံရပြီး၊ လူဦးရေ ၂၅၀ ကျော် သတ်ဖြတ်ခံရကာ လူဦးရေ ၆၀,၀၀၀ နီးပါးအိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီကို တရားစွဲဆိုရန် ကြိုးပမ်းမှုမှတစ်ဆင့် တရားမျှတမှု ထွက်ပေါ်လာရန် မျှော်လင့်သည်ဟု နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် အသက် ၃၀ ဝန်းကျင်အရွယ် ထန်တလန်မြို့ခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။ 

“ဒီဟာကို ကျူးလွန်တဲ့သူအားလုံး သက်ရောက်စေချင်တယ်။ အာဆီယံနိုင်ငံထဲမှာ ဒီလို တရားစွဲဆိုနိုင်ရင် နိုင်ငံတကာဖိအားအနေနဲ့ အများကြီး ခံစားရမယ်လို့ ထင်တယ်။ ဒီထက်ပိုပြီး ပြင်းထန်တဲ့ ဖိအားတွေလည်း ခံစားစေချင်တယ်။ သူတို့စိုက်တဲ့အတိုင်း ပြန်ရိတ်သိမ်းစေချင်တယ်” ဟု အထက်ပါ မြို့ခံက ဆိုသည်။  

၎င်းသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်ထားသူဖြစ်ပြီး လက်ရှိတွင် စစ်ရှောင်ကူညီရေး ဆောင်ရွက်ပေးလျက်ရှိသည်။

စစ်ရာဇဝတ်မှုစွပ်စွဲချက်များဖြင့် ဖိလစ်ပိုင်တွင် တိုင်ကြားခံရထားရသည့် ချင်းပြည်နယ် ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း (စစ်ဝတ်စုံဖြင့်)

နိုင်ငံတကာတရားရုံးများရောက် စစ်ကောင်စီအမှုတွဲများ

မြန်မာနိုင်ငံအတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ICJ ခေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၊ တူရကီ၊ အာဂျင်တီးနားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တရားရုံးများတွင် အမှုဖွင့်ထားသဖြင့် ထိုတရားရုံးတို့က စုံစမ်းစစ်ဆေးနေရာ ချင်းတိုင်းရင်းသားတို့က စွဲဆိုသည့်အမှုကို ဖိလစ်ပိုင်တရားရုံးက လက်ခံခဲ့ပါက စစ်ဗိုလ်ချုပ်များအတွက် နိုင်ငံပြင်ပတွင် တရားစွဲခံရသည့် ပဉ္စမမြောက်အမှုဖြစ်လာမည်ဖြစ်သည်။

ICJ နှင့် အာဂျင်တီးနားတို့တွင် တိုင်ကြားထားသည့် အမှုများသည် ၂၀၁၂ နှင့် ၂၀၁၈ ခုနှစ်အကြား ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်များကို အဓိက ဦးတည်ထားသည်။

တူရကီ၊ အင်ဒိုနီးရှားနှင့် ယခုတစ်ကြိမ် ဖိလစ်ပိုင်တရားရုံးများထံ တိုင်ကြားသည့် အမှုက အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ဖြစ်သည်။

ချင်းပြည်နယ် ထန်တလန်မြို့ အပျက်အစီးများကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – Tial Hram Ling

တရားရုံးများက တိုင်ကြားမှုများကို ကြားနာ စစ်ဆေးနေပြီး ချင်းတိုင်းရင်းသားတို့၏ ထိုတိုင်ကြားမှုကို ဖိလစ်ပိုင်တရားရုံးက မည်ကဲ့သို့ ဆုံးဖြတ်မည်ကို မသိရှိရသေးပါ။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း – အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် တာဝန်ယူမည်ဖြစ်သည်။ ထိုအာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာသည် ပုံမှန်အားဖြင့် မြန်မာက တာဝန်ယူရမည်ဖြစ်သော်လည်း ဖယ်ကြဉ်ခံထားရသည့် စစ်ကောင်စီက ဖိလစ်ပိုင်ထံ လွှဲပြောင်းပေးထားခြင်းဖြစ်သည်။

အာဏာသိမ်းပြီး ဝန်ကြီးချုပ်အဖြစ် ကြေညာထားသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံက ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်ကို ကန့်သတ်ထားသော်လည်း စစ်ကောင်စီအဖွဲ့ဝင်များကိုမူ ဆက်စပ်အစည်းအဝေးများ တက်ရောက်ခွင့်ပြုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button