သတင်း

တောင်သာ ပျူခေါင်းဆောင်အိမ်ကို PDF စီးနင်းတိုက်ခိုက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပျူစောထီးခေါင်းဆောင်တစ်ဦး၏ နေအိမ်ကို တိုက်ခိုက်ရာ ၁ ဦး သေဆုံး၊ သေနတ် ၆ လက် ရခဲ့သည်ဟု PDF က ပြောသည်။

နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ တောင်သာမြို့နယ် တမိုက်သာရွာတွင် အာဏာသိမ်းစစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ကျေးရွာပျူစောထီးခေါင်းဆောင်ဆိုသူ၏အိမ်ကို ယနေ့ (နိုဝင်ဘာ၂၉) နေ့လယ်ပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီး လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းခဲ့ကြောင်း မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၃ ထံမှ သိရသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ထိုရွာကို စီးနင်းစဉ် ပြည်သူ့စစ် ခေါ် ပျူစောထီး ခေါင်းဆောင်ဖြစ်သူနှင့် အဖွဲ့ဝင်များ ထွက်ပြေးသွားကြသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြင်းခြံခရိုင် PDF အမှတ် ၃ တပ်ရင်း၏ တပ်ရင်းမှူး ကိုဝမ်းမိုးက ပြောသည်။

ထိုစီးနင်းမှုအတွင်း ပြန်လည်ခုခံသူတစ်ဦးကို ပစ်သတ်ပြီး ခြောက်လုံးပြူးအပါအဝင် သေနတ် ၆ လက်၊ ကျည်ဆန် အတောင့် ၁၃၀ ၊ ကျည်ကာနှင့် စကားပြောစက်ကို သိမ်းဆည်းခဲ့ကြောင်း ၎င်းက ပြောသည်။

“စစ်ကောင်စီဆိုတာက နေရာတိုင်းမှာ သိပ်ရှိတာမဟုတ်ဘူး။ ပျူဒလန်တွေ စိုးမိုးပြီးတော့ ကုပ်သွေးစုပ်‌နေလို့သာလျှင် ကျွန်တော်တို့ပြည်သူတွေ ခံနေရတာ။ အဲ့ဒီတော့ ကျွန်တော်တို့က ငြိမ်ခံနေမှာ မဟုတ်ဘူး။ သုတ်သင်ရှင်းလင်းသွားမယ်။ မြို့နယ်အလိုက်၊ ခရိုင်အလိုက် ကြေညာချက်တွေ ထုတ်ပြီသားပါ” ဟု သူက ဆိုသည်။

တောင်သာမြို့နယ် တိုက်နယ်ရဲစခန်းတစ်ခုနှင့် နီးပြီး လုံခြုံရေးတင်းကျပ်သည့်ကြားမှ ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီး ထိုဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေရှုပ်နေကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၁ နှစ်ဆန်းပိုင်းတွင် စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူတို့ကို သတ်ဖြတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။ စစ်မျက်နှာများစွာ ဖွင့်ထားရခြင်း၊ စစ်သားစုဆောင်းရ ပိုမိုခက်ခဲလာခြင်းတို့နှင့် ရင်ဆိုင်ရသည့် စစ်ကောင်စီက အရပ်သားလက်နက်ကိုင် ပျူစောထီးအဖွဲ့များ ဖွဲ့ထားရာ တောင်သာမြို့သည် ဗိုလ်ချုပ်ကြီးများ အားကိုးရသည့် နယ်မြေတစ်ခု ဖြစ်လာသည်။

တောင်သာ၊ တမိုက်သာရွာ ပျူစောထီးခေါင်းဆောင်နေအိမ်မှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်များ (ဓာတ်ပုံ – ပေးပို့)

တောင်သာနယ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ကွယ်လွန်သူ ဦးအောင်သောင်း၏ မွေးရပ်ဇာတိမြေဖြစ်သည်။ ဦးအောင်သောင်း၏သား ဗိုလ်ချုပ်ကြီးမိုးအောင်ကို အာဏာသိမ်းခေါင်းဆောင်က ရေတပ်အကြီးအကဲအဖြစ် ခန့်အပ်ထားသည်။

တောင်သာတွင် ပျူစောထီးအားကောင်းသော ရွာများရှိသလို စစ်ကောင်စီတပ် တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ထားသည့် မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မြင်းခြံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည်။

ဤအခြေအနေတွင် လက်နက်ကိုင်ခုခံတော်လှန်ရန် အခက်အခဲရှိသော်လည်း ကာကွယ်ရေးအဖွဲ့များက ရသည့်နည်းဖြင့် ထိုးဖောက်တိုက်ခိုက်နေသည်။

တောင်သာတွင် စစ်ကောင်စီကလည်း လုံခြုံရေးစိုးမိုးနိုင်ရန် ကြိုးစားနေပြီး PDF တပ်ဖွဲ့ဝင်များ မခိုအောင်းနိုင်ရန်ဟုဆိုကာ တောတောင်စိုက်ပျိုးမြေများတွင် ညအိပ်ညနေ နေထိုင်ခွင့်ပိတ်ထားသည်၊ တောတိုက်နယ်ဟု ခေါ်သည့်၊ အမည်ပေါက်ရွာမဟုတ်သည့် နေရာများတွင် နေထိုင်သူများကိုလည်း အတင်းအကျပ် မောင်းထုတ်နေသည်။

သြဂုတ်လ ၂၀ မှစတင်ကာ တောတိုက်နယ်များရှိ လူနေအိမ်များကို အတင်းအကျပ် ဖယ်ရှားနေပြီး မည်သူ့ကိုမဆို စိုက်ပျိုးမြေနှင့် တောတောင်များထဲ ညပိုင်းတွေ့လျှင် ပစ်သတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ အမည်မဖော်လိုသည့် တာဝန်ရှိသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

တောင်သာ၊ တမိုက်သာရွာ ပျူစောထီးခေါင်းဆောင်နေအိမ်မှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်များ (ဓာတ်ပုံ – ပေးပို့)

မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၇၇ ခုနှင့် ကျေးရွာပေါင်း ၂၅၀ ခန့်​ရှိသည့် တောင်သာမြို့နယ်တွင် ဘိုးဘွားစဉ်ဆက် တောတောင်ထဲ အခြေချနေထိုင်သူ အများအပြားရှိကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေချိန် တောင်သာအပါအဝင် နိုင်ငံအလယ်ပိုင်းတွင်လည်း အာဏာသိမ်းစစ်တပ်ကို ထိုးဖောက်တိုက်ခိုက်နေရာ ဗုံးသီးချခြင်း၊ မိုင်းဆွဲခြင်းနှင့် ရင်ဆိုင်တိုက်ပွဲများ ဆက်ရှိနေကြောင်း မြင်းခြံခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

Show More

Related Articles

Back to top button