သတင်း

တနင်္သာရီတိုင်း တော်လှန်ရေးရဲဘော် ၂ ဦးကို လောင်းလုံး ပကဖ ဖမ်းဆီးထား

တနင်္သာရီတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG / MOD) လက်အောက်ခံ တပ်ဖွဲ့များသည် တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း ပြန်လည်ဖမ်းဆီးမှုအတွက် တင်းမာမှုတချို့ ဖြစ်ပေါ်နေသည်။

တော်လှန်ရေးသမား နှစ်ဦးကို လောင်းလုံး (ပကဖ) က ပြီးခဲ့သည့် တနင်္လာနေ့က ဖမ်းဆီးခဲ့သည့်အတွက် ညှိနှိုင်းမှုများ ပြုလုပ်နေရကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

အဖမ်းခံရသူတို့မှာ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ အသက် ၂၆ နှစ်အရွယ် ရဲဘော်သားကြီး၊ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – လောင်းလုံး (ပကဖ) လက်အောက်ခံ ဝံပုလွေတပ်စု အဖွဲ့ဝင် အသက် ၂၄ အရွယ် ရဲဘော်ရေခဲတို့ ဖြစ်သည်။

ထိုနှစ်ဦးကို လောင်းလုံမြို့နယ် သဗျာကျေးရွာအထွက်တွင် လောင်းလုံး (ပကဖ) က ဖမ်းဆီးသွားခဲ့ကြောင်း ထားဝယ်ခရိုင် (PDF) တပ်ရင်း ၂ တာဝန်ခံ စောမောင်ထူးက Myanmar Now ကို ပြောသည်။

ဖမ်းဆီးသူများကို ကယ်ယူရန် ထိုနေ့ညဘက် ၇ နာရီခန့်တွင် လောင်းလုံး (ပကဖ) အခြေစိုက်ရာ ပဉ္စသီမော်ကျေးရွာသို့ သွားရောက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များကို လောင်းလုံး (ပကဖ) က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု စောမောင်ထူးကဆိုသည်။

“ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတဲ့ အခါကျတော့ လောင်းလုံမြို့နယ် (ပကဖ) ဘက်က ဒုတာဝန်ခံ မမကြီးက ဒီပြသနာတွေ ဖြေရှင်းပြီးမှပဲ ပြန်လွှတ်ပေးမယ်လို့ အကြောင်းပြန်ထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ တိုင်းစစ်ဌာန တနင်္သာရီကိုရော၊ တောင်းပိုင်းက လူကြီးတွေကိုရော ပို့ထားတာရှိပါတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံးခုခံကြသူများထဲတွင် ပါဝင်သည့် လောင်းလုံမြို့နယ် ဒေသခံတချို့က ဩဂုတ် ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် လမ်းပေါ်ထွက် ချီတက်ပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။ (ဓာတ်ပုံ – DDMSC)

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအရ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းဟု စစ်တိုင်း ငါးခုခွဲထားပြီး ယခုသတင်းတွင် ပါရှိသည့် မကျေလည်မှုများဖြစ်ပွားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ အားလုံးသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် ရှိသည်။

ထားဝယ်ခရိုင် (PDF) တပ်ရင်း ၂ သည် ထားဝယ်၊ လောင်းလုံနှင့် သရက်ချောင်းမြို့နယ်တို့တွင် အခြေစိုက်လှုပ်ရှားနေပြီး လောင်းလုံး (ပကဖ) ဘက်က ၎င်းတို့ နယ်မြေအတွင်းတွင် လှုပ်ရှားသည့်အပေါ် မကျေနပ်၍ ဖမ်းဆီးထားခြင်းဟု ယူဆကြောင်း စောမောင်ထူးက ဆက်ပြောသည်။

“အဓိကကတော့ လက်နက်အားကိုးပြီးတော့ ဗိုလ်ကျချင်တဲ့ စိတ်ဓာတ်ပေါ့နော်။ ကျွန်တော်တို့ လှုပ်ရှားတဲ့ အချိန်မှာ ဘယ်နေရာ သွားရမယ်၊ ဘယ်နေရာ မသွားရဘူးဆိုတဲ့ အဲ့ဒီလို အုပ်စိုး၊ လွှမ်းမိုးချင်တဲ့ စိတ်ပေါ့” ဟု ၎င်းက ပြောသည်။

လောင်းလုံမြို့နယ် (ပကဖ) ခေါင်းဆောင် နဂါးမင်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားသော်လည်း ဖမ်းဆီးထားခြင်း ရှိမရှိကို မဖြေကြားပေ။

ထားဝယ်ခရိုင် PDF နှင့် လောင်းလုံးမြို့နယ် (ပကဖ) တို့အကြား ဖြစ်ပွားနေသည့် အငြင်းပွားမှုကို ဖြေရှင်းနိုင်ရန် ကြိုးစားနေကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် (ပကဖ) တာဝန်ခံ ရဲဘော် ဇီဝကက ပြောသည်။ ထိုဖြစ်ရပ်သည် တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့ကြား နားလည်မှု လွဲမှားခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“(လောင်းလုံး-ပကဖ က) သူတို့နယ်မြေထဲကို ရောက်လာလို့ ခေါ်ထားတဲ့ အနေအထားများပဲ ရှိပါသေးတယ်။ သူတို့ စစ်ဆင်ရေးတာဝန်ခံဆီကို Report လုပ်ထားတာ (အကြောင်းကြားထားတာ) ရှိပါတယ်။ ဒီဘက်ကတော့ ညှိနှိုင်းမှုတွေ လုပ်နေတာတော့ ရှိတယ်။ ဆုံးဖြတ်ချက်လည်း မချရသေးပါဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာ ၂၂ က လောင်းလုံး (ပကဖ) အဖွဲ့ဝင် ရဲဘော် ခြောက်ဦး စခန်းမှ ထွက်ပြေးသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

Show More

Related Articles

Back to top button